အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ကတော်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ရဲ့မိခင် ကွယ်လွန်သူဒေါ်ခင်ကြည်ရဲ့ဂူဗိမာန်ဒီဇိုင်းကို ဆွဲပေးလို့ အစိုးရအလုပ်က ထွက်ခဲ့ရတဲ့ မြန်မာ့ဗိသုကာ အကျော်အမော် ဦးဘိုကြီးဟာ ဇူလိုင် ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါပြီ။ ၂၀၀၃ ခုနှစ်ကစလို့ သာသနာ့ဘောင်ဝင်ခဲ့တာမို့ ၁၉ ဝါ အရမှာ ပျံလွန်တော်မူတယ်လို့လည်း ဆိုနိုင်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်ရှိပြီဖြစ်တဲ့ ဗိသုကာဘိုကြီးဟာ ၁၉၅၉ ခုနှစ်၊ ဗိသုကာကျောင်းသားဘဝမှာပဲ ဆရာဖြစ်သူ ရန်ကုန်တက္ကသိုလ် ဗိသုကာပညာဆိုင်ရာ Full bright ကထိကဟောင်း Mr.Oswald Negla ရဲ့လက်ထောက်အဖြစ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အပန်းဖြေရိပ်သာ (Recreation Centre-RC) ဆောက်လုပ်ရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး Architecture ပြိုင်ပွဲဖြစ်တဲ့ သန်လျင် BOC အတွက် သူနာပြုဆေးပေးခန်းအဆောက်အဦဒီဇိုင်းပြိုင်ပွဲမှာလည်း ပထမဆု ဆွတ်ခူးခဲ့ပါတယ်။
ဒီနောက် မြန်မာ့နိုင်ငံမှာအလွန်အောင်မြင်တဲ့ Architects Incorporated firm (AI) တည်ထောင်ရာမှာ ပါဝင်ခဲ့ပြီး ဗိသုကာလုပ်ငန်းအများအပြားကို လက်ခံဒီဇိုင်းဆွဲပေးနိုင်ခဲ့ပါတယ်။ AI ဟာ ဗိသုကာတင်မဟုတ်ဘဲ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်၊ ဂီတစာပေသမားတွေစုဝေးပြီး မော်ဒန်အက်အကြောင်း ဆွေးနွေးလေ့လာဆည်းပူးရာ နေရာအဖြစ်လည်း ထင်ရှားပါတယ်။ ဒီအခြေအနေတွေဟာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်မှာ ပျက်စီးသွားခဲ့ပါတယ်။ ကုမ္ပဏီတွေ၊ စီပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းလိုက်လို့ AI ဟာ ရပ်တည်မရဖြစ်ခဲ့ပြီးနောက်ပိုင်း ဗိသုကာဘိုကြီးလည်း အိုးအိမ်နဲ့ပြည်သူ့လုပ်ငန်းဝန်ကြီးဌာနဆီ ရောက်သွားခဲ့ရပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံရဲ့ပထမဆုံး အမျိုးသမီးသံအမတ်ကြီး၊ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပါတယ်။ ဗိသုကာဘိုကြီးရဲ့အိမ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့က မျိုးမြင့်ညိမ်းနဲ့ သူ့အစ်ကို မော်ဒန်ပန်းပုဆရာ ဆန်နီညိမ်းတို့ ကားနဲ့ရောက်လာကြပါတယ်။ ဒေါ်ခင်ကြည်အုတ်ဂူဒီဇိုင်းဆွဲဖို့ အမျိုးသားစာဆိုကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ဒီဇိုင်းကိုဆွဲခဲ့တဲ့ ဗိသုကာကျော်မင်းကို တာဝန်ပေးဖို့ ရည်ရွယ်ခဲ့ကြပေမယ့် ဦးကျော်မင်းက ခရီးလွန်နေလို့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ဗိသုကာဘွဲ့ယူခဲ့တဲ့ ဗိသုကာဦးကျော်မင်းဟာ ဗိသုကာဘိုကြီးရဲ့တက္ကသိုလ်တုန်းက ဆရာလည်းဖြစ်ခဲ့ဖူး သူပါ။
ဒေါ်ခင်ကြည်အုတ်ဂူကို ဗိသုကာဘိုကြီးတာဝန်ယူဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးကြည်မောင်က သဘောတူလက်ခံသလို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ချက်ချင်းခေါ်ခိုင်းခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်၊ ဦးကြည်မောင်တို့ ခေါင်းချင်းဆိုင်ဆွေးနွေးပြောကြားသမျှကို ဗိသုကာဘိုကြီးက မှတ်သားခဲ့ပါတယ်။
ဒေါ်ခင်ကြည်က အင်းလျားကို မျက်နှာမူထားတဲ့ ပေါ်တီကိုအောက်မှာ ပက်လက်ကုလားထိုင်နဲ့ ထိုင်ပြီး ပုတီးစိပ်ရင်း မြေးနှစ်ယောက်ကို ထိန်းလေ့ရှိကြောင်း၊ ဗိမာန်ကို အဲဒီပေါ်တီကို ပုံဖော်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်၊ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်တို့က ဈာပနအတွက် တာဝန်ယူ ပါဝင်ပါရစေလို့ ပြောဆိုနေကြပေမယ့် ဗိသုကာဘိုကြီးကိုတော့ သူ့ဌာနက အရေးယူဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပဲ ရန်ကုန်တိုင်းမှူးဗိုလ်ချုပ်မျိုးညွန့်ဆီ ဖုန်းဆက်ပြီး အခြေအနေကိုပြောပြလို့ အရေးယူမခံခဲ့ရတာဖြစ်ပါတယ်။
ဒေါ်ခင်ကြည်ဂူဗိမာန်ကို ပေါ်တီကိုပုံစံအတိုင်း အပွင့်ပုံစံဒီဇိုင်းဆွဲထားပြီး ပေါ်တီကိုအောက်ဝင်သွားရင် အုတ်ဂူကို ဂါရ၀ပြုဖို့ လျှောက်လမ်းထည့်ပေးထားပါတယ်။ နောက်ပြီး ဒေါ်ခင်ကြည်က မြန်မာနိုင်ငံအတွက် သူ့ယောက်ျားကိုလည်း ပေးဆပ်ခဲ့ရတယ်၊ သမီးကိုလည်း ပေးဆပ်ခဲ့ရတယ်၊ ဒေါ်ခင်ကြည် တိုင်းပြည်ပေါ်ပေးခဲ့တဲ့ အလင်းရောင်လေးငြိမ်းမသွားအောင် လက်နှစ်ဖက်နဲ့ ကွယ်ထားတဲ့သဘောကို ဆောင်တဲ့ ပေါ်တီကိုထက် မြင့်တဲ့ Curve နံရံကွေးကြီးနှစ်ခုကို ဒေါ်ခင်ကြည်အုတ်ဂူဘေးမှာ အပွင့်ဒီဇိုင်းဖန်တီးထားပါတယ်။ ဗိသုကာဘိုကြီးဟာ ဒေါ်ခင်ကြည်အုတ်ဂူကို ကိုယ်တိုင်ဒီဇိုင်းလုပ်၊ ကိုယ်တိုင်ဘိလပ်မြေနဲ့ သန်လျက်ကိုင်၊ ဂူပိတ်တဲ့အထိ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါကြောင့် ရွှေတိဂုံဘုရားလမ်း၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်အနီးမှာရှိတဲ့ ဒေါ်ခင်ကြည်ဂူဗိမာန်ဟာ မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင် သီပေါမင်းရဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ် အုတ်ဂူ၊ အမျိုးသားစာဆိုကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူ၊ ကုသသမဂ္ဂအထွေထွေအတွင်းရေးချုပ် ဦးသန့်တို့ရဲ့ အုတ်ဂူတွေနဲ့အတူ တင့်တင့်တယ်တယ် ရှိနေခဲ့တာဖြစ်ပါတယ်။
အကျိုးဆက်အနေတော့ ဒီလို Volunteer အဖြစ် ဆောင်ရွက်ပေးအပြီး ၁ နှစ်အကြာ ၁၉၉၀ ခုနှစ်မှာ သူ ၂၆ ကျော်လုပ်လာတဲ့ အစိုးရအလုပ်က အနားယူခဲ့ရပါတယ်။ ပင်စင်ယူဖို့ ၃ နှစ်သာလိုတော့ပေမယ့် စစ်အစိုးရက သူ့ကို တမင်ရာထူးတိုးမပေးတာ၊ တမင်အပြစ်ရှာတာစတဲ့ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကို မခံနိုင်တော့လို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်၊ သူရဦးတင်ဦး၊ ဦးဝင်းထိန်တို့ရဲ့မှတ်တမ်းစာအုပ်တွေမှာ ဗိသုကာဘိုကြီးရဲ့ အမည်ကို မဖော်ပြခဲ့တာ၊ ဗိသုကာကျော်မင်းလို့ပဲ ထင်ခဲ့ကြတာကတော့ အဲဒီတုန်းက ဗိသုကာဘိုကြီးဟာ ဆူးလေဘုရားလမ်းမှာရှိတဲ့ ဗိသုကာကျော်မင်းရဲ့ရုံးခန်းမှာပဲ ဒီဇိုင်းထုတ်၊ ပုံဆွဲလုပ်ခဲ့တာရယ်၊ ဗိသုကာပုံစံစာရွက်တွေမှာ တက္ကသိုလ်တုန်းက သူ့ဆရာဖြစ်ခဲ့ဘူးတဲ့ ဗိသုကာကျော်မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ရှေ့မှာ ဗိသုကာကျော်မင်းရဲ့နာမည်ကို ထည့်ခဲ့တာတွေကြောင့် အမှတ်မှားခဲ့ကြဟန် တူပါတယ်။

