မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေးအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြား ရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနများက သတင်းထုတ်ပြန်သည်။
အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီရှားမန်းနှင့် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဩဂုတ်လ ၄ ရက်က အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ဒုနိုင်ငံခြားရေး ဝန်ကြီးက မြန်မာ့ ဒီမိုကရေစီအရေးအတွက် အမေရိကန်က ဆက်လက်အားပေးနေမှုများ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင်ရေး ကြိုးပမ်းမှုကိစ္စများ ဆွေးနွေးခဲ့ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဒေါ်ဇင်မာအောင်နှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သူမ၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။
“ကျမ ဒီကနေ့ ဇင်မာအောင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့နဲ့ ကပ်ရောဂါကို တိုက်ဖျက်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ အခြားသောသူတွေရဲ့ ကြိုးပမ်း အားထုတ်နေမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ အားလုံး ပါဝင်နိုင်မယ့် ဒီမိုကရက်တစ် အနာဂတ်တခုကို တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်သူလူထုရဲ့ ရဲရင့်မှုနဲ့ ခိုင်မာတဲ့ ခံယူချက်တို့ကို ကျမတို့ လေးစားဦးညွှတ်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။
NUG နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ အာဆီယံ ဘုံ သဘောတူညီချက် ၅ ချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် ခန့်အပ်ထားရှိမှု ကိစ္စများ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် NUG မှ ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် နိုင်ငံတကာမှ ကူညီ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးမည့် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံဘက်က အဆိုပြုသည့် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ် Erywan Yusof ကို မြန်မာဘက်က သဘောတူလက်ခံကြောင်း မြန်မာ စစ်ကောင်စီဘက်က ဩဂုတ်လ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းနေ့မှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုနှင့် တပြိုင်နက်တည်းမှာပင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကန် Antony Blinken သည် မြန်မာ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အွန်လိုင်း အစည်းအဝေးတရပ်ကို ဩဂုတ် ၂ ရက်မှ ၆ ရက်ထိ ကျင်းပနေသည်။
အန်ထော်နီ ဘလင်ကန်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်ကို ခန့်အပ်လိုက်ခြင်းအတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း သူ၏ တွစ်တာစာမျက်နှာတွင် ပြောထား သည်။
စစ်တပ်အနေဖြင့် အာဆီယံ သဘောတူညီချက်ငါးရပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်နှင့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များ အပါအဝင် သက်ဆိုင်သူ အားလုံးနှင့် ထိတွေ့ ဆောင်ရွက်စေရန်အတွက် အမြန်ဆုံး အရေးယူ ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများကို တိုက်တွန်းကြောင်း ဝန်ကြီးက ဆိုသည်။
အမေရိကန်နိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘဝ) ကမူ အမေရိကန်နိုင်ငံသည် နိုင်ငံတကာ သံတမန်ရေးရာ အခင်းအကျင်းအရ ၎င်းတတ်နိုင်သမျှကို မြန်မာနိုင်ငံအတွက် လုပ်ဆောင် ပေးနေကြောင်း ပြောဆိုသည်။
“နိုင်ငံတကာ ဆက်ဆံရေး အထိုင်ကိုက စစ်တိုက်ရေး မဟုတ်ဘဲ ညှိနှိုင်း ဆွေးနွေးရေး ပြဿနာဖြေရှင်းရေးကို ဦးတည်တာ ဖြစ်တဲ့အတွက် ကျနော်တို့ အမြင့်ဆုံးအနေနဲ့ တွေ့ဆုံဆွေးနွေးရေးပဲ ရနိုင်မယ်။ အဲဒီဖြစ်နေတာထဲက ငါ့အတွက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ချည်းကပ်ပုံကို ပြောင်းမယ်ဆိုရင်တော့ အကန့်အသတ်ကို လက်ခံပြီး အဲဒီ အကန့်အသတ်ထဲက ရနိုင်သမျှကိုပဲ ရနိုင်မယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းကပင် မြန်မာစစ်ကောင်စီ၏ ရွေးကောက် ပွဲ အစီအစဉ်ကို ပယ်ချကြောင်း ပြောထားပြီး စစ်ကောင်စီသည် ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်ဖြင့် အချိန်ဆွဲနေကြောင်း ဝေဖန်ထားသည်။
You may also like these stories:
မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန် ခန့်အပ်ရေး နောက်ကွယ်က အားပြိုင်မှု
မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်ကို စိန်ခေါ်ချက်များ စောင့်ကြို
မြန်မာ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံ
အာဏာသိမ်းမှု ၆ လပြည့်နဲ့ သူတို့ အမြင်