မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ပယ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဗလင်ကန်က ပြောဆိုလိုက်သည်။ စစ်ကောင်စီသည် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်ဖြင့် အချိန်ဆွဲနေကြောင်း အမေရိကန်ပြည်ထောင်စုက ပြောသည်။ နိုင်ငံခြားရေးဝန်ကြီး ဗလင်ကန်သည် မြန်မာဆိုင်ရာ အထူးသံတမန်တဦးခန့်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို တွန်းအားပေးရန်လည်း ပြင်ဆင်နေသည်။
တနင်္ဂနွေနေ့တွင် မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန်နှင့် နိုင်ငံရေးအရ အဖြေရှာရေးအတွက် ASEAN နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက်ကတိပြုသည်။ ASEAN အထူးသံတမန်နှင့် ဆွေးနွေးရေးအပါအဝင် ASEAN ၏မူဘောင်အတွင်း ASEAN နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း သူပြောသော်လည်း အသေးစိတ်ပြောကြားခြင်းမရှိပေ။ တချိန်တည်းတွင် “အိမ်စောင့်အစိုးရ” ဖွဲ့စည်းပြီး ကိုယ့်ကိုယ်ကိုယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
မြန်မာစစ်ကောင်စီသည် အချိန်ဆွဲနေပြီး ၎င်းတို့အကျိုးအတွက် သက်တမ်းရှည်ရန် ကြိုးစားနေသောကြောင့် ASEAN အနေဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် တောင်းဆိုသည်ဟု အမေရိကန် ထိပ်တန်းအရာရှိတဦး ပြောသည်။
ASEAN အထူးသံတမန်ခန့်အပ်ခြင်းကလည်း အကျပ်အတည်းဖြစ်လာနေသည်။ ASEAN နိုင်ငံခြားရေး ဝန်ကြီးများသည် တနင်္လာနေ့က ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေး သဘောတူညီချက်အရ ဘရူနိုင်းနိုင်ငံ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူစွတ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်လိုကြောင်း သိရသည်။ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ ထိုင်းသံအမတ်ဟောင်းကို ခန့်လိုသည်။
အထူးသံတမန်ခန့်အပ်ရေးကို မြန်မာက သဘောမတူလျှင် ခန့်အပ်နိုင်မည် မဟုတ်ပေ။ အထူးသံတမန်၏လုပ်ငန်းများ အမြန်ဆုံးစတင်ရန် ASEAN ဝန်ကြီးများက မြန်မာနိုင်ငံကို ဖိအားပေးနေသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့နိုင်ငံရေးပြိုင်ဖက်များအတွက် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်မှာ တိုးတက်မှု မရှိသလောက်ဖြစ်နေကြောင်းပြောသည်။ မြန်မာအကျပ်အတည်း ပြီးဆုံးရေးအတွက် ဧပြီလကကြေညာခဲ့သော အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် အကောင်အထည် ဖေါ်ရေးအတွက် ကြီးမားသော တိုးတက်မှုမရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နိုမာဆူဒီက သတင်းထောက်များကို ဗီဒီယိုဖြင့် ပြောသည်။
ထိုနှောင့်နှေးမှုသည် ASEAN အတွက် မကောင်းကြောင်း၊ အကောင်အထည်ဖေါ်နိုင်ခြင်းမရှိလျှင် ထိုကိစ္စသည် ခေါင်းဆောင်များထံမှ ညွှန်ကြားချက်ယူရန် ပြဿနာပြန်ဖြစ်သွားမည်ဖြစ်ကြောင်း သူပြောသည်။
အထူးသံတမန်အဖြစ်မည်သူကို ခန့်အပ်သည်ကို ရက်နိုပြောကြားခြင်း မရှိသော်လည်း ဘရူနိုင်းနိုင်ငံ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆွတ်ကို ထိုရာထူးအတွက်ခန့်အပ်ရန် လွန်စွာအားသာနေကြောင်း သံတမန်များပြောသည်။
သို့ရာတွင် တနင်္ဂနွေနေ့ မိန့်ခွန်းတွင် ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဗီရာဆက်ဒီ ဖူထရာကူးကို အထူးသံတမန်အဖြစ် စစ်ကောင်စီက လိုလားကြောင်း၊ သို့သော် အဆိုပြုချက်သစ်များ ထုတ်ပြန်နေပြီး ရှေ့မဆက်နိုင်ကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီသည် နိုင်ငံရေး အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရန် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်လိုခြင်းမရှိဘဲ စိတ်တိုင်းကျ လုပ်လိုသည်။ တနင်္ဂနွေနေ့ကပြောသော မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ တွင် ရွေးကောက်ပွဲကျင်းပရန် ပြောသည်။
အထူးသံတမန်အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိဘဲ ရက်နိုက ထိုအထူးသံတမန်သည် ချက်ခြင်းလုပ်ငန်း စတင်နိုင်သင့်ကြောင်း နှင့် မြန်မာနိုင်ငံတွင်းမှ သက်ဆိုင်သူအားလုံးနှင့်တွေ့ခွင့်ရသင့်ကြောင်း ပြောသည်။ ထိုအထူးသံတမန်သည် ဖမ်းဆီးဖြုတ်ချခံခေါင်းဆောင်များ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့်တွေ့ခွင့်ရမည် မရမည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ASEAN ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှု ချက်ခြင်းရပ်ရန်၊ သက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးရန်၊ အထူးသံတမန်က သက်ဆိုင်သူအားလုံးကိုတွေ့ဆုံရန်နှင့် ASEAN က လူသားချင်းစာနာမှုအကူအညီပေးရန်တို့ ပါဝင်သည်။
ASEAN သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ချက်ခြင်းပေးပြီး ကိုဗစ်နိုင်တင်းကာကွယ်ဆေး မျှဝေပေးရန် ယန္တရာတခုရှာဖွေရမည်ဖြစ်ကြောင်း ရက်နိုက ပြောသည်။
You may also like these stories:
မြန်မာဆိုင်ရာ အထူးသံတမန် အတည်ပြုရေး ASEAN စောင့်ဆိုင်းနေ
စစ်ကောင်စီ အာဏာသိမ်းပြီး ၆ လပြည့်တွင် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်း
အာဏာသိမ်းမှု ၆ လပြည့်နဲ့ သူတို့ အမြင်
ကိုဗစ်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တရုတ်၏ နှောင်ကြိုးလက်ဆောင်
ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းမှု SNLD လက်မခံ