အစိုးရဝန်ထမ်းကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း ဗိသုကာဘိုကြီးဟာ ပုဂ္ဂလိက ဗိသုကာကုမ္ပဏီအချို့အတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဦးပဏ္ဍိတအဖြစ် သာသနာဘောင်ကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဘုန်းကြီးဘဝနဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ၁၉ ဝါရှိပြီ ဖြစ်ပါတယ်။
“ဦးဇင်းတသက်တာလုပ်ခဲ့သမျှ ဗိသုကာ Project များထဲတွင် ကျေနပ်အားရဖွယ် အကောင်းဆုံးအဖြစ် ဒေါ်ခင်ကြည်ဂူဗိမာန်ကိုသာ ပြလိုပါသည်။ တည်ဆောက်သည့်အဖွဲ့အစည်းမှာ Garrison Engineers of Myanmar, Tatmadaw (GE) ဖြစ်သည်”`ဟု ဆရာတော်ဦပဏ္ဍိတ (ခ) ဗိသုကာဦးဘိုကြီးက မိန့်တော်မူခဲ့ပါတယ်။

ဗိသုကာဘိုကြီးဟာ ပြင်ဦးလွင် Town Authority အတွက် လွတ်လပ်ရေးကျောက်တိုင် ဒီဇိုင်း၊ ပြင်ဦးလွင် မြို့တော်ခန်းမနှင့် ရင်ပြင်ဒီဇိုင်း၊ ပန်းဆိုးတန်း ပြည်သူ့ဆိုင်ဒီဇိုင်း(Ruby Mart)၊ လမ်း ၅၀ က ကုန်သည်အသင်း ရုံးဒီဇိုင်း၊ ရွှေတိဂုံ ဘုရားလမ်းရှိ ကျားကူးကျောင်းတိုက် သိမ်ဒီဇိုင်း၊ မြေနီကုန်းနဲ့ ဦးဝိစာရမှာရှိတဲ့ ဓါတ်ဆီဆိုင်တွေရဲ့ဒီဇိုင်း၊ ဈေးကလေး အိမ်ယာစီမံကိန်း (တန်ဖိုးနည်းအိမ်ယာ) ၊ Ritz နဲ့ Palladium စသော ရုပ်ရှင်ရုံများ Renovation ဒီဇိုင်း စတဲ့ အစိုးရ၊ ပုဂ္ဂလိကအဆောက်အအုံအချို့၊ ရန်ကုန်၊ အလုံလမ်းအိမ်တော်ဝင်းအတွင်းမှာရှိတဲ့ ဗဟိုကော်မတီအစည်းအဝေး ခန်းမ၊ တွဲဖက်အဆောက်အအုံတွေ၊ ဆရာစံခန်းမ (ကျိုက္ကဆံ)၊ သိမ်ကြီးဈေး D ရုံ၏ခေါင်မိုးတွင် Semi Capsule-shaped transparent skylight အတွက် ဒီဇိုင်း၊ သိမ်တော်ကြီးနာရီစင်ဒီဇိုင်း ၊သုဝဏ္ဏပေါ်ဆန်မွှေးလမ်း အလှကုန်စက်ရုံ၊ မန္တလေးသကြားလုံးစက်ရုံ၊ လွိုင်ကော်ကောလိပ်အဆောက်အအုံ၊ ရေးမြို့ပြန်လည်ထူထောင်ရေးကျောက်တိုင်၊ ကော့သောင်းမြို့ ခုတင် ၂၅ ဆံ့ဆေးရုံ စတဲ့ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ပါတယ်။
You may also like these stories:
ပရိသတ်ရင်ထဲ ရှင်သန်နေဦးမယ့် ကာတွန်း မြေဇာ
ကိုဗစ်ကြောင့် ကြွေလွင့်ခဲ့ရတဲ့ မော်ဒန် ပန်းချီပန်းပု အနုပညာရှင်များ
ရန်ကုန်မြို့ပေါ်က အဝါရောင် အလံများ
ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းခံစစ်မှူး (သို့) ဖျားနာဆေးကုခန်းတွေရဲ့ ပဲ့ကိုင်ရှင်
ဖခင် ဆုံးရှုံးမှုအတွက် ယူကြုံးမရ ခံစားနေရတဲ့ အလှမယ် ထားထက်ထက်
မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော