ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေသည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း လုပ်သားများလည်း ထိုင်းနိုင်ငံသားများကဲ့သို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရကြောင်း ထိုင်းရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
ကာကွယ်ဆေး ရရှိမှုအပေါ် မူတည်၍ ထိုင်းအစိုးရထံ စာရင်းပေးသွင်းသူများအား ဦးစားပေး ထိုးနှံပေးနေခြင်းဖြစ်ပြီး ရွှေ့ ပြောင်းလုပ်သားများကို မေလမှစတင်ကာ ကာကွယ်ဆေး ထိုးပေးနေကြောင်း ထိုင်းနိုင်ငံတွင် အလုပ်သမားအရေး ဆောင် ရွက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။
၎င်းက “ထိုးပေးဖို့ အခြေအနေက သူ့ဥပဒေအရ ၁၀၀ ရာခိုင်နှုန်း ရှိတယ်။ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အစရှိတဲ့ အလုပ်သမားများသည် ဥပဒေပုဒ်မ ၃၃ အရ လူမှုဖူလုံရေး ရန်ပုံငွေမှာ ဝင်ထား တာ ဖြစ်တဲ့အတွက် အားလုံးတန်းတူညီမျှ ထိုးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံတော်တော်များများမှာလည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုးနေကြပါပြီ” ဟု ဆိုသည်။
ထိုင်းနိုင်ငံ ဥပဒေအရ သတ်မှတ်ထားသည့် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်အား စာရင်းပေးလိုက်ခြင်းဖြင့် ခွဲတမ်းကျလာသည့်အခါ ဆေးထိုးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
ဦးအောင်ကျော်က “ရွှေ့ပြောင်း အလုပ်သမားတွေ ကြားမှာလည်း အစောပိုင်းမှာတော့ ကာကွယ်ဆေးကို ထိုးနှံလိုစိတ် သိပ် မရှိကြဘူး။ ကာကွယ်ဆေး ထိုးလိုက်လို့ ဘယ်လို ဆိုးကျိုးလက္ခဏာတွေ ပြတယ်။ ဘယ်လို အသက်သေဆုံးမှုတွေ ရှိသွား တယ်။ ဒါတော့ ရှိပါလိမ့်မယ်။ သို့သော် ထိုးတဲ့ရာခိုင်နှုန်းအရ ကြည့်ရင် သေဆုံးမှုဦးရေက ခြေလွန်လက်လွန် မတော်တဆ ဖြစ်သွားတယ်ဆိုတာ အင်မတန် နည်းပါးပါတယ်” ဟု ပြောသည်။
ယခုနောက်ပိုင်းတွင်မူ ကာကွယ်ဆေးထိုးရန်အတွက် ထိုင်းအစိုးရက ကျန်းမာရေး ရှုထောင့်အရ ပညာပေးမှုများ လုပ်လာ သည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ဆေးထိုးရန် လျှောက်လွှာများ တင်နေကြပြီဟုလည်း ၎င်းက ဆိုသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း ကာကွယ်ဆေးထိုးပေးရန် စီစဉ်နေပြီး ဆေးမထိုးခင် အသိပညာပေးမှုများကို အရင်လုပ်ဆောင်မည် ဖြစ်ကြောင်း မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ မသူဇာက ပြောသည်။
၎င်းက “လက်ရှိ သိရသလောက် မဲဆောက်ဆေးရုံကြီးကနေ ပြောထားတာက ထိုးပေးဖို့ရှိတယ်။ တာ့ခ်ခရိုင်ဘက်မှာဆိုရင် လူ ဦးရေ ၂ သန်းစာ ရထားတာ ရှိတယ်။ အဲဒီထဲမှာ ထိုင်းရော၊ မြန်မာရော ပါမယ်။ ဒါပေမယ့် အခု လတ်တလောကတော့ ထိုင်းလူမျိုးတွေကိုပဲ ထိုးပေးနေတာ ဖြစ်တယ်။ ကျမတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တခြားလူမျိုးတွေကို မထိုးပေးသေးဘူး။ လက်မှတ်ကိုင်ဆောင်ထားသူ မှန်သမျှကိုတော့ ထိုးပေးဖို့ အစီအစဉ် ရှိတယ်” ဟု ဆိုသည်။
လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် တရားဝင်မှတ်ပုံတင်ထားပြီး လူမှုဖူလုံရေးကတ်ရှိသော မြန် မာ ရွှေ့ပြောင်းအလုပ်သမားများသာ ကာကွယ်ဆေးထိုးနှံနိုင်မည့် အစီအစဉ်ထဲ ပါရှိကြောင်း၊ တရားမဝင် ရွှေ့ပြောင်းအလုပ် သမားများအတွက်မူ နိုင်ငံအချင်းချင်း ချိတ်ဆက်မှုများ ပြုလုပ်မှသာလျှင် ထိုးနှံနိုင်မည်ဖြစ်ကြောင်း ဦးအောင်ကျော်က ရှင်းပြသည်။
၎င်းက “တရားမဝင်တွေကိုတော့ နိုင်ငံအချင်းချင်း ချိတ်ဆက်ပေးမှ၊ ပြီးရင် NGO ကြီးတွေ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝိုင်းပြီး ဖိအားပေးရမယ့် သဘောပေါ့” ဟု ပြောသည်။
၎င်းကဆက်၍ “ထိုင်းနိုင်ငံမှာ တရားဝင် ပတ်စပို့ရှိမယ်။ ဗီဇာ၊ အလုပ်လုပ်ခွင့် ပါမစ်၊ နောက် ပကန်ဆန်ခွန်း (လူမှုဖူလုံရေး) ရှိမယ်ဆိုရင် အဲဒီလူက ပုဒ်မ ၃၃ အရ ထိုးကိုထိုးရတော့မှာ။ ထိုးချင်တဲ့ ဆန္ဒရှိတာကို မထိုးပေးရင်တောင်မှ အရေးယူခံရမယ့်သဘော။ တရားမဝင် နေထိုင်နေတယ် ဆိုရင်တော့ ရမှာမဟုတ်ပါဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် လူဦးရေ ၆၅ သန်း ရှိသည့်အနက် မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ် သမား ၃ သန်းခန့် ရှိကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံ အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးများ ထိုးနှံ ထားပြီးဖြစ်ပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား မည်မျှပါဝင်သည်ကိုမူ မသိရပါ။
ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ယနေ့ (ဇူလိုင် ၃၁ ရက်) ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်လူနာသစ် ၁၈၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၇၈ ဦး ရှိကြောင်း သိရသည်။