ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းတွင် ပိုးကူးစက်မှု တနေ့ထက်တနေ့ များပြားလာနေသလို မေလ ၂၅ ရက်မှ သြဂုတ်လ ၁ ရက်အထိ ပိုးကူးစက်သူ ၃၀၀၀ နီးပါးရှိကာ သေဆုံးသူ ၂၀၁ ဦး ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ စာရင်း များအရ သိရသည်။
သေဆုံးမှု အများဆုံး မြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့မှ ဖြစ်ပြီး ပြည်နယ်အတွင်း ကုသမှု ခံယူနေသူပေါင်း ၁၀၀၀ နီးပါး ရှိကြောင်းလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် လက်ရှိ အချိန်တွင် ပြည်နယ်အတွက် တရုတ် အစိုးရထုတ် ကိုဗစ်ကာကွယ်ဆေး ၉ သောင်းကျော် ခွဲတမ်း ရရှိထားမှုအား ယမန်နေ့ (သြဂုတ်လ ၁) ရက်က စတင်ကာ ထိုးပေးနေပြီ ဖြစ်ကြောင်း သယံဇာ တဝန်ကြီး ဦးသန်းထွန်းက ပြောသည်။
ဦးသန်းထွန်းက “ကိုဗစ်နဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေမှာတော့ ကာကွယ်ဆေးတွေကို ယနေ့စပြီး တပြည် နယ်လုံး အတိုင်းအတာနဲ့ ဆေးထိုးပေးနေပါတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင် စခန်းတွေမှာလည်း Mask တွေ၊ လက်သန့်ဆေးတွေ ထောက်ပံ့ ပေးဖို့ စီစဉ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လူဦးရေ ၃၀၀၀ ကျော်ရှိသည့် မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းတွင် လက်ရှိ ကိုဗစ်ရောဂါနှင့် ပတ် သက်၍ သက်ဆိုင်ရာ အာဏာပိုင်များ၏ ကူညီ ထောက်ပံ့မှုမှာ မဖြစ်စလောက်သာရှိပြီး ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ကိုဗစ်ကို ရင်ဆိုင်နေကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။
ဦးစိုးနိုင်က “ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရဆီက ကျနော်တို့ စခန်းကို ထောက်ပံ့တာက လူယောက်ကို Mask နှစ်ခု ပေးပါတယ်။ လူ ၁၅၀ ကို လက်သန့်ဆေး ၁ ဗူးနှုန်းပေးတာ ရှိပါတယ်။ ကျန်တာတော့ မရပါဘူး။ ကိုယ့် အသိစိတ်နဲ့ ကိုယ် အပြင် မထွက်ဖို့နဲ့ အရေးကြီးကိစ္စတွေ ပေါ်လာရင်လည်း ကော်မတီက လူတွေကို တိုင်ကြားပြီး ထွက်ဖို့ စည်း ကမ်းတွေ ထုတ်ပြန်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်တွင်းလည်း လက်ရှိ အခြေအနေတွင် ကိုဗစ်လူနာ သေဆုံးမှု တိုးလာနေသလို အောက်ဆီဂျင်ဗူး များ ရရှိမှု အခက်အခဲ ကြုံတွေ့နေရကြောင်း မောင်တော ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာ နုကေသီစံက ပြောသည်။
ဒေါက်တာ နုကေသီစံက “အောင်ဆီဂျင် ရရှိမှုကတော့ အခက်အခဲ ရှိနေတယ်။ ဆေးရုံ စက်ရုံက တနေ့ ၂ လုံး လောက် ထွက်တာရယ်။ တပ်က ပေးတာရယ်။ အဲဒါတွေကို ချွေတာပြီး သုံးနေရတယ်။ အရင်တုန်းကတော့ ပြည်နယ် အစိုးရဆီက အောက်ဆီဂျင်ဗူးတွေ ခွဲတမ်းအလိုက် ပို့ပေးတယ်။ အခု မရတော့ဘူး။ အခက်အခဲ တော်တော်ဖြစ်နေ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
သံတွဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်သူ ၂၀၀ ကျော်ရှိပြီး သေဆုံးသူမှာလည်း ၂၀ ကျော်ရှိ လာသည့်အတွက် ဒေသခံ လူထုကြား စိုးရိမ်မှုများ ရှိသလို ကာကွယ် ဆေးထိုးရာတွင် လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ကိုဗစ်အရေး ဆောင်ရွက်နေသူ သံတွဲမြို့ပေါ် သိမ်ကုန်းဆရာတော် ဦးတေစိန္ဒက “မနေ့က ကာကွယ်ဆေးထိုးတဲ့ အချိန်တော့ လူစုလူဝေး ဖြစ်တဲ့အထိ ရှိခဲ့တယ်။ ဆေးထိုးချင်တဲ့လူတွေ တော်တော်များတယ်လို့ ပြောလို့ရတယ်။ ဒီနေ့တော့ စည်းကမ်းထုတ်ပြီး အသုတ်လိုက် ခွဲပြီး ဆေးထိုးတော့ လူစုလူဝေးတော့ မဖြစ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်း က ကိုဗစ်ရောဂါနှင့် ပတ် သက်ပြီး ပြည်နယ်အတွင်း ကူးစက်မှု များပြားလာနေသလို သေဆုံးမှုမှာလည်း တိုးလာနေသည့်အတွက် အလွန် စိုးရိမ်စရာ ကောင်းကြာင်း ပြောသည်။
