အာဏာသိမ်း စစ်ကောင်စီက ဇူလိုင်လအတွင်း ရောက်လာသော တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော်ကို ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ဦးစားပေးအဆင့်လိုက် ထိုးပေးရန် စီစဉ်နေကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးပေးရာတွင် ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် လူကြီး ပိုင်းများ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများနှင့် အ ကျဉ်းထောင်တွင်းရှိ အချုပ်သား၊ အကျဉ်းသားများ စသည်ဖြင့် ဆေးရရှိမှုအပေါ် မူတည်ပြီး အဆင့်လိုက် ဦးစားပေး သွားမည် ဖြစ်ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၂၉ ရက်) မှ စတင်ကာ စစ်ကောင်စီက ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ် သား ၆၁၀ ဦးနှင့် နေပြည်တော် အချုပ်ထောင်မှ ၃၆၀ ဦးတို့ကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးခဲ့ပြီး ကျန်ရှိသူများကို ယနေ့ ဆက်လက် ထိုးပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ပြောဆိုထားသည်။
စစ်ကောင်စီသည် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်နေ့အတွင်း တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၂ သန်းနှင့် ဝယ်ယူထားသည့် Sinovac ဆေး ၁ သန်း စုစုပေါင်း ကာကွယ်ဆေး ၃ သန်းကို လက်ခံရရှိ ထားခြင်း ဖြစ်သည်။
ဒေါက်တာခင်ခင်ကြီးက “ တရုတ်နိုင်ငံက ပေးတာ ၂ သန်း၊ ကျမတို့ ဝယ်တာက ၄ သန်း ဖြစ်ပါတယ်။ အဲဒီ ၄ သန်းထဲက ၁ သန်း ရောက်ပါပြီ။ အဲဒီဆေးတွေက တရုတ်နိုင်ငံအစိုးရက ထုတ်ထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိ အမှတ် ပြုထားသောဆေးတွေ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း အဆိုပါ ကိုဗစ်ကာကွယ်ဆေး ၃ သန်းထဲမှ ကာကွယ်ဆေး ၉၀,၀၀၀ ကျော် ရရှိထားပြီးဖြစ်ရာ မကြာမီ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီဝင် ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးထိုးရန် ပြင်ဆင်နေသော်လည်း ပြည်သူများကြား မယုံကြည်မှုများ ဖြစ် ပေါ်နေသလို တကယ့်မြေပြင် အခြေအနေတွင်လည်း ကိုဗစ်ကြောင့် သေဆုံးမှု မြင့်တက်နေခြင်း၊ ဆေးရုံတွင် ဆရာဝန် မလုံလောက်ခြင်း၊ ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် အလုံအလောက် မရရှိခြင်းတို့လည်း ကြုံတွေ့နေရသည်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှ ဦးအောင်လွင်လတ်က “ကျနော်တို့ ပြည်သူတွေက ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်း အတွေ့အကြုံ ရှိပြီးသား။ ခု တတိယလှိုင်းမှာ သေဆုံးမှု မြင့်တက်လာတာက အာဏာသိမ်းအစိုးရက သူတို့ ဘာမှ ကြိုတင် ပြင်ဆင်တာ မလုပ်ခဲ့ဘူး။ အခုထိလည်း စီမံခန့်ခွဲမှု မလုပ်နိုင်ဘူး။ အဲဒီအတွက်ကြောင့် ကူးစက်မှု ပိုများလာတာလို့ပဲ ယူဆ တယ်” ဟု ပြောသည်။
ထို့ပြင် ကာကွယ်ဆေးထိုးပြီးသား သူများတွင်လည်း ပိုထပ်မံတွေ့ရှိသည့်အတွက် တရုတ်ကိုဗစ်ကာကွယ်ဆေးအပေါ် သံသ ယရှိနေသလို စစ်ကောင်စီ၏ ကာကွယ်ဆေးထိုးရေး အစီအစဉ်ကိုလည်း ပြည်သူများ အနေဖြင့် ယုံကြည်မှု နည်းနေသည် ဟုလည်း ၎င်းက ဆိုသည်။
