သတင်း

မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ တရိပ်ရိပ် တက်နေပြန်

Want create site? Find Free WordPress Themes and plugins.

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြောင့် ရပ်ကွက်ကြီး ၄ခုအတွင်း မြစ်ရေ တရိပ်ရိပ် တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီမြို့တွင် သောင်းရင်းမြစ်ရေကြောင့် တမြို့လုံး ရေမြှပ်ခဲ့ပြီးနောက် ၂ရက်အကြာ ယခုကဲ့သို့ ရေများပြန်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးက “ရေပြန်ကျသွားပြီးတော့ ၂ရက်လောက်မှာပဲ မိုးကဆက်တိုက်ရွာလာတာ။ တောင်ကျရေတွေနဲ့ ပြန်ရောပြီး တော့ ကျလာတာ။ အခု အတက်ကမကြမ်းဘူး။ ရွှေ့ပြောင်း တဲ့ကိစ္စမှာလည်း သိပ်အခက်အခဲတော့မရှိဘူး။ သောင်းရင်း မြစ်က တဖက်ပဲစီးတဲ့မြစ် ပင်လယ်လို ရေတက် ရေကျမရှိဘူး။ အခုရေကြီးတာက မိုးရွာတာကြောင့် ပါသလို ဟိုအထက် ပိုင်းက တောင်ကျရေတွေက ပြန်ကျလာလို့ ပေါင်းပြီးတော့ ရေကြီးတာ” ဟု ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက လက်ရှိ မြဝတီမြို့တွင် သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေမှတ် အထက် ၁၀၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း ဖော်ပြထားပြီး၊ လွန်ခဲ့သော ဇူလိုင် ၂၆ရက် ရေကြီးမှုတွင် စိုးရိမ်ရေအမှတ် အထက် စင်တီမီတာ ၈၀၀ ကျော် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသခံတဦးကလည်း သြဂုတ် ၃ရက် ညပိုင်းက ရေတက်ခင်းမှာ ယခင်ရေတက်ခြင်းနှင့် နှိုင်းယှဉ်ပါက ၅ပုံ ၁ပုံစာမျှ သာရှိကြောင်း ဆိုသည်။

“စိုးရိမ်ရေအမှတ်ရဲ့ ၁၀၀စင်တီမီတာ ကျော်သွားပြီ။ ၃ပေအထက်ကိုတက်လာနေပြီ။ ဟိုတခေါက်တုန်းကတော့ စိုးရိမ်ရေ မှတ်ရဲ့ ၈၀၀ ကျော်တက်သွားတာပေါ့။ လက်ရှိကတော့ အရင်တက်တာထက်စာရင် ၅ပုံ ၁ပုံလောက်ပဲရှိသေးတယ်” ဟု မြဝတီမြို့ဒေသခံတဦးကပြောသည်။

ရေတရိပ်ရိပ် တက်နေခြင်းကြောင့် ရေမြှပ်လျက်ရှိသည့် ရပ်ကွက်များမှ အိမ်ထောင်စုများအား ရေလွတ်ရာ ကယ်ဆယ် ရေးစခန်းများသို့ လူမှုကယ်ဆယ်ရေးအသင်းများက ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့တွင် ဇူလိုင်လကုန်ပိုင်းခန့်က ရေနစ်မြှပ်မှုကြောင့် ဖွင့်လှစ်ခဲ့သည့် ကယ်ဆယ်ရေးစခန်း ၇ ခုရှိပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်း ၂ခုသို့ လူများကို ရွှေ့ပြောင်းရသေးကြောင်း မြဝတီမြို့ လူမှုကယ်ဆယ်ရေးအသင်းတခုမှ ပြောသည်။

မြဝတီမြို့လူမှုကယ်ဆယ်ရေးအသင်းက “ရေတက်စမှ ကယ်ဆယ်ရေးစခန်းလုပ်လိုက်တာပါ။ ကျနော်တို့ မြဝတီမြို့မှာ သီး သန့် ကယ်ဆယ်ရေးစခန်းမရှိဘူး။ စာသင်ကျောင်းတို့ ဘာတို့မှာ ချက်ချင်းလုပ်ရတဲ့ သဘောပါ။ အတွေ့အကြုံ ကတော့ ရှိပြီးသား ၂၀၁၃ မှာလည်း ဖြစ်ဖူးတယ်။ ၂၀၁၉ မှာလည်း ဖြစ်ဖူးတယ်။ ဒီလိုဖြစ်တိုင်း လုပ်ရတဲ့သဘောပါ” ဟုပြောသည်။

