တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေး ဆက်ဆွေးနွေးရန် အာဏာသိမ်း၊ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်ကြောင်း ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းနိုင်ငံတော်အာဏာကို သိမ်းယူထားသည့် ၆ လပြည့်ဖြစ်သည့် ယနေ့ မနက်ပိုင်း တွင် လူထုကို မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည် ဆောက်သွားကြဖို့ ကျနော် ပြောလိုပါတယ်။ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့အစည်းများမှ အပ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆို တွေ့ဆုံ ဆွေးနွေးဖို့ ကျနော် ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အနာဂတ်ကို တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒနှင့်အညီ တည်ဆောက်နိုင်ရန်၊ ရိုးသားသည့် နိုင်ငံရေးဖြင့် တည် ဆောက်ရန် တိုင်းရင်းသား ပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းပေးရန် အလေးအနက် မေတ္တာရပ်ခံပါသည် ဟုလည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဆိုသည်။
၎င်း၏ စစ်တပ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့နှင့် လက်မှတ် ရေးထိုးထားသည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အပေါ်တွင်သာ ခိုင်မာစွာ ရပ်တည်ထားပြီး တိုင်းရင်းသားတပ် အားလုံးနှင့် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးလိုသည် ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ခိုက်မှု အများဆုံး ဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ဗိုလ်မှူးကြီး နော်ဘူက “တရားဝင် ပြောတာတော့ ကျနော် မကြားမိပါဘူး။ လူကြီးပိုင်း အတွင်းရေး ဆွေးနွေးတာ ရှိလားမသိပါဘူး။ ကျနော်တို့ တရားဝင်ရုံးစာနဲ့ ဆွေးနွေးတာ ဗဟိုကော်မတီက ဆွေးနွေးလောက်အောင် ပြောတဲ့အသံတွေ ကျနော် မကြားပါဘူး” ဟု ပြောသည်။
KIA သည် စစ်တပ်က အာဏာမသိမ်းခင် အချိန်ထိ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုအတွက် ၂ နှစ်ကြာ အပစ်ရပ်ထားခဲ့ပြီး အာဏာ သိမ်းပြီးနောက်တွင် လူထုကို သွေးထွက်သံယိုဖြစ်အောင် လုပ်သည် ဟူသည့် အချက်ဖြင့် စစ်ကောင်စီကို ကချင်ပြည်နယ်အနှံ့ လိုက်လံ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည့် တိုင်းရင်းသားတပ်ဖွဲ့ ဖြစ်သည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီး နော်ဘူက “သူတို့ ကမ်းလှမ်းလာတဲ့ အပေါ်မှာလည်း အခြေခံပြီး ဆွေးနွေးရမှာ ဖြစ်မယ်လို့ ကျနော် သုံးသပ်ပါတယ်။ ဘယ်လိုပုံစံနဲ့ ဆွေးနွေးမှာလဲ။ ဘယ်လိုပုံစံနဲ့ သူတို့ လိုလားချက်တွေ ဥပမာ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ဘယ်လို ပုံစံလဲ။ အဲဒါတွေက အဓိက ဖြစ်ပါမယ်။ ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ ဗဟို ကော်မတီက လေးလေးနက်နက် ဆွေးနွေးပြီးမှ သဘောထား မှတ်ချက်တွေ ထုတ်ရမှာပါ။ ဘယ်လို သဘောထားရှိလဲ ဆိုတာအခု အတော်လေး စောပါတယ်” ဟု ဆိုသည်။
ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာကလည်း စစ်ကောင်စီသည် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခြင်း မရှိသေးပါဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် မကွေး၊ စစ်ကိုင်း၊ ပဲခူးနှင့် မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် လည်း တိုက်ခိုက်နေရသည့် အပြင် ကချင်၊ ရှမ်း၊ ကယား၊ ချင်း၊ ကရင်ပြည်နယ် တို့တွင်လည်း အင်အားကြီး တိုင်းရင်းသား တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရသည်။
ထိုသို့ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် လက်နက်က်ိုင် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ ရှိနေသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က နိုင်ငံတွင်း တိုက်ခိုက်မှု အနည်းငယ်သာရှိပြီး နိုင်ငံတဝှမ်းလုံး တည်ငြိမ်မှု ရှိနေပြီဟု ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
“သေစေနိုင်လောက်တဲ့ လက်နက်၊ မိုင်းများ အသုံးပြု တိုက်ခိုက်တာကိုလည်း ပြုလုပ်မရအောင် တုံ့ပြန်အရေးယူ ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ ယခုအခါ အနည်းငယ်သော အကြမ်းဖက်တိုက်ခိုက်မှုများမှအပ နိုင်ငံတဝှမ်းလုံး တည်ငြိမ်မှု ရှိနေပြီဖြစ်ပါတယ်။ EAOs တွေနဲ့ သတ်မှတ်ထားတဲ့ နေရာများက အပ ကျန်နေရာများ လုံးဝ တည်ငြိမ်အေးချမ်းသွားရေး အတွက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
စစ်ကောင်စီသည် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံံ့မှုများ ထိန်းချုပ်တားဆီးနိုင်ရန်အတွက် စစ်ရေး လှုပ်ရှားမှု အားလုံးကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းပေးထားမည်ဟုလည်း အပစ်ရပ် ကြေညာ ချက်တစောင်ကို ထုတ်ပြန်ထားသည်။
အပစ်ရပ်ဆိုင်းပေးမည်ဆိုသော်လည်း နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို တိုက်ခိုက်ခြင်းများ ပြုလုပ်လာပါက ပြန်လည် တိုက်ခိုက်ဖြစ်မည်သည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ကာ အပစ်ရပ်ဆိုင်းပေးထားသည့် ကာလအတွင်း သက်ဆိုင်ရာ အဖွဲ့ အစည်းများအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဝိုင်းဝန်းလုပ်ဆောင်ကြရန်လည်း တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီသည် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဟု ကြေညာထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ PDF တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် ကချင်၊ ရှမ်း ၊ ချင်းနှင့် ကယားပြည်နယ်တို့တွင် ဇူလိုင်လက အင်အားထောင်နှင့်ချီ၍ စစ်အင်အားဖြည့်တင်း တိုးချဲ့ခြင်း၊ စစ်ရေးပြင်ဆင်သည့် အနေဖြင့် ရိက္ခာနှင့် စက်လက်နက် ပစ္စည်း အများအပြား သိုလှောင်ခြင်းများကို ပြုလုပ်ထားသည်။
ကယားပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲတို့တွင် စစ်ကောင်စီ တပ်အင်အား ၁၀၀၀ ကျော် အင်အား တိုးချဲ့ကာ တောနင်းခြင်းများ ပြုလုပ်သည့် အပြင် လားများဖြင့်လည်း ရိက္ခာများဖြည့်တင်း သယ်ဆောင် ခြင်းများ ပြုလုပ်နေသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကယားပြည်နယ် အခြေစိုက် PDF တပ်ဖွဲ့ များက ပြောဆိုသည်။
ကချင်ပြည်နယ်တွင်လည်း စစ်အင်အား ၅၀၀၀ နှင့်အထက် တိုးချဲ့ထားခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပြင်ဆင် ခြင်းတို့ကို စစ်ကောင်စီက ပြုလုပ်နေသည်ဟု KIA ထံမှ သိရသည်။
ရှမ်းပြည်နယ်တွင်း၌လည်း ဇူလိုင်လက စစ်ကောင်စီ၏ တောတွင်းရိက္ခာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင် အသုံးပြု သည့် လားများကို စစ်ဘက်ဆိုင်ရာသုံးယာဉ် ၉ စီးဖြင့် တောင်ကြီးမြို့နယ်တွင်း ဖြတ်သန်း သယ်ဆောင်သွားခဲ့သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် တိုင်းရင်းသား တပ်များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခြင်းမှာ ယခု အကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပါ။
အာဏာသိမ်းပြီးနောက် ဧပြီလအတွင်းကလည်း ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကို လိုက်လံ တွေ့ဆုံခဲ့သည်။
