စစ်အာဏာရှင် လှုပ်ရှားမှုများအား ပိုမိုပြင်းထန်စွာ အရေးယူနိုင်ရေး အကြမ်ဖက်မှု တိုက်ဖျက်ရေး ဥပဒေအား ပြင်ဆင် သည့် ဥပဒေ တရပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ ရက်တွင် လက် မှတ်ထိုး ကြေညာလိုက်သည်။
ပြင်ဆင်ချက်အနေဖြင့် ဥပဒေ မူလပြဋ္ဌာန်းချက်အရ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိသာ ချမှတ်နိုင်သည့် ပုဒ်မ ၃-ခ၊ ပုဒ်မခွဲငယ် ၁၅ အား အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၅၂ – က အောက်တွင် ထပ်မံ ဖြည့်စွက် လိုက်ခြင်း ဖြစ်သည်။
ဥပဒေရေးရာ ကျွမ်းကျင်သူ တဦးက “PDF နဲ့ ဆက်နွယ်တဲ့ လုပ်ငန်း အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူမယ့် သဘောပေါ့။ ဆက်နွယ်သမျှအားလုံးကို ဒီပုဒ်မအောက်ကနေ အရေးယူမှာပေါ့။ သူတို့က ပိုက်စိပ်တိုက်မယ့် သဘောပေါ့။ တခုမှ မလွတ်အောင် အရေးယူ မယ့်ပုံ” ဟု မှတ်ချက်ပြုသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃-ခ၊ ပုဒ်မခွဲငယ် ၁၅ တွင် “အကြမ်းဖက်အုပ်စု တခုခုတွင်ဖြစ်စေ၊ အကြမ်း ဖက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေသူတဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ” ဟု ပြဋ္ဌာန်းထားပြီး စစ်ကောင်စီ၏ ပြင်ဆင်ချက်အရ ယင်းပြဋ္ဌာန်းချက်နှင့် ငြိစွန်းပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်သည်။
စစ်ကောင်စီ၏ ပြင်းထန်သည့် ပြစ်ဒဏ်ဖြင့် ပိုမို ဖိနှိပ်ရန် ကြိုးပမ်းချက်ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များအပေါ် ထောက်ခံ ရေးသားမှုများနှင့် ရေးသားထုတ်လွှင့်နေသည့် မီဒီယာ များ အပေါ်တွင်ပါ ဝါဒဖြန့်ချိမှု ခေါင်းစဉ်အောက် ဆွဲသွင်းကာ အရေးယူနိုင်သည့် ခြိမ်းခြောက်မှုတခု ဖြစ်နေကြောင်း လည်း ဥပဒေ ပညာရှင်အချို့က ထောက်ပြသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၏ သဘော သဘာဝနှင့် ပတ်သက်၍လည်း သာမန် ရာဇဝတ်မှုများတွင် ပြစ်မှု ကျူးလွန်ကြောင်း တရားလိုကသာ သက်သေပြရန် တာဝန်ရှိပြီး ခိုင်လုံသည့် သက်သေ မရှိပါက စွပ်စွဲခံရသူမှာ လွတ် မြောက်နိုင်သော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွင် ကျူးလွန်ငြိစွန်းခြင်း မရှိကြောင်း စွပ်စွဲခံရသူကသာ သက်သေပြရသည့် သဘောရှိသည့်အတွက် ပိုဆိုးကြောင်းလည်း နိုင်ငံရေး အကျဉ်းသားများအား အမှုလိုက်ပါ ဆောင် ရွက်ပေးနေသူ တဦးက ပြောသည်။
၎င်းက “မီဒီယာတောင် အင်တာဗျူးလုပ်တာ၊ သတင်းတင်တာတောင် ငြိစွန်းမယ့် သဘောပေါ့၊ စည်းရုံး လှုံ့ဆော်တယ်။ ဝါဒဖြန့်ချိတယ် ဆိုတဲ့ ခေါင်းစဉ်အောက် ဆွဲသွင်းခံရနိုင်တာပေါ့၊ နောက်ပြီး ကီးဘုတ်ဖိုက်တာတွေ၊ PDF တွေကို အား ပေးစည်းရုံးသူတွေပေါ့။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ သူ့ဟာသူ ဘာတွေပြင်ပြင်၊ ဘာတွေလုပ်လုပ် လုပ်စရာ ရှိတဲ့သူတွေကတော့ လုပ်နေမှာပဲ” ဟုလည်း သုံးသပ်ထားသည်။
အာဏာသိမ်း စစ်ကောင်စီလက်ထက် ရက္ခိုင် စစ်တပ် (AA) နှင့် ဆက်နွယ်သည် ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သူများထဲမှ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူနှင့် ညီမဖြစ်သူ အပါအဝင် အချို့အား တရားသေ လွှတ်ပေးခဲ့သော်လည်း ၂၀၁၉ ခုနှစ်က မန္တလေးမြို့တွင် ဖမ်းဆီးခဲ့သူ ခြောက်ဦးကိုမူ ဇူလိုင် ၁၆ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-က၊ ပုဒ်မ ၅၁-ဂ တို့အရ ၈ နှစ်အထက် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည့် ဖြစ်စဉ် ရှိထားသည်။
လက်ရှိတွင် စစ်တပ်အနေဖြင့် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အား မတရားအသင်းအဖြစ် ကြေညာထားသည့်အပြင် CRPH က ဖွဲ့စည်းခဲ့သည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် NUG က ထပ်ဆင့် ဖွဲ့စည်းသည့် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (People Defence Force-PDF) အဖွဲ့များအား အကြမ်းဖက် အဖွဲ့များအဖြစ် မေလ ၈ ရက်က ကြေ ညာထားသည်။
အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာချက်နှင့် ပတ်သက်ပြီး NUG ဘက်က ဇွန်လ ၇ ရက် တွင် ငြင်းဆိုထားပြီး အကြမ်းဖက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစပြုလိုက်သည့် ဥပဒေမဲ့ အာ ဏာသိမ်းမှုကို တုံ့ပြန်ခြင်း ဖြစ်ပြီး အာဏာသိမ်းမှု အကျိုးဆက်အားဖြင့် ဖြစ်ပေါ်နေသော အရပ်သားများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများနှင့် မတည်ငြိမ်မှုများကို ရပ်တန့်ရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် အကြမ်းဖက်မှုတွင် ပါဝင်သော အဓိက အစိတ်အပိုင်း ၅ ခုနှင့် ဆက်စပ်ခြင်း မရှိသည့်အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ သဘောတူ ထုတ်ပြန်ထားသည့် ဥပဒေ ၁၉ ခုပါ ပုဒ်မများနှင့်လည်း အကျုံးမဝင်ကြောင်း ဆိုထားသည်။
ယင်းပြင် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ်အကြမ်းဖက် ပစ် ခတ်မှုများ ကျူးလွန်ခဲ့သည့် “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ” အား အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က မတ်လ ၁ ရက်တွင် ကြေညာခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုကြောင့် ကလေးငယ်များ အပါအဝင် ၉၄၀ ဦး သေဆုံးခဲ့ပြီး သတင်းထောက်များ အပါအဝင် ၅၄၄၄ ဦး ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ကာ ၁၉၆၄ ဦးမှာ ဖမ်းဝရမ်း ထုတ်ခံထားရကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ၏ မိသားစုအား အမှုပိတ်သိမ်းရန် ဖိအားပေးမှုများရှိနေ
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း