သို့သော် ကိုဗစ်တတိယလှိုင်းကာလတွင် ရေမကြာခဏ နစ်မြှပ်နေသည့်အတွက် အခက်အခဲများစွာဖြစ်ပြီး လူမှုကယ် ဆယ်ရေးအသင်းများမှာ လုပ်ကိုင်နေသည့် လူများအနေဖြင့်လည်း ကယ်ဆယ်ရေးအပိုင်းမှာ ခက်ခဲ လျက်ရှိ ကြောင်း ဆိုသည်။

“လိုက်ကူတဲ့သူ တယောက်အနေနဲ့ တော်တော်လေး စိတ်သောကရောက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုဗစ်ကလည်း အနီရောင်အဆင့် ရောက်နေတဲ့ အခြေအနေ။ ကယ်ဆယ်ရေးအပိုင်းမှာ တော်တော်လေး ခက်ခဲ သွားကြတယ်။ အရင်ကဆို ကယ်ဆယ်ရေးလုပ်ရင် အခန်းတခန်းမှာ အိမ်ထောင်စု ၄ စု ၅စုလောက် ထည့်လို့ရပေမယ့် အခု ကိုဗစ်ကာလမှာ ၂စု လောက်ပဲထားလို့ရတယ်။ တခန်းဆိုတာက ပေ ၃၀ ပတ်လည်လောက်ရှိတဲ့ အခန်းပေါ့။ အများဆုံးမှ အိမ်ထောင်စု ၂စု၊ ၃စုပဲ ထားလို့ရတယ်။ တော်တော်လေးကို ဝေးဝေးထားရတယ်။ တော်တော်လေးကို အခက်အခဲဖြစ် ပါတယ်” ဟု မြဝတီမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းတခုမှ အမည်မဖော်လိုသူတဦးက ပြောသည်။

မြဝတီမြို့တွင် ဇူလိုင် ၂၃ ရက် (ဝါဆိုလပြည့်နေ့) နေ့မှစတင်၍ မိုးဆက်တိုက် ရွာသွန်းခဲ့ကာ ဇူလိုင် ၂၆ ရက်၊ ည ၈ နာရီ ဝန်းကျင်တွင် မြစ်ရေမြင့်တက်လာခဲ့ပြီး ဇူလိုင်လ ၂၉ရက်နေ့တွင် ရေပြန်ကျခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရ မြဝတီမြို့၏ သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေ မှတ် အထက် ၁ ပေခွဲခန့်ကို ရောက်ရှိနေပြီး၊ ယင်းမြစ်ရေသည် နောက် ၁ ရက်အတွင်း ၂ ပေခွဲခန့် ဆက်လက် မြင့်တက်နိုင် ကြောင်းနှင့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ မြဝတီမြို့နှင့် ညီအမမြို့ဟု ဆိုရမည့် သောင်ရင်းမြစ်ကမ်းနံဘေးရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ရေကာတာတွင် ရေပြည့်နေသဖြင့် ယနေ့ ရေလွှတ်မည်ဖြစ်ရာ နှစ်နိုင်ငံ မြစ်ကမ်းနံဘေးနေသူများ သတိရှိရန် သတိပေးမှုများ ပြုလုပ် ထားသည်။

You may also like these stories:

မြစ်ရေကြီးမှုကြောင့် မြဝတီကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နိုင်

မြဝတီမြို့ ရေကြီးမှု ကယ်ဆယ်ရေးစက်လှေနှင့် အောက်ဆီဂျင် လိုအပ်နေ

မဲဆောက်တွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို တရက်ခြား၂၀၀ စီ ပြန်လည်ပို့ဆောင်

Did you find apk for android? You can find new Free Android Games and apps.
Loading