ကိုဗစ်ရောဂါ အား ထိန်းချုပ်နိုင်ခြင်းမရှိသေးသလို ကူးစက်မှုလည်း ဆက်လက် မြင့်နေသဖြင့် မြန်မာနိုင်ငံနှင့် – ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုကို ယာယီရပ်နားထားရာမှနေ ရက်အကန့်အသတ်မရှိ ထပ်မံရပ်နားထားရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်တင်ပို့သည့် စစ်တွေ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မောင်တော ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ဇူလိုင်လ ၁၅ ရက်နေ့မှနေ ၃၁ ရက်နေ့အထိသာ ယာယီရပ်နား မူလက ရန်ပြည် နယ်စီမံအုပ်ချုပ်ရေး ကောင်စီက ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါ ရက် အကန့်သတ် မရှိ ရပ်နားရန် ထပ်မံပြင်ဆင် ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြည်နယ်စီမံ အုပ်ချုပ်မှု ကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။
ဦးသန်းထွန်းက “ ပထမတော့ ကျနော်တို့ နယ်စပ်ကုန်သွယ်မှုကို ဒီလ ၁၅ ရက်နေ့ ၃၁ ရက်နေ့ လကုန်နေ့ထိ ယာယီရပ်နားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုဗစ်ကူးစက်မှုက ဆက်လက် ရှိနေသေးတဲ့အတွက် ရက်အကန့်အသတ်မရှိ ရပ်နားထားဖို့ ထပ်မံ ဆုံးဖြတ်လိုက်တယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းတို့တွင် တနိုင်ငံလုံး အတိုင်း အတာဖြင့် ကိုဗစ်ရောဂါကူးစက် မှုမြင့်မားခဲ့သည့်အတွက် အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းများ ကို ၂၀၂၀ ခုနှစ် နှယ် လယ်ပိုင်းက ပိတ်ထားခဲ့ သော်လည်း စစ်ကောင်စီ လက်ထက် ဧပြီလ ၁၃ ရက်တွင် နှစ်နိုင်ငံ ကုန်သွယ် မှုကို ပြန်လည် ဖွင့် လှစ် ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖွင့်လှစ်ခဲ့ပြီး ဧပြီလနှင့် မေလ နှစ်လတာ ကာလ အတွင်း နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပမာဏ မှာ ၂ လ အတွင်း အမေရိကန်ဒေါ်လာ ၄၃၈၃၀၅၇ ဒသမ ၇၉ အထိ ကုန်စည် ကူးသန်းရောင်းဝယ် နိုင်ခဲ့ကြောင်း ရခိုင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ထံမှ သိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်မှုစခန်းများမှ ပို့ကုန်အနေဖြင့် ကုလားပဲ ၊ ကွမ်းသီး ၊ ကြက် သွန်နီ ၊ သရက်သီး ၊ ငါးနီတူခြောက် ၊ ငါးမြစ်ချင်း ၊ ကော်ဖိမစ် ၊ အုံးသီး ၊ ဒညှင်းသီး ၊ ဇီးယိုထုပ် ၊ ထွန်းရွှေဝါ ၊ နနွင်းတက် ၊ ကြိမ် စသည့် ကုန်ပစ္စည်းတို့ ဖြစ်သည်။
သွင်းကုန်အနေဖြင့် T –Shirt ၊ Plastic Water Tank ၊ Metal Water Pot ၊ PVC Tank ၊ Iron Road ဂျုံစေ့ ၊ ထီး စသည့် ကုန်စည်တို့ ဖြစ်ကာ ပို့ကုန်အနေဖြင့် အ မေရိန် ကန်ဒေါ်လာ ၄၃၄၄၁၂၄ ဒသမ ၁၉ ဖိုးတင်ပို့နိုင်ပြီး သွင်းကုန်အနေဖြင့် အ မေရိန်ကန် ဒေါ်လာ ၃၈၉၃၃ ဒသမ ၆၀ ဖိုးတင်သွင်းနိုင်ခဲ့ကြောင်းလည်း သိရည်။
စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးခင်မောင်ကြီးကတော့ ကိုဗစ်ကာလ အတွင်း ရပ်နားထားရသော နယ်စပ်ကုန်သွယ်ရေးစခန်းမှ စက်လှေသမား မိသားစု ဝင် များ အပါအဝင် တခြားရပ်နားထားရသည့် လုပ်ငန်းများမှ အခြေခံ လူတန်းစားများ အတွက် အာဏာပိုင်များနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဝိုင်းဝန်း ကူညီပံ့ပိုး ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။
၎င်းက “ကိုဗစ်ကာလမှာတော့ နယ်စပ်ကုန်သွယ်ရေး စခန်းက လုပ်သားတွေ အပါအဝင် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ တခြား အခြေခံ လူတန်းစားတွေပါ အားလုံးတော့ ဒုက္ခရောက်ကြတာပဲ။ ဒါကို အစိုးရပိုင်းရော၊ လုပ်ငန်းရှင်တွေပါ အစ က တည်းက ကြိုတင် Plan ရေးဆွဲပြီးတော့ ဝိုင်းဝန်း လုပ်ဆောင်ဖို့ ကျနော်တို့ အကြံပြုခဲ့တာ ရှိပါတယ်။ ဒီရောဂါ အချိန်ကြာ လာတာနဲ့ အမျှ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင် ဆိုင်ကြုံတွေ့ ကြရမယ်။ စီးပွားရေး ထိခိုက်တဲ့ လူတွေကို အစိုးရဘက်က ပြန်လည်ကုစားတယ် ဆိုတာကလည်း မူအနေနဲ့တော့ ကြားနေရတယ်။ လက်တွေ့ကျကျ လုပ်ပေး တာကိုတော့ မတွေ့ရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကှိုဗစ်တတိယလှိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ ဆောင်ပြီး ပြန်လည်ဝင်ရောက် လာသော စက်လှေသများတွင် စတင်တွေ့ရှိခဲ့ကာ ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်သူများကို ကုန်းပေါ်တွင် တက်ခွင့်ပေးဘဲ စက်လှေ ထဲတွင် Quaranitine ထားရှိကာ ကြပ်မတ်ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် တနိုင်ငံလုံး ကိုဗစ်ကူးစက်မှု မြင့်တက်လာသလို ရခိုင်ပြည်နယ် အတွင်းလည်း တနေ့ထက် တနေ့ ကိုဗစ်ကူးစက်မှု မြင့်တက်လာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တိယလှိုင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့အထိ ပိုးကူးစက်သူ ၂၆၀၀ ကျော် ၊ သေဆုံးသူ ၁၆၀ ကျော်နှင့် လက်ရှိဆေးကုသမှုခံယူနေရသူ လူပေါင်း ၈၀၀ ကျော်ရှိကြောင်း ပြည်နယ်ကောင်စီဝင်များ၏ စာရင်းများ အရသိရသည်။
ကိုဗစ်ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အတွက် ရခိုင် ပြည်သူများအနေဖြင့် ဇူလိုင်လ ၂၀ ရက်နေ့မှနေ သြဂုတ်လ ၄ ရက်နေ့အထိ Stay at Home ကာလအဖြစ် နေအိမ် အတွင်းနေထိုင်ကြရန် ULA / AA ကထုတ်ပြန်ကြေငြာ ထား သည်။
ယင်းအပြင် AA စစ်ဦး စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ကမ္ဘာတဝန်း ကိုဗစ်အန္တာရယ်နှင့် ရင်ဆိုင်နေရသဖြင့် ကာကွယ်ဆေးထိုးရန် အခွင့်အရေးရပါက လက်လွတ်မခံဘဲ ကာကွယ် ဆေးထိုးကြရန် ရခိုင်ပြည်သူများသို့ တိုက်တွန်း ထားသည်။
ကိုဗစ်ကာလအတွင်း စစ်တွေမြို့ပေါ်အတွင်း ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မလိုက်နာဘဲ လူစုလူဝေး ဖြစ် စေသည့် စားသောက်ဆိုင် ၊ အရက်ဆိုင် ၊ ဂိမ်း ဆိုင်နှင့် တခြား လူအများ စုဝေးနေသည့် နေရာများကို အဆင့်မြင့်အသံ ဖြင့် သတိပေးခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဇူလိုင်လ ၂၉ ရက်နေ့က၏ လူမှုကွန်ရက်စာ မျက်နှာ ပေါ်တွင် ရေးသားထားသည်ကို တွေ့ရသည်။
သို့သော် စစ်တွေမြို့ခံတဦးကမူ ဦးခိုင်သုခ ပြောသည့် အဆင့်မြင့်အသံဆိုသည်မှာ မည်သည့် အသံကို ရည်ညွှန်း ကြောင်း မသိရသော်လည်း ဇူလိုင်လ ၂၈ ရက် ညနေ ၉ နာရီကျော်က စစ်တွေမြို့ အဝေးပြေး ကားဂိတ်အနီး ဝန်း ကျင်တွင် အသံဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့သလို ဇူလိုင်လ ၂၇ ရက် ညနေ ၄ နာရီခန့်ကလည်း စစ်တွေမြို့ ၊ မီဇံရပ်ကွက်အတွင်း ပေါက်ကွဲမှု တခုဖြစ်ပွားကြောင်းဆိုသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်သူများအနေဖြင့် တခြားတိုင်းနှင့်ပြည်နယ်က ပြည်သူ များနည်းတူ ဘဏ်မှ ငွေထုတ်ယူ၍ မရခြင်း ၊ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်ခြင်း ၊ ရုံးများ ပိတ်ထားရခြင်း စသည့်ဖြင့် ဒေသတွင်း အလုပ်လက် မဲ့ ဖြစ်ပွားသူ များပြားကာ ဆေးဝါး ၊ အခြေခံစာသောက်ကုန်များမှာလည်း တရိပ်ရိပ် တက်လာနေသည့်အတွက် အခြေခံလူထုကြားတွင် ဂယက်ရိုက်ခတ်လျှက် ရှိနေသည်။
You may also like these stories:
NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်
ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ
ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