ထိုစဉ်က လိုက်လံတွေ့ဆုံရာတွင် စစ်ကောင်စီဘက်မှ အရာရှိကြီးများ ကိုယ်တိုင် လာတွေ့သော်လည်း UWSA ၏ ကိုယ်စား လှယ်သည် ပန်ဆန်းမြို့တွင် လက်ခံတွေ့ဆုံခဲ့ခြင်း မရှိဘဲ အစိုးရ ထိန်းချုပ်နယ်မြေနှင့် ဝ နယ်စပ်၊ မက်မန်းဆိုင်တွင်သာ လက်ခံ တွေ့ဆုံခဲ့သည်။
SSPP နှင့်လည်း ဌာနချုပ် ဝမ်ဟိုင်းဒေသတွင် တွေ့ဆုံရန် ရဟတ်ယာဉ် ဆင်းလာရာ SSPP ဘက်မှ မှားယွင်းပစ်ခတ်သဖြင့် စစ်ကောင်စီ ၏ အရာရှိတချို့ကျည်ထိမှန်ပြီး လှည့်ပြန်ခဲ့ရသည်။
ပြည်တွင်း၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အဖွဲ့ ၂၀ ခန့် ရှိရာ ထိုထဲမှ ၁၈ ဖွဲ့သည် စစ်တပ်က အာဏာမသိမ်းခင် ကာလအထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင် ဆောင်ရွက်နေသည့် ၁၈ ဖွဲ့အနက် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း တွင် အများစု အခြေစိုက်ကြသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေး ဆွေးနွေးပွဲများတွင် တစိုက်မတ်မတ် ပါဝင် ဆွေးနွေးလျက် ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးက အာဏာသိမ်းလုပ်ရပ်ကို လက်မခံသဖြင့် ဆွေးနွေးနေမှုများကို ဆက်မလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အပစ်ရပ် ၁၀ ဖွဲ့သည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်မဆွေးနွေးကြောင်း တရားဝင် ကြေညာကာ ထို ၁၀ ဖွဲ့ထဲ မှ အင်အားကြီးတပ်များအပါအဝင် တပ်ဖွဲ့အချို့သည် စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) နှင့် ပူးပေါင်း ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
အပစ်ရပ် ၁၀ ဖွဲ့တွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒု ဥက္ကဋ္ဌသည်လည်း NUG၏ ဖက်ဒရယ်ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူထားသည်။ ချင်းပြည်နယ်တွင်း အခြေစိုက်သည့် CNF သည်လည်း NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်း ထား သည့် PDF တပ်များကို စစ်သင်တန်းပေးခြင်း၊ အတူတကွ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
အပစ်ရပ် ၁၀ ဖွဲ့တွင် အင်အားကြီး တိုင်းရင်းသားတပ်တခု ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း PDF လူငယ်များကို စစ်သင်တန်းများ ပို့ချလျက် ရှိသည်။
မြောက်ပိုင်း မဟာမိတ်တပ်များဖြစ်သည့် KIA ၊ MNDAA ၊ TNLA နှင့် AA တို့သည်လည်း စစ်ကောင်စီနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်မြောက်ပိုင်းတို့တွင် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး တဖက်တွင်လည်း PDF လူငယ်များကို စစ်သင် တန်းများပေးလျက် ရှိသည်။
KIAသည် စစ်တပ် အာဏာမသိမ်းခင်အချိန်က အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ဆွေးနွေးနေသဖြင့် ၂ နှစ်တာကာလ လုံး ပစ်ခတ်မှု မဖြစ်စေရန် ထိန်းသိမ်းခဲ့သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် မတ်လတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်မျက်နှာ ပြန်ဖွင့်ကာ စစ်တပ်၏ တပ်စခန်းများ၊ ရဲစခန်းများကို လိုက်လံ တိုက်ခိုက်လျက် ရှိသည်။
ကယားပြည်နယ်တွင်း အခြေစိုက်သည့် KNPP သည်လည်း PDF အဖြစ် အသစ်ဖွဲ့စည်းလိုက်သည့် ကရင်နီလူငယ်များကို စစ်သင်တန်း ပေးခြင်းအပြင် စစ်ကောင်စီနှင့် တိုက်ခိုက်သည့် တိုက်ပွဲများတွင် ပူးတွဲစစ်ရေး လှုပ်ရှားမှုများ၊ ပူးတွဲ တိုက်ခိုက် ရေးများပါ လုပ်ဆောင်လျက် ရှိသည်။
You may also like these stories:
စစ်ကောင်စီ၏ ဝိုင်းမော်နယ်မြေခံတပ်ရင်းကို KIA ဝင်တိုက်
KNPP နှင့် အာဏာသိမ်း စစ်တပ် လွိုင်ကော်တွင် တိုက်ပွဲဖြစ်
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ
ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