ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင်း စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲကာ ဖမ်းဆီးခံထားသည့် ဆူရ်ခွါးမြို့မှ ကက်သလစ် ဆရာတော်နှစ်ပါး အရေးနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ဆူရ်ခွါးမြို့၏ သာရေးနာရေး ကော်မတီ ကြား အငြင်းပွားမှုများ ရှိနေသည်။
CDF သည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဒေသခံ ချင်းအမျိုးသားများ ဖွဲ့စည်းထားသည့် တပ်ဖွဲ့ ဖြစ်ပြီး ဆူရ်ခွါးမြို့ ၏ သာရေးနာရေး ကော်မတီမှာ ဆူရ်ခွါးမြို့တွင်းရှိ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ ဖွဲ့စည်းထားသည့် ကော် မတီ ဖြစ်သည်။
ဆူရ်ခွါးမြို့၏ ကတ်သလစ် အသင်းတော်မှ ဘုန်းတော်ကြီး နိုအဲလ်ဟရန် တင်းထန်နှင့် ဓမ္မဆရာ ကလဲမင်း တို့ကို စစ် ကောင်စီ သတင်းပေးဟု စွပ်စွဲကာ CDF တပ်ဖွဲ့က ဖမ်းဆီးထားရာ သာရေးနာရေး ကော်မတီက ယင်း စွပ်စွဲချက်များ မဟုတ်မှန် ကြောင်း ပြန်တုံ့ပြန်ကာ အငြင်းပွားနေကြခြင်း ဖြစ်သည်။
ဆရာတော် နှစ်ပါးသည် ဇူလိုင် ၂၆ ရက်က ဆူရ်ခွါး- ဟားခါးလမ်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဟားခါး CDF ၏ ဥက္ကဋ္ဌက “သူ စစ်တပ်ကို စာပို့ထားတဲ့ Screenshot တွေ၊ စစ်တပ်နဲ့ တွေ့ဆုံပြီး ဓာတ်ပုံရိုက်ထားတာ တွေရော၊ သူတို့ရဲ့ ဖုန်းနံပါတ်တွေရော ရှိတယ်။ ငြင်းနေရင်လည်း ဘာမှပြောစရာ မရှိဘူး။ တကယ့် ဘုန်းကြီးသာ မဟုတ် ရင် မလွယ်ဘူး။ နောက် အသံဖိုင်တွေလည်း အကုန်လုံး ရှိတယ်။ ကျနော်တို့ မေးမြန်းချိန်မှာ သူပြောထားတဲ့ အသံဖိုင်တွေ အကုန်ရှိပါတယ်။ သူဝန်ခံထားတဲ့ ဖိုင်တွေ ရှိပါတယ်” ဟု ပြောသည်။
ဟားခါးနှင့် ဆူရ်ခွါး အသင်းတော်များ၏ သာသနာပိုင် အကြီးအကဲများနှင့် စကားပြောဆိုရန် ရှိလာပါက ၎င်းတို့ ဖမ်းဆီး ထားသည့် ဆရာတော်များက စစ်တပ်ကို သတင်းပေး လုပ်နေသည့် အထောက်အထားများ၊ အသံဖိုင်များကို ဖွင့်ပြမည်ဟု လည်း ဟားခါး CDF ၏ ဥက္ကဋ္ဌ က ပြောသည်။
ဟားခါးမြို့နယ်တွင်း စစ်ကောင်စီနှင့် CDF ကြား စစ်ရေး အခြေအနေ တင်းမာနေသည့်ကာလတွင် ဘုန်းတော်ကြီး နိုအဲလ် ဟရန်တင်းထန်နှင့် ဆူရ်ခွါးမြို့ဒေသခံ ၃ ဦးတို့က ဆူရ်ခွါးမြို့ဘက်သို့ စစ်ဆင်ရေးဖြင့် ရောက်လာသည့် စစ်ကောင်စီ အရာ ရှိများကို ကြိုဆိုကာ ဇူလိုင် ၁ ရက်တွင် အစည်းအဝေး ပြုလုပ်ခြင်း၊ ဇူလိုင် ၃ ရက်တွင်လည်း ဟားခါး စစ်ကောင်စီ ဗျူဟာ သို့ သွားကာ အစည်းအဝေး ပြုလုပ်ထားခြင်းသည့် သက်သေများလည်း ရှိသည်ဟု CDF ဘက်က ပြောသည်။
