ကိုဗစ်တတိယလှိုင်းတွင် သေဆုံးမှုများ အဆမတန် မြင့်တက်လာပြီးနောက် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးပိုင်းများ ကာကွယ်ဆေးထိုးမှု များပြားလာကြောင်း ပရဟိတအသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
ယခင် စစ်ကောင်စီက စီစဉ်သည့် ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွင် ဆေးလာရောက်ထိုးနှံသူ နည်းပါးခဲ့သော်လည်း ဇူလိုင်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု များပြားလာသဖြင့် သက်ကြီးပိုင်းများတွင် စိုးရိမ်စိတ်များ ရှိလာရာ ယခုကဲ့သို့ ဆေးထိုးသူ များပြားလာခြင်း ဖြစ်ကြောင်း ပရဟိတအသင်းအဖွဲ့များက ဆိုသည်။
အရှေ့ဒဂုံမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင် တဦးက “ထိုးတဲ့လူက များလာတယ်။ တော်တော်များများကတော့ ဒီရောဂါကို ကြောက်ပြီးတော့ လက်ရှိ လာထိုးကြတယ်ဗျ။ ပထမ ထိုးခိုင်းတုန်းကတော့ မထိုးကြဘူး။ အခုကျတော့ ရောဂါဖြစ်တဲ့နှုန်း တွေ မြင့်လာတာကိုတွေ့ပြီး ကြောက်လန့်ပြီးတော့ လာထိုးကြတယ်” ဟု ပြောသည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတ အဖွဲ့ဝင် တဦးကလည်း “ဆေးထိုး ကြပါတယ်။ လူကြီးပိုင်းတွေ တော်တော်များများ လာထိုးကြတယ်။ အဓိကကတော့ သေဆုံးမှုတွေများလာလို့ ကြောက်လို့ လာထိုးတာပဲလေ။ မသေရင်တော့ ဘယ်သူမှ လာထိုးမယ် မထင်ပါဘူး” ဟုဆိုသည်။
ကိုဗစ်ကာကွယ်ဆေးများကို စစ်ကောင်စီက တိုင်းနှင့် ပြည်နယ်များတွင် ထိုးနှံလျက်ရှိပြီး အသက် ၆၅ နှစ်အထက် ပြည်သူ များ၊ ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေး ဝန်ထမ်းများ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ အစရှိသဖြင့် ဆေးရရှိမှုအပေါ် မူတည်ပြီး အဆင့်လိုက် ဦးစားပေးထိုးမည် ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို အရပ်သားအစိုးရလက်ထက် ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ခဲ့ပြီး အာဏာသိမ်းပြီး နောက် တွင် စစ်ကောင်စီက ကာကွယ်ဆေးထိုး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံတွင် ထိုးပေးနေသော ကာကွယ်ဆေးများသည် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးဖြစ်သည့် ယင်းနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၂ သန်းနှင့် ဝယ်ယူထားသည့် Sinovac ဆေး ၁ သန်း စုစုပေါင်း ကာကွယ်ဆေး ၃ သန်းကို စစ်ကောင်စီက ထိုးနှံနေခြင်းဖြစ်ပြီး သြဂုတ်လတွင်လည်း နောက်ထပ် ကာကွယ်ဆေး ၃ သန်း ထပ်မံရောက်ရန် ရှိကြောင်း သိရသည်။
တဖက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ အပေါ်တွင် အယုံအကြည် မရှိ၍ ကာကွယ်ဆေး မထိုးလိုသူ ပြည်သူအများ အပြားလည်း ရှိနေကြာင်း စုံစမ်းသိရှိရသည်။
လှိုင်သာသာမြို့နယ်နေ အသက် ၆၈ နှစ်အရွယ် ဒေါ်အေးမာက “စစ်အုပ်စုလည်း မယုံဘူး။ သူ့လက်အောက်က ဆေးတွေနဲ့ ဆရာဝန်တွေကိုလည်း မယုံဘူး။ ဒါ့ကြောင့် မထိုးဘူး။ ဆေးတွေက တရုတ်ဆေးဆိုတော့ ကြောက်တယ်။ ဒေါ်အောင်ဆန်း စုကြည် လက်ထက် ထိုးမယ် ဆိုတုန်းက ကိုယ့်မှာကျောက်ကပ်ရောဂါ ရှိပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ထိုးလို့ရရင် တော့ ထိုးမယ်ပေါ့။ အခုကတော့ အာဏာသိမ်းပြီး ရှေ့တခေါက်ထိုးပေးတုန်းကလည်း မထိုးဘူး” ဟု ပြောသည်။
သန်လျင်မြို့နေ ဒေါ်ဝင်းဝင်းအေးကလည်း တာဝန်ယူမှု တာဝန်ခံမှု မရှိသည့် စစ်ကောင်စီလက်ထက်တွင် တရုတ်နိုင်ငံ ထုတ်ဆေးများကို မထိုးချင်ကြောင်း ဆိုသည်။
“မထိုးပါဘူး၊ စစ်ကောင်စီကိုမယုံလို့ကို မထိုးတာ ပိုဆိုးတာက တရုတ်ဆေးတဲ့၊ ဒေါ်စု လက်ထပ်ဆိုရင်တောင် တရုတ်ဆေး ထိုးပေးလည်း ထိုးလိုက်ဦးမှာ အခုက စစ်ကောင်စီလက်ထက် ဘာတာဝန်ခံ ၊ တာဝန်ယူမှု မရှိဘူး။ ဆေးထိုးပြီး သေရင် သူ့သဂြိုဟ်စက် အသစ်ထဲ ရောက်သွားနေဦးမယ်” ဟု ၎င်းကပြောသည်။
အလားတူပင် စစ်ကောင်စီ၏ ကာကွယ်ဆေးထိုး ဦးစားပေးစာရင်းတွင် ပါဝင်သော ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများကလည်း ကာကွယ်ဆေးထိုးလိုသည့် ဆန္ဒမရှိကြောင်း ဆိုကြသည်။
ရန်ကုန်မြို့ အခြေစိုက် စေတနာ့ဝန်ထမ်း တဦးက “ကျနော်တို့ကိုလည်း ထိုးဖို့ အကြောင်းကြားလာတာ ရှိပါတယ်။ ကျနော်တို့ကတော့ ထိုးဖို့ အစီအစဉ်မရှိပါဘူး။ တချို့လည်း ထိုးရင်ထိုးမှာပေါ့ ကျနော်ကတော့ ထိုးဖို့ မရှိဘူး။ ကာကွယ်ဆေးက ထိုးပြီးလည်း ကူးနေတယ်လေ။ ဆေးကို အယုံအကြည်မရှိလို့ မထိုးကြတာလည်း ရှိတယ်” ဟု ပြောသည်။
ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရသည့် ပြည်သူများအနေဖြင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးမျိုးကို ထိုးခွင့် ရှိလာပါက ကာကွယ်ဆေး ထိုးနှံသင့်ကြောင်း ကျန်းမာရေးပညာရှင် တချို့က တိုက်တွန်း ပြောဆိုသည်။
ပြင်သစ်အခြေစိုက် Pfizer ဆေးကုမ္ပဏီမှ ကပ်ရောဂါဗေဒပညာရှင် ဒေါက်တာ တင်တင်ထားမြင့်က “အရည်အသွေး (Quality) ပြည့်တဲ့ ကာကွယ်ဆေး ကိုယ့်ဆီ ရောက်လာမယ်ဆိုရင် ထိုးစေချင်ပါတယ်။ အထူးသဖြင့် ဒီလို အချိန်မျိုးမှာ အသက်ရှင်မှ ဖြစ်မှာပါ။ ဖြစ်နိုင်ရင် ထိုးစေချင်ပါတယ်” ဟု အကြံပြု ပြောဆိုထားသည်။
တရုတ်နိုင်ငံထုတ် Sinovac နဲ့ Sinopharm ကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုနိုင်သည့် ဆေးများအဖြစ် ပြီးခဲ့သည့် မေနဲ့ဇွန်လတွင် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ခွင့်ပြုပေးခဲ့ပြီး လက်ရှိတွင် အဆိုပါဆေးများကို နိုင်ငံပေါင်း ၈၀ ကျော်က အသုံးပြုနေကြပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရာဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁ ဒသမ ၈၃ သန်းခန့်ရှိပြီး လူဦးရေ၏ ၆ ရာခိုင်နှုန်းကျော် ထိုး ခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ အသက် ၆၅ နှစ်အထက် လူဦးရေ ၂ ဒသမ ၈ သန်း ရှိသည့်အနက် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ ၈ သိန်းရှိပြီး ကျန်ရှိနေသူများကို ဦးစားပေး ဆေးထိုးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ဆိုထားသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်နေ့မှ စတင်ကာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေပြီး ဗီဇပြောင်းပိုးဖြစ်သည့် Alpha, Beta, Delta နှင့် Kappa စသည့် ဗီဇပြောင်းပိုး ၄ မျိုးအထိ တွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် သြဂုတ်လ ၃ ရက်နေ့ထိ ပိုးကူးစက်သူ ၁၆၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၇,၁၅၇ ဦး အထိ ရှိပြီ ဖြစ်သည်။