“အခု အခြေအနေက ရခိုင်မှာ တောရော၊ မြို့ပါ အိမ်တိုင်းလိုလိုမှာ ကိုဗစ်ပိုး ကူးစက်ခံနေရတဲ့ သဘောရှိ တယ်။ မနေ့က တရက်တည်းမှာ၂၄ ယောက်အထိ သေဆုံးတာ ရှိတယ်။ အဲဒီအတွက် အစိုးရဘက်ကလည်း သတင်း အချက်အလက်ကို ပွင့်လင်းမြင်သာဖို့ လိုသလို လူထု အနေနဲ့ မပေါ့ဆဖို့ လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်နယ် အစိုးရအနေဖြင့် အောက်ဆီဂျင် လုံလောက်မှု ရှိသည်ဟု ဆိုသော်လည်း အောက်ခြေ ဆေးရုံများတွင် အောက်ဆီဂျင် ရရှိမှု အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်သလို အာဏာပိုင်များ၏ စီမံခန့်ခွဲမှု အားနည်းချက်များ၊ အရေးပေါ် ကိုဗစ်လူနာများကို ကုသရာတွင်လည်း ကျွမ်းကျင် ဝန်ထမ်းများ လိုအပ်နေသည်ကို ကြားသိနေရကြောင်း ကိုဗစ်အရေးလည်း ဆောင်ရွက်နေသူ ကိုဇော်ဇော်ထွန်းက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် တရုတ် အစိုးရထုတ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ၃ သန်းကို ပြည်နယ်နှင့် တိုင်း အလိုက် ခွဲဝေချထားပေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်က စတင်ထိုးပေးခဲ့ရာ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး ၃ ဒသမ ၅ သန်းနှင့် ပြည်သူအတွက် လှူသည့် တရုတ်အစိုးရထုတ် ကာကွယ်ဆေး ၃ သိန်းတို့ကို ဆေးထိုးပြီးသွားပြီ ဖြစ်ကာ၊ ယခု ကာကွယ်ဆေး ၃ သန်းကိုလည်း ဦးစားပေးလိုက် ဆေးထိုးသွားမည် ဖြစ် ကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က ဧရာဝတီသို့ ပြောထားသည်။
သို့သော်လည်း ယခု ကာကွယ်ဆေး ထိုးမည့်သူများထဲတွင် ယခင် ကာကွယ်ဆေး ၂ ကြိမ် ထိုးထားသူများ၊ လက်ရှိမှာ ကိုဗစ် သံသယရှိသည့်လူများ၊ ဖျားနေသည့် လူများနှင့် ပိုးတွေ့ပြီး ၆ လ မပြည့်သူများ မပါဝင်ကြောင်းလည်း ဒေါက် တာ ခင်ခင်ကြီးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တွေ့ရှိသည့် ကိုဗစ်ပိုး မျိုးရိုးဗီဇမှာ အိန္ဒိယမှ စတင် တွေ့ရှိသည် ဒယ်လ်တာ၊ UK နိုင်ငံတွင် စတင် တွေ့ရှိသည့် အယ်လ်ဖာ၊ တောင်အာဖရိကနိုင်ငံတွင် စတင် တွေ့ရှိသည့် ဗီတာ စသည့်ဖြင့် ကိုဗစ်ပိုး ၃ မျိုးကို တွေ့ရှိရပြီး ယင်းအထဲတွင် အိန္ဒိယမှ စတင်တွေ့ရှိသည့် ဒယ်လ်တာ ပိုးအမျိုးအစားမှာ ကူးစက်မှု အမြန်ဆုံးနှင့် အပြင်း ထန်ဆုံး ဖြစ်ကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ဆိုသည်။
ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက် ရခိုင်ပြည်သူများ အနေဖြင့် ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၄ ရက်အထိ Stay at Home ကာလအဖြစ် နေအိမ်အတွင်း နေထိုင်ကြရန် ULA / AA က ထုတ်ပြန်ကြေညာထား သလို၊ ကိုဗစ်ကာကွယ်ဆေးထိုးရန် အခွင့်အရေး ရလျှင် လက်လွှတ်မခံဘဲ ကာကွယ်ဆေးထိုးကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်သူများကို တိုက်တွန်း ပြောကြားထားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်သူများ အနေဖြင့် တခြားတိုင်းနှင့် ပြည်နယ်က ပြည်သူများနည်းတူ ဘဏ်မှ ငွေထုတ်ယူ၍ မရခြင်း၊ ကိုဗစ်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ရုံးများ ပိတ်ထားရခြင်း စသည့်ဖြင့် ဒေသတွင်း အလုပ်လက်မဲ့ ဖြစ်ပွားသူများပြားကာ ဆေးဝါး၊ အခြေခံ စားသောက်ကုန်ဈေးနှုန်းမှာလည်း တရိပ်ရိပ် တက်လာနေသည့်အတွက် အခြေခံ လူထုကြားတွင် ဂယက် ရိုက်ခတ်လျက် ရှိနေသည်။
စစ်တပ်က အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိုဗစ် တတိယလှိုင်းတွင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ကူးစက်မှုများလည်း မရေအတွက်နိုင်အောင် များပြားလာနေသလို သေဆုံးမှုမှာလည်း ခြောက်ခမန်းလိလိ မြင့်တက် လာနေသည်။
You may also like these stories:
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရက်အကန့်သတ်မရှိ ရပ်နား
တပ်တွင်း ကိုဗစ်ကူးစက်၊ သေဆုံးမှုတွေ စစ်ကောင်စီ ဖုံးကွယ်ထိန်ချန်
KIA ဌာနချုပ် လိုင်ဇာတွင် လူထုအား ကိုဗစ်ရောဂါပိုး ရှိမရှိ ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးပေးမည်