ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၏ စစ်ကောင်စီ နယ်မြေခံတပ်ရင်း တခုဖြစ်သော ခြေလျင်တပ်ရင်း၊ ခလရ ၅၈ ကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) က ယမန်နေ့ ညပိုင်းတွင် လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု ကြား အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲသည် ဝိုင်းမော်မြို့အနီး၊ မဒိန်ကျေးရွာ ပတ်ဝန်းကျင်တွင် ဇူလိုင် ၂၉ ရက် ည ၁၀ နာရီခွဲခန့် အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဝိုင်းမော် ၅၈ တပ်ရင်းကို KIA တပ်ရင်း ၃ ဘက်ကနေ လာပြီးပစ်လို့ တိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်။ အပြန်အလှန် လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ စစ်ကောင်စီ ဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်ဆံက ရွာဘက်ကိုကျလို့ ရွာသား ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းကတော့ နယ်ဘက်က ထွက်ပါတယ်။ ကျနော်တို့ တပ်ပိုင်းဆိုင်ရာကတော့ အောင်ပွဲခံတာတွေ၊ ကျဆုံးတာတွေ အခုထက်ထိ ကျနော် တို့ဆီမှာ မရှိသေးပါဘူး။ အခြေအနေက အဲဒီလိုပါ” ဟု ပြောသည်။
KIA ဘက်က သွားရောက် တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ ခလရ ၅၈ တပ်သည် ဝိုင်းမော်မြို့ ပတ်ဝန်းကျင်တွင် အခြေ စိုက်လှုပ်ရှားပြီး မဒိန်ကျေးရွာအတွင်း၌လည်း လှုပ်ရှားသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် မဒိန်ကျေးရွာသည် ဝိုင်းမော် မြို့ဧရိယာနှင့် နယ်မြေချင်း ဆက်စပ်နေသည့် ကျေးရွာဖြစ်ပြီး ဝိုင်းမော် မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် အမှတ် (၂) နှင့် အမှတ် (၃) ရပ်ကွက်သည် မဒိန်ကျေးရွာ ဧရိယာနှင့် နယ်မြေချင်း ထိစပ် လျက် တည်ရှိသည်။
စစ်ကောင်စီတပ်ကို သွားတိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “အခုချိန်မှာ စစ်ကောင်စီကို ခုခံနေတဲ့ ကာလဆိုတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ရန်သူရဲ့စစ်တပ်ကို ပစ်တာကတော့ သိပ်ပြီး တခြားအကြောင်းအရာတွေ ရှိ မယ်လို့ ကျနော် မထင်ပါဘူး။ အခုလောလောဆယ် စစ်ကောင်စီဘက်က ကချင်ပြည်နယ်ဘက်မှာ စစ်အင်အားတွေ တိုး ထားတာတွေ တွေ့ရတယ်။ စက်လက်နက်ပစ္စည်းတွေ၊ ရိက္ခာတွေ တော်တော်များများ စုထားတယ်။ သူတို့ဘက်က စစ် ဆင်ရေးများ လုပ်မလားပေါ့။ ကျနော်တို့ဘက်ကလည်း ကြိုတင်ပြီး အနှောင့်အယှက်ကတော့ ပေးရတာပေါ့” ဟု ဆိုသည်။
ယမန်နေ့ ညက KIA ဘက်မှ လာရောက်ပစ်ခတ် တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်ကလည်း ပြန်ပစ်ခတ်ရာ တန်ဘောင်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျည် ၁ လုံးကျပေါက်ကွဲပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ ၎င်းတို့ ၂ ဦးအနက် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံ အမျိုးသမီးတဦးက “ဆုံးသွားတဲ့သူက ဝိုင်းမော်မြို့ပေါ် ရပ်ကွက်ထဲကပဲ။ သူက အလုပ်ရုံမှာ ရှိနေတာ။ သူတို့ အလုပ်ရုံထဲ လက်နက်ကြီးကျလို့ ထိပြီး တခါတည်း ဆုံးသွားတာပဲ။ ဒီမှာတော့ မနေ့ညက ပစ်ကြခတ်ကြတယ်။ ပြီးတော့ ညကတည်းက ငြိမ်သွားလိုက်တာ အခုထိတော့ ဘာမှ ထပ်မကြားရတော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်ကလည်း KIA သည် ဗလမင်းထင်တံတားအနီး ဝိုင်းမော်မြို့နယ်အဝင် စစ်ကောင်စီ၏ စုပေါင်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။
KIA နှင့် စစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ် အပါအဝင် အင်ဂျန်းယန်၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်၊ တနိုင်း၊ နမ္မတီး၊ မိုးကောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားထားသလို ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ် ခိုင်၊ မူဆယ်မြို့နယ်များတွင်လည်း စစ်ကောင်စီနှင့် KIA ကြား စစ်ရေးတင်းမာမှုများ ရှိနေသည်။
စစ်တပ်က အာဏာမသိမ်းခင် ကာလတွင် KIA သည် အပစ်အခတ်ရပ်စဲရေး စာချုပ်တစောင် ရေးထိုးနိုင်ရန် အစိုးရ၊ တပ် မတော်တို့နှင့် ညှိနှိုင်းနေရာ ၂ နှစ်နီးပါး ကချင်ပြည်နယ်တွင် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရန် ထိန်းသိမ်းခဲ့ကြသည်။
သို့သော် စစ်တပ်က အာဏာသိမ်းသည့် လုပ်ရပ်ကို လူထုက မလိုလားသဖြင့် လမ်းပေါ်ထွက် ဆန့်ကျင်ကြရာ KIA သည် ကချင်ပြည်နယ်တွင်း ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယိုဖြစ်အောင် မလုပ်ရန် စစ်ကောင်စီထံ စကားပါးခဲ့ရာမှ မပြေ လည်ခဲ့ကြပါ။
မတ် ၈ ရက်တွင် မြစ်ကြီးနားမြို့၊ လမ်းမပေါ် ဆန္ဒပြနေသည့် လူထုအား စစ်တပ်က ပစ်ခတ်ရာ အမျိုးသား ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။
ထို့နောက် မတ် ၁၁ ရက်တွင် ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတခုကို KIA က ဝင်တိုက်ခိုက် သိမ်းယူကာ စစ်မျက်နှာစဖွင့်ပြီး အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းများ၊ ရေကြောင်းနှင့် ကုန်း ကြောင်း သွားလာနေသည့် စစ်ကောင်စီ၏ ယာဉ်များကို ဖောက်ခွဲခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်ပြီး စစ်ကောင်စီကို တိုက် ခိုက်လျက် ရှိသည်။
ထို့ပြင် စစ်ကောင်စီကို တော်လှန်ရန် အသစ်ဖွဲ့စည်းလိုက်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ကောလင်းမြို့နယ်များ မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့်လည်း KIA က ပူးတွဲစစ်ရေး လှုပ်ရှားကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိ သည်။