ပလက်ဝမြို့ခံ ကိုဘုထန်ပိုင်က “ကိုဗစ်ကာကွယ်ဆေးဆိုတာ ဘယ်လိုနေမှန်းတောင် ကျနော်တို့ မသိဘူး။ ကျနော်တို့ ထိုး လည်း မထိုးရဘူး။ ဆေးထိုးပြီးသား ဆရာဝန်၊ သူနာပြုတွေလည်း ပိုးကူးနေတာပါလေ။ ဒါပေမယ့် ဆေးလာထိုးပေးမယ် ဆိုရင်တော့ လူတိုင်းက သေမှာကြောက်တဲ့အတွက် ထိုးချင်လည်း ထိုးဖြစ်မယ်ထင်တာပဲ” ဟု ပြောသည်။
ကိုဗစ်တတိယလှိုင်းတွင် ပိုးကူးစက်သူ ၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၄၀ ကျော် ရှိပြီဖြစ်သည့် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် မှ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ယဉ်က ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်သက်၍ “အခု ထိုးပေးမယ်ဆိုတဲ့ ကို ဗစ်ကာကွယ်ဆေးက ကျနော်တို့ဆီကိုတော့ မရောက်သေးဘူး။ ပြည်သူတွေကို ပြောချင်တာက ကိုဗစ်ကာကွယ်ဆေး ထိုး ပြီးရင်လည်း ပိုးတွေ့တာပဲ ဆိုတာက အယူအဆ မှားတာပါ။ ကျနော်တို့ဆီကလည်း ဆေးထိုးပြီးသား ဆရာမတွေ ပိုးတွေ့ တာပါပဲ။ ဒါပေမယ့် သူတို့ ဆေးရုံကို မတင်လိုက်ရဘူး။ ဆိုလိုတာက ကာကွယ်ဆေး ထိုးပြီးသား လူတွေက ပိုးတွေ့ပေ မယ့် ပြင်းထန်တဲ့ရောဂါ မဖြစ်ဘူး။ သေဆုံးတဲ့ရာနှုန်း မရှိသလောက်ပဲ” ဟု ရှင်းပြသည်။
ဒေါက်တာခင်ခင်ကြီးကလည်း လက်ရှိ ကိုဗစ်ကြောင့် သေဆုံးသူများထဲတွင် ကာကွယ်ဆေး ထိုးပြီးသူများ ပါဝင်မှု ရှိမရှိ ကို သုတေသန ပြုထားမှု မရှိသော်လည်း ကာကွယ်ဆေး ထိုးထားသူများ အနေဖြင့် ကိုဗစ်ရောဂါကို ၉၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင် နှုန်းအထိ ကာကွယ်နိုင်သည်ဟု ဆိုသည်။
၎င်းက “WHO ပြောထားတာ ရှိပါတယ်။ ကာကွယ်ဆေးတွေကို ထိုးထားလို့ရှိရင် ၁၀၀ ရာခိုင်နှုန်း သေဆုံးမှုကနေ ကာ ကွယ်တယ်လို့ မပြောပါဘူး။ ဘာကိုဆိုလိုတာလဲဆိုရင် ကိုဗစ်ကာကွယ်ဆေးဟာ မသေဆေး မဟုတ်ပါဘူး။ အဲဒါဆိုရင် ရှင်း တယ် ထင်ပါတယ်။ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးတော့ ကိုဗစ်ပိုး ကူးစက်ခံရတယ်ဆိုပေမယ့် သူရဲ့ နဂိုမူရင်း ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ် ဆေးနေရတဲ့သူတွေ အဲဒီလို နဂိုရောဂါ ဂိတ်ဆုံးတက်ပြီး ပြင်းထန်တဲ့လူတွေ သူ့ရော ဂါကြောင့် သေနိုင်ပါတယ်။ ဒါလေးကို သဘောပေါက်စေချင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်ထိုးနှံပေးခဲ့ရာ အိန္ဒိယနိုင်ငံထုတ် ကာ ကွယ်ဆေး ၃ ဒဿမ ၅ သန်းနှင့် တရုတ်က လှူဒါန်းသည့် ကာကွယ်ဆေး ၃ သိန်းတို့အား ထိုးနှံပေးပြီးခဲ့ပြီ ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ဆိုသည်။
ယခု ကာကွယ်ဆေး ထိုးမည့်သူများထဲတွင် ယခင်ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးထားသူများ မပါသလို လက်ရှိ ကိုဗစ် သံသယလူနာများ၊ ဖျားနေသည့် လူနာများနှင့် ပိုးတွေ့ပြီး ၆ လ မပြည့်သေးသူများ မပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တွေ့ရှိသည့် ကိုဗစ်ပိုး မျိုးရိုးဗီဇမှာ အိန္ဒိယမှ စတင်တွေ့ရှိသည့် ဒယ်လ်တာ၊ ဗြိတိန်နိုင်ငံတွင် စတင်တွေ့ရှိသည့် အယ်ဖာ၊ တောင်အာဖရိကနိုင်ငံတွင် စတင်တွေ့ရှိသည့် ဗီတာ စသည့် ကိုဗစ်ပိုး ၃ မျိုးကို တွေ့ရှိရပြီး ယင်းတို့အနက် အိန္ဒိယမှ စတင်တွေ့ရှိသည့် ဒယ်လ်တာ ပိုးအမျိုးအစားမှာ ကူးစက်မှု အမြန်ဆုံးနှင့် အပြင်းထန်ဆုံး ဖြစ် ကြောင်း သိရသည်။
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ
မြန်မာနယ်စပ် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေ