စစ်ဆင်ရေးများ ရပ်တန့်ကာ အပစ်ရပ်ဆိုင်းပေးသည်ဟု ကြေညာထားသည့် စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်တွင် သြဂုတ် ၃ ရက်၊ ညပိုင်းက လက်နက်ကြီးကျည်များဖြင့် တဖက်သတ် ပစ်ခတ်မှုများ ၄ နာရီကြာ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
စစ်ကောင်စီသည် သြဂုတ် ၃ ရက်၊ ည ၇ နာရီမှ ၁၁ နာရီအတွင်း ဝိုင်းမော်မြို့နယ် နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဗဟိုဌာနချုပ် နယ်မြေဖြစ်သည့် လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ ပျံဝဲခြင်း၊ တင့်ကားများ မောင်းနှင်လှည့်လည်ခြင်းများ ပြုလုပ်ကာ စစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဝိုင်းမော်မြို့ ဒေသခံတဦးက “မနေ့ညက ၇ နာရီဝန်းကျင်မှာ တခါတည်း ပစ်တာ လဘန်မှာ ကျည်တွေ အနည်းဆုံး ၃ လုံး ကျတယ်။ အိမ်အတော်များများ ကျည်ထိတယ်။ တအိမ်က ခေါင်မိုးမှာ ကျပြီး မီးအကုန် လောင်သွားတယ်။ ဝက်တွေလည်း ၁၂ ကောင်လောက် သေတယ်။ လိုင်းပေါ်မှာ ပုံတွေ တတ်နေတာပဲ မြင်ကြမှာပါ။ ခြံထဲ ကျည်ကျတာတွေလည်း ရှိတယ်။ ညက ပစ်တာ အသံအရမ်းကျယ်တယ်။ ကိုယ့်နားက ဖြတ်သွားသလိုတောင်ထင်လို့ ကျနော်တို့ မိသားစုဆို အကုန် ကြမ်းမှာ ဝပ်နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ဝိုင်းမော်မြို့နယ်၏ နယ်မြေခံ တပ်ရင်း ဖြစ်သည့် ခြေလျင်တပ်ရင်း၊ ခလရ ၅၈ က ည ၇ နာရီဝန်းကျင်တွင် မြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးကျည်များ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ခဲ့ရာ လဘန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ခလရ ၅၈ သည် ၃ ကြိမ်ထက်မနည်း KIA ၏ တိုက်ခိုက်ခြင်းကို ခံထားရသည့် တပ်ရင်းဖြစ်ရာ ညပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ်အတွင်း ဒေသခံများသည် စစ်ကောင်စီတပ်များနှင့် KIA ကြား တိုက်ပွဲဖြစ်သည်ဟု ထင်ခဲ့ကြောင်း ပြောဆို သည်။
KIA သည် စစ်တပ်၏ အာဏာသိမ်းလုပ်ရပ်ကို ဆန့်ကျင်ကာ လူထုနှင့် အတူ ရပ်တည်မည်ဟု ပြောဆိုပြီး မတ်လ ၁၁ ရက်မှ စ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများကို တိုက်ခိုက် လျက်ရှိသည်။

သို့သော် KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ဗိုလ်မှူးကြီးနော်ဘူက သြဂုတ် ၃ ရက်၊ ညပိုင်းတွင် ဝိုင်းမော်မြို့နယ် အတွင်း KIA က မည်သည့် စစ်ဆင်ရေးမှ ပြုလုပ်ခဲ့ခြင်း မရှိပါဟု ငြင်းဆိုသည်။
ခလရ ၅၈ မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည်လည်း ဝိုင်းမော်မြို့နယ်အတွင်းရှိ KIA တပ်စခန်းများ ရှိရာဘက်သို့ ကျရောက်ခြင်း မရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူက “KIA ဘက်က ပစ်တာ မဟုတ်ပါဘူး။ သူတို့အချင်းချင်း တပ်လှန့်ပြီး ရမ်းသမ်းပစ်တာလား၊ အကြောက်လွန် သတိလွန်လို့ တနေရာမှာ သေနတ်သံကြားလို့ ဝိုင်းပစ်တာလား။ ဒါတွေက ဖြစ်နိုင်ချေရှိ တာပေါ့။ နောက်တခုက KIA ဘက်ကို ထိုးစစ်ဆင်ချင်လို့ တမင်တကာဇာတ်လမ်းဆင်ပြီးမှ တိုက်ပွဲပုံစံဖော်ပြီး ပစ်တာလားပေါ့ စဉ်းစားဖို့ သင့်တဲ့ အကြောင်းအရာတွေပါ။ အခုလည်း ကျနော်တို့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
ဝိုင်းမော်မြို့နယ်တွင်း ည ၇ နာရီမှ ၉ နာရီဝန်းကျင်အထိ ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် အချိန်တွင်း မြစ်ကြီးနား မြို့နယ်ဘက်မှ ဝိုင်းမော်မြို့ဘက်သို့ တင့်ကား ၃ စီး၊ စစ်ဘက်ဆိုင်ရာသုံး ယာဉ် ၂ စီးသွားကာ လှည့်လည်ခြင်းများကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။
ည ၁၀ ခွဲခန့်တွင်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လေတပ်ဝန်းမှ ရဟတ်ယာဉ် ၂ စင်း ပျံသွားကာ မြစ်ကြီးနားမြို့နယ် နှင့် ဝိုင်းမော်မြို့နယ်တို့ ပေါ်တွင် ပျံဝဲနေခဲ့သည်။
ဝိုင်းမော်တွင် ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ တပ်များသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ဧရိယာသို့ လက်နက်ကြီးကျည်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။
ဗိုလ်မှူးကြီးနော်ဘူက “လိုင်ဇာမှာလည်း လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ပစ်တာတွေ့ရပါတယ်။ မိုင်ဆတ်ပါ၊ ကျနော်တို့ရဲ့ ကိုဗစ်စင်တာ၊ Quarantine စင်တာနားကိုလည်း ပစ်ပါတယ်။ ကျနော်တို့ တပ်စခန်းနဲ့ နီးစပ်တာ မရှိပါဘူး။ အားလုံးက ကိုဗစ်-၁၉ ရောဂါတွေကို ထားတဲ့ စင်တာပါ။ ဒါကိုလည်း ပစ်တယ်။ လိုင်ဇာပတ်ဝန်းကျင်မှာ ၁၀ ချက်ကျော် ကျပြီး ပေါက်ကွဲပါတယ်” ဟု ပြောသည်။
လိုင်ဇာမြို့ဧရိယာတွင်း နေထိုင်သူအချို့သည်လည်း လက်နက်ကြီးပစ်ခတ်သံများကြောင့် နေအိမ်အတွင်း ကျည်ကျလာ မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင်ခဲ့ကြရသည်။

မိုင်ဆတ်ပါရှိ Quarantine စင်တာတွင် နေထိုင်နေသူများနှင့် ရောဂါကုသရေး စင်တာတို့မှ လူနာများထဲမှ အချို့လည်း ကျည်ကျလာမည်ကို စိုးရိမ်သဖြင့် အချို့က အဆောက်အဦးအတွင်းမှ ထွက်ပြေးခြင်း၊ မြေပြင်တွင် ဝပ်နေခြင်းများ ပြုလုပ် ခဲ့ကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့၏ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စင်တာအတွင်းမှ လူနာများ ထွက်ပြေးမသွားစေရန် လည်း ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီ၏ ပစ်ခတ်သည့် ကျည်များအနက် ကျည် ၂ လုံးသည် တရုတ်နိုင်ငံ၊ နယ်နိမိတ်အတွင်း ကျရောက် ပေါက်ကွဲ သည်ဟု ပြောဆိုနေကြသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်း ၆ လပြည့်သည့် သြဂုတ် ၁ ရက်တွင် လူထုကို မိန့်ခွန်းပြောရာ၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသဖြင့် ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ထည့်သွင်းပြောဆိုထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကို ထိရောက်အောင် လုပ်ဆောင်နိုင်ရန်ဟုဆိုကာ သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိလည်း အုပ်ချုပ်ရေးယန္တရားများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို ထိခိုက်ခြင်းမှ အပ ကျန်စစ်ဆင်ရေးများကို ရပ်ဆိုင်းပေးပါမည်ဟု ဆိုကာ အပစ်ရပ်ကြေငြာချက် တစောင်ကို စစ်ကောင်စီက ထုတ်ပြန် ထားသည်။
You may also like these stories:
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ
ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