သတင်း

KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ် စောနေစိုးမြ ကိုဗစ်ဖြင့်ကွယ်လွန်

ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြသည် ကိုဗစ်ရောဂါဖြင့် ဩဂုတ်လ ၃ ရက် ညပိုင်းတွင် ကွယ်လွန်သွားကြောင်း (KNU/KNLA-PC) ဘက်က အတည်ပြုသည်။

KNU/KNLA-PC မှ ဗိုလ်မှူး စောမူးအယ်ဝါး က “ကိုဗစ်နဲ့ ဆုံးသွားတာပါ။ မဲဆောက်အပြည်ပြည်ဆိုင်ရာဆေးရုံကြီးမှာ ကွယ်လွန်သွားတာပါ။ မနေ့ည ၁၀ နာရီခွဲမှာဆုံးတာ။ အရင်ကတော့ သူ့မှာ ရောဂါအခံတွေ ဘာတွေ ထွေထွေထူးထူးတော့ မရှိဘူး။ သူက နည်းနည်း ဝတာပဲရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်စောနေစိုးမြသည် ကွယ်လွန်သွားသည့် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ အငယ်ဆုံးသားဖြစ်ပြီး ကွယ်လွန်သွားသည့် (KNU/KNLA-PC) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောထိန်မောင်၏ တူဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်ရှိပြီဖြစ်သည်။

ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ဓာတ်ပုံ – Nawtayar Media)

ဗိုလ်မှူးစောမူးအယ်ဝါးက “ဈာပနကိစ္စကတော့ လောလောဆယ်စီစဉ်နေတုန်းပါပဲ။ ဘယ်လိုလုပ်ဖြစ်မလဲတော့ မသိသေးဘူး။သူဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ အဖွဲ့အစည်းရော တပ်ဗိုလ်တပ်မှူးတွေ အားလုံးကတော့ နှမျောမိတာပေါ့။ စိတ်မကောင်းဖြစ်ရတာပေါ့” ဟု ဆိုသည်။

ဗိုလ်ချုပ်စောနေစိုးမြသည် အဖွဲ့အစည်းတိုးတက်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်တတ်သည့် ခေါင်းဆောင်တဦးဖြစ်ပြီး လက်အောက်ငယ်သားများကို မျှမျှတတဆက်ဆံတတ်ကြောင်း ဗိုလ်မှူးစောမူးအယ်ဝါးက ပြောသည်။

ဗိုလ်ချုပ်စောနေစိုးမြသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံတွင် တပ်ခွဲမှူး ဗိုလ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် KNU မှ ခွဲထွက်ကာ ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အစိုးရနှင့် ပူးပေါင်းခဲ့သော (KNU/KNLA-PC) ထံ ဆက်သွယ်ဝင်ရောက်ခဲ့သူ ဖြစ်သည်။

ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ဓာတ်ပုံ – Nawtayar Media)

KNU မှ တာဝန်ရှိသူတဦးကမူ ဗိုလ်ချုပ်စောနေစိုးမြသည် အေးအေး ဆေးဆေးနေတတ်သူဖြစ်သော်လည်း ၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြကဲ့သို့ ထက်ထက်မြက်မြက်ရှိသူ မဟုတ်ကြောင်းပြောသည်။

၎င်းက “လုပ်ရည်ကိုင်ရည်ထဲက ထက်ထက်မြက်မြက်လူလည်း မဟုတ်ဘူးပေါ့။ မိဘအရှိန်အဝါနဲ့ပဲ ဒီလိုဖြစ်လာတာပေါ့” ဟု ဆိုသည်။

KNU/KNLA (PC) သည် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်ခဲ့ကာ ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

You may also like these stories:

NUG ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့ တိုင်းရင်းသားဒေသများ ကာကွယ်ဆေး ထိုးနိုင်ရေး ရည်ရွယ်

ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ

ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ

Loading