ဆက်လက်ပြီး ဟားခါး CDF ၏ ဥက္ကဋ္ဌက “ဘုန်းကြီးကပဲ စစ်တပ်တွေနဲ့ ဆွေးနွေး၊ ဒေသခံတွေကို ထိန်းပြော၊ အဲဒီလိုပုံစံ မျိုး ဖြစ်နေတာ။ ပြောချင်တာ ဘုန်းကြီးက စစ်တပ်နာမည်ကို သုံးပြီးတော့ ခြိမ်းခြောက်တာတွေ သြဇာလွှမ်းမိုးအောင် လုပ်တာတွေ တအား များလာတယ်။ သူလုပ်နေတဲ့ ကုမ္ပဏီကလည်း သွားတင်လိုက်ရင် တင်ဒါတွေ ကျရနဲ့ ဒေသဖွံ့ဖြိုး ရေးလည်း စစ်တပ်နဲ့ ပေါင်းလုပ်ထားတာတွေ ရှိတယ်။ ဒါတွေက ဘုန်းကြီး အလုပ် မဟုတ်ဘူး” ဟု ဆိုသည်။
ဘုန်းတော်ကြီး နိုအဲလ်ဟရန် တင်းထန်ကို သတင်းပေး မလုပ်ရန် ၂ ကြိမ် သတိပေးခဲ့ပြီး မလိုက်နာသဖြင့် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဆရာတော်များမှာလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း CDF ဘက်က ဆိုသည်။
CDF ဘက်မှ ပြောဆိုချက်များနှင့် ပတ်သက်၍ ဆူရ်ခွါးမြို့၊ ရပ်မိရပ်ဖများ၊ ဘာသာရေးဆရာများ စုပေါင်း ဖွဲ့စည်းထားသည့် သာရေးနာရေး ကော်မတီက စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း ချင်းဘာသာဖြင့် စာတစောင်ထုတ်ကာ ငြင်းဆိုထားသည်။
အဆိုပါ ကော်မတီ၏ တုံ့ပြန်ချက်များ ရေးသားထားသည့် ထုတ်ပြန်ချက်ထဲတွင် “ဆူရ်ခွါးမြို့ဘာသာရေးခေါင်းဆောင် များသည် ဆူရ်ခွါးမြို့ ဘေးကင်းလုံခြုံရေးအတွက် စစ်တပ်စခန်းချသော နေရာသို့ သွားရောက်ကာ တွေ့ဆုံကြပါသည်။ ဟားခါးမှ ရောက်လာသည့် စစ်တပ်ခေါင်းဆောင်က ဘုန်းတော်ကြီးကို လိုအပ်မှုများ မေးမြန်းပြီး စစ်တပ်ကို လာရောက် တွေ့ဆုံရန်နှင့် လာရောက်တွေ့ဆုံခြင်း မရှိပါက ဆူရ်ခွါးမြို့ကို မီးရှို့ပြာကျစေမည်ဟု ခြိမ်းခြောက်လာပါသည်။ ထို့ကြောင့် မြို့ပေါ်ရှိ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များသည် ဟားခါးမှ စစ်တပ်အကြီးအကဲကို သွားရောက် တွေ့ဆုံကြ ခြင်း ဖြစ်ပါသည်” ဟု ရေးသားထားသည်။
CDF မှ ဖမ်းဆီးထားသည့် ဆရာတော်နှစ်ပါးအနက် ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်သည် ဖမ်းဆီးခံရသည့် ဇူလိုင် ၂၆ ရက်ကလည်း စစ်တပ်နှင့်တွေ့ရန် ဟားခါးသို့ သွားခြင်း မဟုတ်ဘဲ ကိုဗစ်-၁၉ ကာကွယ်ဆေးများ သယ်ယူရန် ကိုယ်စား လှယ်အဖြစ် ဆေးသွားယူခြင်း ဖြစ်သည်ဟု အဆိုပါ ကော်မတီက ဆိုသည်။
ဘုန်းတော်ကြီး နိုအဲလ်ဟရန် တင်းထန်သည် ဆူရ်ခွါးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့မိမြို့ဖများ၊ သာရေးနာရေး အသင်းများ စုဖွဲ့ထားသည့် ကော်မတီတွင်လည်း ခေါင်းဆောင်တဦး ဖြစ်သည်ဟု သိရသည်။
ဘုန်းတော်ကြီး နိုအဲလ်ဟရန် တင်းထန်နှင့်အတူ ဖမ်းဆီးခံထားရသည့် ဓမ္မဆရာ ကလဲမင်းသည် ဇူလိုင်လအတွင်း ဆူရ်ခွါး နှင့် ဟားခါးမြို့များတွင် စစ်တပ်နှင့် အစည်းအဝေး ပြုလုပ်ရာ၌ ပါဝင်သူ မဟုတ်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန် ထားသည်။
ဆူရ်ခွါးမြို့ဒေသခံတဦးက “အခြေအနေတွေက အရမ်း ရှုပ်နေတော့ ဖာသာကိုလည်း စစ်တပ် သတင်းပေးလို့ တဖက်က စွပ်စွဲတယ်။ ဖာသာကတော့ ဒီမှာ မြို့မိမြို့ဖလိုပဲ ရပ်ရွာရေး ဦးဆောင်လုပ်ငန်းတွေမှာ ပါနေသူတဦးလည်း ဖြစ်ပါတယ်။ သူ သတင်းပေးလား၊ မပေးလားတော့ ကျနော်တို့လည်း အတိအကျ မသိပါဘူး။ စစ်တပ်နဲ့ ဆွေးနွေးရတာကလည်း တဖက်က လက်နက်ရှိတယ်ဆိုတော့ အရေးကြုံတော့ လူထုအတွက် ဦးဆောင်ပေးတာလည်း ဖြစ်နိုင်မှာပါ။ အခုလို ဖမ်းခံထားရတာ ကနေလည်း ဘေးအန္တရာယ်ကင်းကင်းနဲ့ အမြန်လွတ်စေချင်ပါတယ်” ဟု ပြောသည်။
ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်သည် စစ်ကောင်စီနှင့် CDF တပ်ဖွဲ့များကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် ကာလ အတွင်းကလည်း မြို့တွင်း ဒေသခံအချို့ကို ကတ်သလစ်ဘုရားကျောင်းဝန်းအတွင်း ခိုလှုံနေရန်၊ သက်ကြီးရွယ်အိုများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက်လည်း ပဋိပက္ခကြားတွင် ကိုယ်တိုင်ထွက်၍ ကယ်ဆယ်ရေးများ၊ လူမှုကူညီရေး လုပ်ငန်းများ လုပ်ဆောင်သူ တဦးဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
ထိုသို့ဖြင့် CDF နှင့် ဆူရ်ခွါးမြို့၏ သာရေးနာရေး ကော်မတီကြား ထုတ်ပြန်ချက်များဖြင့် အငြင်းပွားမှုများ ရှိနေခြင်း ဖြစ် သည်။
ဟားခါးသာသနာနယ်၏ ကတ်သလစ် ဂိုဏ်းအုပ်ဆရာတော်၊ ဘုန်းတော်ကြီး လူစီးကပ်ကလည်း CDF အနေဖြင့် ဖမ်းဆီး ထားသည့် ဆရာတော်နှစ်ပါးကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံပါကြောင်း သြဂုတ် ၁ ရက်တွင် စာစောင်ထုတ်ကာ တောင်း ဆိုထားသည်။
CDF ကလည်း သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားသည့် ကြေညာချက်ထဲ၌ ဆရာတော်နှစ်ပါးကို ပြန်လွှတ်ပေးမည်ဟု ပြောဆိုထားသော်လည်း မလွှတ်ပေးခင် ၎င်းတို့ လိုချင်သည့် ခံဝန်ကတိလွှာ တစောင်ကို လက်မှတ်ရေးထိုး ပေးရမည်ဟု ဆိုသည်။
CDF ရလိုသည့် အချက်များမှာ ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်ကို ဆူရ်ခွါးတွင် တာဝန်ထမ်းဆောင်ခွင့်ပေးထား ခြင်းမှ ရပ်ဆိုင်းပြီး ဟားခါးမြို့သို့ ပြောင်းရွှေ့ပေးရန်၊ ခံဝန် ကတိလွှာတွင် ဆူရ်ခွါးနှင့် ဟားခါးမြို့တို့၏ ကတ်သလစ် အသင်း တော်များမှ အကြီးအကဲ ၂ ဦးက သက်သေအဖြစ် လက်မှတ်ရေးထိုးရန်တို့ ဖြစ်သည်။
ထို့ပြင် ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန် ကိုယ်တိုင်ကလည်း စစ်ကောင်စီ၏ သတင်းပေး မလုပ်တော့ကြောင်းကို ခံဝန်ကတိပြုရမည် ဟူ၍လည်း CDF က ပြောသည်။
CDF အနေဖြင့် တော်လှန်ရေးကာလတွင် ၎င်းတို့ကို အနှောင့်အယှက်ပေးပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ သတင်းပေး ခြင်း ပြုလုပ်သူများကို အသက်အန္တရာယ်ပေးခြင်း၊ ဖမ်းဆီးခြင်း၊ ပြစ်ဒဏ်ပေးခြင်းများ ပြုလုပ်သော်လည်း ယခု ဆရာတော် များမှာ အသင်းတော်များမှ ဘာသာရေး ဆရာတော်များဖြစ်နေသဖြင့် အလျှော့ပေးကာ ခံဝန်ကတိတောင်းခြင်း ဖြစ်သည် ဟု ဆိုသည်။
ဟားခါး CDF ဥက္ကဋ္ဌ က “သူတို့ လာညှိနှိုင်းရင် ချက်ချင်း လွှတ်ပေးမှာ” ဟုလည်း ပြောဆိုသည်။
ဆရာတော်နှစ်ပါးကို ပြန်လွှတ်ပေးရန် တောင်းဆိုခြင်းများ၊ ဆရာတော်နှစ်ပါးသည် သတင်းပေးများ မဟုတ်ကြောင်း ငြင်းဆို သည့် ထုတ်ပြန်ချက်များကို ဒေသခံ ရပ်မိရပ်ဖများနှင့် ကတ်သလစ် အသင်းတော်မှ ထုတ်ပြန်ထားသော်လည်း ယနေ့ထိ CDF နှင့် ဆက်သွယ် ညှိနှိုင်းခြင်း မရှိသေးကြောင်း သိရသည်။
CDF သည် အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် ဧပြီ ၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် ချင်းအမျိုးသားများ၏ တော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
CDF သည် စတင်ဖွဲ့စည်းစဉ်ကတည်းက ၎င်းတို့ တော်လှန်ရေးကို အနှောင့်အယှက်ပေးခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ သတင်းပေးခြင်း၊ လူထုနှင့် စစ်ကောင်စီကို ဆန့်ကျင်၍ အလုပ် မဆင်းရေး အာဏာဖီဆန်မှု လုပ်နေသည့် CDM ဝန်ထမ်း များကို ဒုက္ခရောက်အောင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများ ပြုလုပ်ပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ပြောဆိုထားသည်။
ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တွင် ဧပြီမှ ဇူလိုင်အတွင်း စစ်တပ်ကို သတင်းပေးခြင်းကြောင့် ဟုဆိုကာ ဒေသခံ ၂၉ ဦးကို CDF က ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
လက်ရှိတွင် CDF လက်ထဲ၌ ၅ ဦးကို ဆက်လက် ဖမ်းဆီးထားပြီး ထိုထဲမှ နှစ်ဦးသည် ကတ်သလစ်အသင်းတော်မှ ဆရာ တော်များ ဖြစ်သည်။
You may also like these stories:
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ
ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