သတင်း

ဂျပန်-မဲခေါင် အစည်းအဝေး NUG အစိုးရကိုသာ ဖိတ်ရန် ဂျပန်ရောက်မြန်မာများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံက ဦးဆောင်ကျင်းပမည့် ဂျပန်-မဲခေါင် အစည်းအဝေးတွင် စစ်ကောင်စီကို ဖိတ်ကြားခြင်းမပြုဘဲ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုသာ ဖိတ်ခေါ်ရန် ဂျပန်ရောက်မြန်မာများက ဆန္ဒပြတောင်းဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဂျပန်အစိုးရက စစ်ကောင်စီကို အစိုးရတရပ် အနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းအပေါ် ဂျပန်ရောက် မြန်မာနိုင်ငံသားများက သြဂုတ် ၄ ရက်နေ့တွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရုံးရှေ့၌ ဆန္ဒပြပြီး ထို သို့ တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဆန္ဒပြပွဲ ဦးဆောင်သူ Revolution Tokyo Myanmar မှ ကိုရန်ပိုင်ဦးက “ဂျပန်အစိုးရအနေနဲ့က စစ်ကောင်စီကို ခေါ်ဆူမယ် ဆိုပြီးတော့ ကြားတယ်။ ခေါ်ဆူမယ်ဆိုရင်လည်း အရင့်အရင်ကတည်းက ခေါ်ဆူလို့ရတယ်။ ၆ လ ကြာပြီးမှ ခေါ်ဆူတယ် ဆိုတာလည်း အဓိပ္ပာယ် မရှိဘူး။ ဒါ အကြောင်းပြချက်ကြီးပဲ။ ခေါ်ဆူလည်း သူတို့လုပ်ချင်တာ သူတို့ လုပ်နေတာပဲ။ သေတဲ့ သူတွေလည်း သေနေပြီ။ ထောင်ထဲ ရောက်နေတာလည်း အများကြီးပဲ။ ဒါကို လက်ခံလိုက်ရင် စစ်ကောင်စီကို လူရာသွင်း လိုက်သလိုပဲပေါ့” ဟု ပြောသည်။

၎င်းတို့အနေဖြင့် ဂျပန်အစိုးရအား စစ်ကောင်စီကို အစည်းအဝေးသို့ လုံးဝ မခေါ်ရန်၊ ဖိတ်ခေါ်မည်ဆိုလျှင်လည်း ပြည်သူ များ အသိအမှတ် ပြုထားသည့် NUG အစိုးရကိုသာ ခေါ်ပေးရန်နှင့် မြန်မာပြည်သူများအား လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရန် တောင်းဆိုခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ မဲခေါင်အစည်းအဝေးကို သြဂုတ် ၆ ရက်နေ့တွင် အွန်လိုင်း အစည်းအဝေး အနေဖြင့် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ အပါအဝင် မဲခေါင်မဟာမိတ် နိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာတို့က မဲခေါင် ဒေသဖွံ့ဖြိုးရေး၊ ကိုဗစ်ကူးစက်မှု မပြန့်ပွားရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရေးအတွက် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Revolution Tokyo Myanmar အဖွဲ့ဝင် မမေသင်္ကြန် က “ကျမတို့ သိသလောက်တော့ ဖိတ်ကြားထားပြီးပြီ။ တက်ဖို့မတက်ဖို့က စစ်ကောင်စီ အနေနဲ့ ဒီလို အစည်းအဝေးမျိုးကို လက်လွတ်ခံမယ်တော့ မထင်ဘူး။ တက်ရောက်ဖို့တော့ ရှိထားပြီးပြီလို့ ထင်ပါတယ်” ဟု ပြောသည်။

ဂျပန်အစိုးရ အနေဖြင့် မြန်မာပြည် အာဏာသိမ်းမှုဖြစ်စဉ် ၆ လအတွင်း ပြတ်သားသည့် ဆုံးဖြတ်ချက် တစုံတရာ ချမှတ် ခြင်း မရှိသော်လည်း မြန်မာ့အရေးကို စိတ်ဝင်စားသည့် ဂျပန်နိုင်ငံသားများကမူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ တွင် ပူးပေါင်းပါဝင်လျက်ရှိသည်။

Revolution Tokyo Myanmar အဖွဲ့ အနေဖြင့်လည်း မြန်မာ့အရေး လှုပ်ရှားပေးနေသည့် ပါတီအမတ်များ၊ မြန်မာပြည်သူ များဘက်မှ လှုပ်ရှားပေးနေသည့် ဂျပန်ပြည်သူပြည်သားများ အားလုံးဖြင့် ဝန်းရံပြီး ဂျပန်အစိုးရကို အကြီးအကျယ် ရှုတ်ချမှု များ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မမေသင်္ကြန်က ပြောသည်။

၎င်းက “အရင်ကဆို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေပဲ လှုပ်ရှားရတာပေါ့။ အခုဆိုရင် မြန်မာ့အရေးကို စိတ်ဝင်စားတဲ့၊ မြန် မာပြည်ကို ဒီမိုကရေစီ ရစေချင်တဲ့ ဂျပန်လူမျိုးတွေပါ ပူးပေါင်းပါဝင်တာမျိုးတွေ ဖြစ်လာတယ်။ ဂျပန်အစိုးရ အနေနဲ့တော့ အခုအချိန်ထိ ပြတ်ပြတ်သားသားလုပ်တာ မတွေ့ရသေးဘူး။ အဲဒီအတွက်လည်း ကျမတို့က ဂျပန်အစိုးရကို တောင်းဆို တာတွေ၊ ရှုတ်ချတာတွေ တစိုက်မတ်မတ် လုပ်ဆောင်နေမှာပါ” ဟု ဆိုသည်။

ဂျပန် – မဲခေါင် အစည်းအဝေးကို ယခုနှစ် မတ်လပိုင်းတွင် ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်သည့် အခြေအနေကြောင့် နောက်ဆုတ်ခဲ့ပြီးနောက် ယခု သြဂုတ် ၆ ရက်နေ့ကို ရွှေ့ဆိုင်းထားခြင်း ဖြစ် သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading