အရှေ့တောင်အာရှမှ ထိပ်တန်းသံတမန်များသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက် နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းရန် အထူးသံတမန်တဦးကို ပဏာမအားဖြင့် ရွေးချယ်ပြီး ဖြစ်သော်လည်း စစ်ကောင်စီခေါင်းဆောင်များ၏ အတည်ပြုကြောင်းကြေညာချက်ကို စောင့်နေရကြောင်း သံတမန်နှစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနက ရေးသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နိုင်ငံခြားရေး ဝန်ကြီးများသည် တနင်္လာနေ့က ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေး သဘောတူညီချက်အရ ဘရူနိုင်းနိုင်ငံ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူစွတ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်လိုကြောင်း သတင်းက ဆိုသည်။ ထိုသံတမန်များသည် လူသိရှင်ကြားပြောကြားခွင့် မရှိသောကြောင့် ၎င်းတို့အမည်များကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။
ထိုရွေးချယ်မှုကို မြန်မာနိုင်ငံက ချက်ခြင်းတုံ့ပြန်ခြင်းမရှိသေးသောကြောင့် ASEAN နိုင်ငံခြားရေးန်ကြီးများသည် အဓိကကျသည့် ဖြစ်ပေါ်တိုးတက်မှုဖြစ်လာမည့် အစည်းအဝေး ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သတင်းက သံတမန်များကို ကိုးကားသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါသော ASEAN သည် ၎င်းတို့အဖွဲ့ဝင် မြန်မာနိုင်ငံတွင် ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို စစ်တပ်က ဖေဖေါ်ဝါရီလတွင် ဖြုတ်ချသော မြန်မာနိုင်ငံအကျပ်အတည်းအတွက် ကြီးထွားနေသော နိုင်ငံတကာဖိအားကို ရင်ဆိုင်နေရသည်။
သို့သော် ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် ASEAN သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက် ရယူရေး မူများကို အခြေခံဖွဲ့စည်းထားသော အဖွဲ့ဖြစ်သောကြောင့် မည်သည့်အဆိုပြုချက်မဆိုကို မည်သည့်နိုင်ငံကမဆို ပယ်ချနိုင်သည်။
အထူးသံတမန်ခန့်အပ်ရေးကို မြန်မာက သဘောမတူလျှင် ခန့်အပ်နိုင်မည် မဟုတ်ဘဲ ထိုအဆိုပြုချက်ကို မြန်မာနိုင်ငံက မည်သည့်အတွက် လတ်တလော မတုံ့ပြန်သည်ကိုလည်း ရှင်းလင်းစွာ မသိရပေ။ အထူးသံတမန်၏လုပ်ငန်းများ အမြန်ဆုံးစတင်ရန် ASEAN ဝန်ကြီးများက မြန်မာနိုင်ငံကို ဖိအားပေးနေကြောင်း အထက်ပါသံတမန်များအနက် တဦးကပြောသည်။
မြန်မာနိုင်ငံက ထိုအထူးသံတမန်ကို ထိုင်းနိုင်ငံမှ အထူးသံတမန်လောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း ဗီရာဆက်ဒီ ဖူထရာကူးကို ခန့်လိုကြောင်း အရှေ့တောင်အာရှ သံတမန် တဦးပြောသည်။
မြန်မာနိုင်ငံက ၎င်းတို့စိတ်ကြိုက် အထူးသံတမန်ကို ခန့်လျှင်ပင် ထိုအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ပေးရေးသည် မရေရာပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး များပြားလှသော စွဲချက်များ တင်ထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်ထော်နီ ဗလင်ကန်သည် ယခုအပတ်အတွင်းကျင်းပမည့် ထို အွန်လိုင်းအစည်းအဝေးတွင် ပါဝင်မည်ဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်များကို ၎င်းတို့၏တာဝန် ရှိမှုများအတွက် အရေးယူရန်နှင့် အထူးသံတမန်ခန့်ရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိနှစ်ဦးပြောကြောင်းလည်း သိရသည်။ ထိုအထူးသံတမန်သည် မြန်မာတွင် အကြမ်းဖက်မှုရပ်ရန်၊ ဖမ်းဆီးထားသူများ လွှတ်ပေးရန်နှင့် ဒီမိုကရေစီအုပ်ချုုပ်ရေး ပြန်လည်ထိန်းသိမ်းရန် စစ်အုပ်စုကို တွန်းအားပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုသည် ASEAN ကို ထိခိုက်စေပြီး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေကြောင်း ထိုအရာရှိများပြောသည်။ ထိုအရာရှိများသည်လည်း ပြောရေးဆိုခွင့် မရှိသောကြောင့် အမည်ထုတ်ဖေါ်ခြင်းမပြုပါ။
ASEAN ၏တောင်းဆိုမှုကိို မြန်မာက မတုံ့ပြန်ပါက အင်ဒိုနီးရှား၏ စိုးရိမ်ပူပန်မှုများကို ဆက်လက်ဖေါ်ပြမည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီကပြောသည်။
“မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအတွက် ကျမတို့က နှုတ်ဆိတ်နေမှာ မဟုတ်ဘူး” ဟု သတင်းထောက်များကို သူက ဗီဒီယိုဖြင့်ပြောသည်။
ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် လူပေါင်း ၉၀၀ ကျော်ကို သတ်ဖြတ်ထားပြီး အများစုသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။ မြို့ပြနှင့်ကျေးလက်ဒေသများတွင်ပါ လက်နက်ကိုင်ခုခံမှု ကြီးထွားနေသောကြောင့် စစ်သားနဲ့ ရဲများလည်း သေသည်။
ASEAN ခေါင်းဆောင်များသည် ဧပြီလက အင်ဒိုနီးရှားတွင် အရေးပေါ်အစည်းအဝေးကျင်းပပြီး မြန်မာတွင် အကြမ်းဖက်မှုရပ်ရန်နှင့် ASEAN အထူးသံတမန်၏ ကြားဝင်မှုဖြင့် သက်ဆိုင်သူများအားလုံးတွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည်။ ထိုထိပ်သီးဆွေးနွေးပွဲကို စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်သည်။
တနင်္ဂနွေနေ့တွင် မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင်က ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန်နှင့် နိုင်ငံရေးအရ အဖြေရှာရေးအတွက် ASEAN နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ကတိပြုသည်။ ASEAN အထူးသံတမန်နှင့် ဆွေးနွေးရေးအပါအဝင် ASEAN ၏မူဘောင်အတွင်း ASEAN နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သူပြောသော်လည်း အသေးစိတ်ပြောကြားခြင်းမရှိပေ။
မြန်မာအကျပ်အတည်းသည် အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပိုမိုနက်ရှိုင်းလာနေသည်။ ထိုကူးစက်မှုကြောင့် ပြိုလဲနေသော မြန်မာ့ကျန်းမာရေးစနစ်သည် ဖရိုဖရဲဖြစ်နေသည်။
မြန်မာက တောင်းဆိုထားသော လူသားချင်းစာနာမှု အကူအညီများပေးရေးကို ချက်ခြင်းစီစဉ်ရန် ASEAN သဘာ၀ဘေးအန္တရာယ် တုံ့ပြန်ရေးဌာနကို နိုင်ငံခြားရေး ဝန်ကြီးများက အမိန့်ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာအရာရှိများသည် ဖြစ်နိုင်သောအကူအညီများအတွက် ASEAN အတွင်းရေးမှူးချုပ်နှင့် ဆွေးနွေးနေသော်လည်း ရက်စွဲသတ်မှတ်ချက် မရှိသေးကြောင်း သံတမန်များ ပြောသည်။
ASEAN တွင် မြန်မာအပြင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့လည်း ပါဝင်သည်။ ယခုအပတ် ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် မြောက်ကိုရီးယား၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားတို့လည်း တက်ရောက်မည့် လုံခြုံရေးဆွေးနွေးပွဲဖြစ်သော ASEAN ဒေသတွင်းဆွေးနွေးပွဲလည်း ပါဝင်သည်။
ကိုးကား။ ။ AP ၏ Diplomats: ASEAN waiting on Myanmar approval of envoy
You may also like these stories:
မြန်မာသည် ကိုဗစ်နိုင်တင်း ချိန်ကိုက်ဗုံး ဖြစ်သည်။ အသက်များကို ကယ်နိုင်ပါဦးမည်လော
ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်
မဲဆောက်တွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို တရက်ခြား၂၀၀ စီ ပြန်လည်ပို့ဆောင်