စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေး တင်းမာနေသည့် နယ်မြေများတွင် နေထိုင်ကြသည့် အရပ်သားများ အနေဖြင့် အချိန်မရွေး စစ်ဘေးရှောင်ရနိုင်ခြင်းကြောင့် တနိုင်တပိုင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ စုဆောင်း ထားကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောသည်။
KNDF ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ ပြည်သူလူထုကို အသိပေးချင်တယ်။ တိုက်ပွဲက နေ့ ည အချိန် မရွေး ဖြစ်သွားနိုင်တယ်။ လူထုက စစ်ဘက်ဆိုင်ရာ သတင်းတွေ နားစွင့်ပြီး အထူးသဖြင့် စားနပ်ရိက္ခာခြောက်တွေ ဆန်တွေ တောထဲမှာ အရေးပေါ်ခိုလှုံနိုင်ဖို့ မိုးရာသီဖြစ်လို့ မိုးကာတွေ စုဆောင်းထားဖို့ ကျနော်တို့ သတင်းစကား ပေးလို တယ်။ ဆေးဝါးတွေလည်း ကြိုဝယ်ထားရင် မမှားဘူးလို့ ပြောချင်တယ်။ စစ်ရေးက ပိုတင်းမာလာလိမ့်မယ်။ ပိုပြီး ပြင်းထန် လာမယ့် အနေအထားမှာ ရှိပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
KNDF သည် ကယားပြည်နယ်အတွင်း မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ စုပေါင်း ထားသည့် တပ်ဖြစ်ကာ လက်ရှိတွင် ဝါရင့် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည့် ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းကာ စစ် ကောင်စီကို တိုက်ခိုက်လျက် ရှိသည်။
ကယားပြည်နယ်တွင်း လွိုင်ကော်၊ ဘော်လခဲနှင့် ဖရူဆိုမြို့နယ်တို့တွင် KA ၊ KNDF နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဖြစ် ပွားထားပြီး စစ်ရေးတင်းမာနေရာ တဖက်တွင်လည်း ရွာလုံးကျွတ် ထွက်ပြေး စစ်ဘေးရှောင်ရသည့် အရပ်သားဦးရေမှာ တပတ်အတွင်း ထောင်နှင့်ချီ ထပ်မံ တိုးလာသည်။
KNDF အနေဖြင့် စစ်ရေးသတင်းများ နားစွင့်ပြီး တနိုင်တပိုင် ဆန်နှင့် ရိက္ခာခြောက်များ၊ ဆေးဝါးများ စုဆောင်းရန် လူထုကို ပြောဆိုရခြင်းမှာ ကရင်နီလူငယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အလှူ ငွေ ရရှိမှု နည်းပါးလာခြင်း၊ ငွေကြေးများ ခက်ခဲလာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “စစ်ရေးက လူထု အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နေပေမယ့် စကစ ကိုတော့ ရတဲ့နည်းနဲ့ ခုခံကာကွယ်မယ်။ ပြင်းပြင်းထန်ထန် တိုက်ထုတ်သွားမယ်။ စစ်ဖြစ်လာပြီ ဆိုကတည်းက စစ်ဘေး ရှောင်တွေ ရှိလာမှာပဲ။ ကျနော်တို့က တဖက်မှာလည်း တိုက်ရ၊ တဖက်မှာလည်း စစ်ဘေးရှောင်အတွက် ရှာရဆိုရင် ကျနော်တို့က အကုန်လုံး လိုက်မကြည့်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ပြည်သူတွေကပဲ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ကယားပြည်နယ်တွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရေးတွင် ပါဝင်နေသည့် တိုးတက်သော ကရင်နီ ပြည်သူ့ အင် အားစု (PKPF)၊ သတင်းနှင့် ပြန်ကြားရေးဌာနကလည်း ကယားပြည်နယ်တွင်း တိုက်ပွဲများ ပိုပြင်းထန်လာပါက စစ် ကောင်စီဘက်မှ လျှပ်စစ်မီးများ၊ အင်တာနက်နှင့် ဖုန်းလိုင်းများ၊ လမ်းများကို ပိတ်ဆို့ ဖြတ်တောက်နိုင်သဖြင့် လူထုက တကိုယ်ရေသုံး ပစ္စည်းများ၊ အဝတ်အစားများ၊ မိုးကာ၊ အိုးခွက်၊ အခြေခံဆေးဝါးများ၊ ငွေကြေး၊ အားသွင်းရမည့် Power Bank များ၊ ၅ ရက်စာ ဆန်နှင့် အစာခြောက်များကို အဆင်သင့်ကြိုပြင်ထားကြပါဟု သတိပေးစာ တစောင် ထုတ်ပြန် ထားသည်။
လက်ရှိတွင် ကယားပြည်နယ်တွင်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး၊ ဘော်လခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ကောင်စီ တပ်များနှင့် ကရင်နီ တပ်မတော် (KA) ၊ KNDF ပူးပေါင်း တပ်ဖွဲ့များကြား စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်နီပြည်နယ်တွင်း ၎င်းတို့ကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့နှင့် ညှိနှိုင်းကာ ဇွန် ၁၅ ရက်တွင် အပစ်ရပ်ပြီး ၎င်းတို့အနေဖြင့် PDF များကို တောနင်း ရှာဖွေခြင်း မပြု ကြောင်း နှုတ်ကတိများ ပေးခဲ့ကြသည်။

သို့သော် စစ်ကောင်စီက ဇွန်လအတွင်း PDF တပ်ဖွဲ့များနှင့် လွိုင်ကော်၊ ဒီးမော့ဆိုတို့တွင် တိုက်ပွဲပြင်းထန်နေသည့် ကာလအတွင်း လူဦးရေ ၁၀၀၀ အထက် အင်အားရှိသည့် တပ်မ ၆၆၊ လက်အောက်ခံ တပ်ရင်းများကို ကယားပြည်နယ် တွင်း ဖြည့်သွင်းကာ စစ်အင်အား တိုးထားခဲ့သည်။
အင်အားတိုးချဲ့သည့် အနေဖြင့် အသစ်ရောက်လာသည့် အင်အား ၁၀၀၀ ကျော်သည် ဇူလိုင်လအတွင်း လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး၊ ဘော်လခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့ဘက်သို့ ရာနှင့်ချီ ဖြန့်ကျက် လှုပ်ရှားလာခဲ့သည်။
စစ်ကောင်စီတပ်များသည် မြို့ပေါ်တွင်သာ ဖြန့်ကျက်နေရာယူခြင်း မဟုတ်ဘဲ တောတွင်းသို့ စစ်ကြောင်းများ ဝင်ရောက် လာခြင်း၊ ကရင်နီ တပ်မတော် (KA) ၏ တပ်ရင်း ၁ လှုပ်ရှားရာ နယ်မြေများအတွင်းသို့ ဝင်လာသဖြင့် ဇူလိုင် ၁၆ ရက်တွင် ဘော်လခဲမြို့နယ်၊ နန်းဖဲကျေးရွာ၌ စတင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။
KA နှင့်အတူ KNDF များသည်လည်း ပူးတွဲလှုပ်ရှားနေရာ နန်းဖဲကျေးရွာတကြော တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားပြီး ဘော်လခဲ မြို့နယ်အတွင်းမှ ကျေးရွာ ၇ ရွာတွင် နေထိုင်သည့် ဒေသခံ ၂၆၀၀ စတင်ထွက်ပြေးရပြီး တောတွင်း၌ စစ်ဘေး ရှောင် ဒုက္ခသည်များအဖြစ် တိမ်းရှောင်နေရသည်။
ဘော်လခဲမြို့နယ်တွင် ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၂၂ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ရေးတင်းမာနေသည့် ဘော်လခဲမြို့နယ်၊ နန်းဖဲကျေးရွာမှတဆင့် သြဂုတ် ၃ ရက်တွင် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာ၊ မားခရောရှေ့ကျေးရွာတို့အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခဲ့သည်။
သြဂုတ် ၃ ရက်၊ တရက်တည်းတွင် ဘော်လခဲနှင့် ဖရူဆိုမြို့နယ်တို့အတွင်း စစ်ကောင်စီနှင့် KA၊ KNDF ပူးပေါင်းတပ်များ အကြား တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်။
ဘော်လခဲနှင့် ဖရူဆိုမှ စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် ကရင်နီ လူငယ်အဖွဲ့အစည်းတခုမှ အမျိုး သမီးတဦး က “အစက နန်းဖဲကနေ ပြေးရတာ လူဦးရေ ၂၀၀၀ ကျော် ရှိပါတယ်။ နောက် ဖရူဆိုမှာ တိုက်ပွဲ ထပ်ဖြစ်တော့ အားလုံး စုစုပေါင်း ပြေးရတဲ့ ရွာက ၁၄ ရွာ ရှိသွားပြီ။ ဒုက္ခသည်ဦးရေ update က ၇၅၃၀ ဦးပါ။ ပြေးနေရတဲ့ထဲမှာ မသန် စွမ်းသူတွေကို ထပ်ပေါင်းရင် စုစုပေါင်း လူဦးရေက ၇၅၅၈ ဦး ရှိပါတယ်” ဟု ပြောသည်။
တောတွင်း ထွက်ပြေးနေရသည့် ဒုက္ခသည်ဦးရေ ထပ်တိုးလာသော်လည်း အကူအညီပေးနေသည့် ကရင်နီ အဖွဲ့များ အနေဖြင့် ငွေကြေး အခက်အခဲများ ရှိနေသည်ဟု သိရသည်။
