အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသည့် CDM ဆရာဝန်များနှင့် ဝန်ထမ်းများထဲမှ ပင်းတယ မီးအိမ်ရှင်ဟု လူသိများသည့် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဆရာဝန်၊ဝန်ထမ်းအချို့ အကျဉ်းထောင်များမှ ယနေ့ပြန်လည်လွတ်မြောက်လာသည်။
ဒေါက်တာသန်းမင်းထွဋ်၏ မိတ်ဆွေတဦးက “ ဆရာကြီးဒီမနက် ၆ နာရီလောက်က ပြန်လွှတ်ပါတယ်၊ ကျန်းမာရေး လည်း ကောင်းပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
၎င်းအား ၂၀၂၁ ခု မတ်လ ၁၂ ရက်နေ့က တိုင်းကျန်းမားရေးဦးစီးမှူးမှ အစည်းအဝေးရှိသည်ဆိုကာ သွားရောက်ရာမှ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲကာ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင် ထား ခြင်းဖြစ်သည်။
ယင်းအပြင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာပြည့်ဖြိုးနိုင်လည်း ဟင်္သာတ အကျဉ်းထောင်မှ ယနေ့ပြန်လည်လွှတ်မြောက်လာကြောင်း ဇနီးဖြစ်သူ ဒေါက်တာဖြူလဲ့သူက ဧရာဝတီသို့ပြောသည်။
ဒေါက်တာပြည်ဖြိုးနိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဦးဆောင်ဆန္ဒပြခဲ့ရာတွင် လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းတွင် ရဲတပ်ဖွဲ့က အိမ်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် တရားရင်ဆိုင်ခဲ့ရသည်။
ဒေါက်တာသန်းမင်းထွဋ်အပါအဝင် ဧရာဝတီတိုင်းအတွင်းမှ CDM ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ရေးမှူးများနှင့် ဌာန ဆိုင်ရာ ဝန်ထမ်း ၂၇ ဦးအား လွှတ်ပေးမည့် အကြောင်း ရဲတပ်ဖွဲ့၏ စာမှာ ယမန်နေ့ကတည်းက လူမှုကွန်ရက်တွင် ပျံ့နှံနေခြင်းဖြစ်သည်။
ယနေ့တွင် အင်စိန်းဗဟိုအကျဉ်းထောင်မှလည်း ဆရာဝန်၊ အစိုးရဝန်ထမ်း ၂၀ ဦးခန့် လွတ်မြောက်ပြီး ၎င်းတို့ထဲတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်လည်း ပါဝင်ကြောင်း သိရသည်။
ပါမောက္ခချုပ်ဦးအောင်နိုင်မြင့်သည် မေလ ၃ ရက်နေ့ကတည်းက ဖမ်းဆီးခံရကာ ချုပ်နှောင်ခံထားရသူဖြစ်သည်။
ယနေ့ ပြန်လည်လွှတ်မြောက်လာသူများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၏ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ လွတ်မြောက်လာတဲ့သူအားလုံးအတွက် အထူးဝမ်းသာမိပါတယ်၊ ဒို့ အားလုံးလွတ်မြောက်မယ့်နေ့၊ ဒို့ မြန်မာပြည်လွတ်မြောက်မယ့်နေ့ ဒို့အရောက်သွားကြမယ်”ဟု သူ၏ လူမှုကွန်ရက် Facebook တွင် ရေးသား သတင်းပါးထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယနေ့ CDM ဆရာဝန်များနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့အား ပြန်လည်လွှတ်ပေး ရာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် မည်မျှ ပြန်လွှတ်ခဲ့သည်ကို ဖော်ပြခြင်း မရှိသကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ရေးအဖွဲ့ကလည်း တိကျသည့် စာရင်းမရသေးကြောင်းဆိုသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုကြောင့် သေဆုံးမှုများလည်း မြှင့်တက်နေစဉ် အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် CDM တွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများအား အလုပ်ပြန်ဝင်ကြရန် မကြာခဏ တိုက်တွန်းနေသည်။
သို့သော် CDM ဝန်ထမ်းများ အပေါ် ဖွင့်ထားသည့် အမှုများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် အမိန့်အာဏာတရပ် ထုတ်ကာ ရုပ်သိမ်းခြင်းမျိုးမဟုတ်ဘဲ စိစစ် ရွေးချယ်၍ အမှုရုပ်သိမ်းသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ကုသရေးအတွက် ကိုယ်ထူကိုယ်ထ ကူညီပံ့ပိုးပေးနေသည့် ဆရာဝန် များအား ဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီး မြောက်ဒဂုံမြို့နယ်မှ ဆရာဝန် ၅ ဦးကိုလည်း ဇူလိုင် ၁၉ ရက်နေ့က လူနာ ဟန်ဆောင်ကာ တောင်ဥက္ကလာပ မြို့နယ်တွင် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်။
နိုင်ငံရေအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီအနေဖြင့် ဇူလိုင် ၃၁ ရက်နေ့အထိ CDM ဆရာဝန်များ အပါအဝင် ပြည်သူ ၅၄၄၄ ဦးအား ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပြီး ၁၉၆၄ ဦးကို လည်း ဖမ်းဝရမ်းထုတ်ထား ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ ဖြင့် စစ်တပ်၏ တရားစွဲဆိုခြင်းခံရပြီး အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ လ အတွင်း ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယာ ဘိဝံသသည်လည်း လွတ်ရက်စေ့၍ ယနေ့ ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း သိရသည်။
You may also like these stories:
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
KNPP နှင့် အာဏာသိမ်း စစ်တပ် လွိုင်ကော်တွင် တိုက်ပွဲဖြစ်
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