အဆိုပါ အမျိုးသမီး က “ဒီ ၇၀၀၀ ကျော်အတွက် ကျမတို့ ရိက္ခာ ၂ ကြိမ် ပို့ထားပြီ။ ပထမပို့တုန်းက အမျိုးသမီး သုံးတွေပါ အစုံပဲ။ မနေ့တနေ့က ပို့တာတော့ ဆန်အိတ် ၅၀ နဲ့ ငရုတ်သီး တအိတ်၊ သူတို့ ၁၄ ရွာအတွက်တော့ ခက်ခဲလိမ့်မယ်။ အဲဒါ က ၁၄ ရွာလုံး ပြန်ခွဲစားရမှာပါ။ နောက်တကြိမ်ကတော့ မပို့နိုင်တော့ဘူး။ ရန်ပုံငွေ ကျမတို့မှာ လုံးဝ မရှိတော့ဘူး” ဟု ပြောဆိုသည်။
လက်ရှိတွင် ဘော်လခဲနှင့် ဖရူဆိုမှ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရိက္ခာများ ထောက်ပံ့ပေး နေသည့် ကရင်နီ လူငယ်များ အဖွဲ့သည် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များမှ ဒုက္ခသည်များကိုလည်း ရိက္ခာထောက်ပံ့ပေးနေသည့် အဖွဲ့ ဖြစ်သည်။
နန်းဖဲကျေးရွာမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခသည် တဦးက “အခု မိုးတွင်း ဆိုတော့ အဆင်မပြေဘူး။ ဖြစ်သလိုပဲ နေထိုင်ရတာပေါ့။ အစားအသောက်အတွက်က ဆန်က အဓိကပဲ။ အခုကတော့ နည်းနည်းရှိတာ မျှစား ရတာပေါ့။ ဒီမှာ ပြေးရလွှားရ ခက်ခဲရတဲ့အထဲ ရွာကိုလည်း ဝင်မွှေတယ်၊ ပစ္စည်းတွေ ယူခံရတယ် ကြားတော့ တော် တော်ကို စိတ်ဆင်းရဲတယ်။ ဖြစ်ချင်တာ ပြောရရင်တော့ မိသားစုနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှာ နွေးနွေးထွေးထွေး နေချင် တယ်” ဟု ပြောသည်။
သြဂုတ် ၄ ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ခူးပရာတောင်နှင့် ဘီသူကျေးရွာတို့ ကြားတွင် စစ် ကောင်စီတပ်များနှင့် KA၊ KNDF ပူးပေါင်းတပ်များကြား တိုက်ပွဲ ဖြစ်ပွားထားသည်။
ကယားပြည်နယ်တွင်း စစ်ကောင်စီနှင့် ကရင်နီ PDF တပ်ဖွဲ့များ၏ တိုက်ပွဲများသည် ဒီးမော့ဆိုမြို့နယ်တွင် မေ ၂၁ ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။
မေလမှ ဇွန် ဒုတိယပတ်အထိ ဒီးမော့ဆိုနှင့် လွိုင်ကော် မြို့နယ်တို့အပြင် လွိုင်ကော်နှင့် နယ်နိမိတ် ထိစပ်နေသည့် ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်ပါ စစ်ကောင်စီနှင့် PDF ကြား တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး PDF ဘက်က ရဲစခန်းများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ယာဉ်တန်းများကို မိုင်းခွဲ တိုက်ခိုက်ခြင်းများ ပြုလုပ် ထားသည်။
စစ်ကောင်စီဘက်က ကရင်နီ PDF တပ်ဖွဲ့များကို စစ်ဆင်ရေး ပြန်ပြုလုပ်ရာတွင် PDF များကိုသာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လမ်းမတန်းမှ နေအိမ်များကို မီးရှို့ခြင်း၊ ဘာသာရေး အဆောက်အဦးများကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များ၏ ရိက္ခာ များကို မီးရှို့ဖျက်ဆီးခြင်းများပါ ပြုလုပ်ထားသည်။
တိုက်ပွဲများကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်မှ ဒေသခံ တသိန်းကျော်သည် ဇွန်လတွင် နေရပ်စွန့်ခွာ ထွက် ပြေးရပြီး ဇွန် တတိယပတ်အတွင်း အပစ်ရပ်ဆိုင်းထားချိန်တွင် မြို့ပေါ်ရပ်ကွက်များမှ တိမ်းရှောင်နေသူမှာ နေအိမ်များသို့ ပြန်လာကြပြီဖြစ်သော်လည်း အများစုမှာ တောတွင်း၌ စစ်ဘေးရှောင်ကြရဆဲ ဖြစ်သည်။
You may also like these stories:
အပစ်ရပ်ကြေညာပြီးနောက် စစ်ကောင်စီက ကချင်တွင် စစ်ဆင်ရေးလုပ်နေ
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