ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက ကလေးတဦးအပါအဝင် အနည်းဆုံး လူ ၄၀ ကို သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောကြားလိုက်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်သို့ ပေးပို့သော စာတစောင်တွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဇူလိုင်လက အလောင်း ၄၀ တွေ့ကြောင်း ဦးကျော်မိုးထွန်းက ထိုစာတွင် ပြောသည်။ ဦးကျော်မိုးထွန်းသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ဖြုတ်ချသည့် စစ်ကောင်စီ၏ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် စစ်ကောင်စီက သူ၏နေရာတွင် အစားထိုးရန် ကြိုးစားသော်လည်း ထိုနေရာတွင်ဆက်လက်ကျန်ရှိနေသည်။
စစ်ကောင်စီသားများသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့များ ပတ်ဝန်းကျင်က ကနီမြို့နယ် ရှိကျေးရွာ တရွာတွင် ရွာသား ၁၀၀၀၀ ထွက်ပြေးသွားပြီးနောက် အမျိုးသား ၁၆ ဦးကို ညှင်းပမ်းသတ်ဖြတ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းပြောသည်။
နောက်ထပ်အလောင်း ၁၃ လောင်းကို ဇူလိုင်လ ၂၆ ရက်နေ့က အရပ်သားခုခံရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲအပြီးတွင် တွေ့ရကြောင်း သူပြောသည်။ အသက် ၁၄ နှစ်အရွယ် ယောင်္ကျားလေးတဦးအပြင် အခြား အမျိုးသား ၁၁ ဦးကို သတ်ဖြတ်ပြီး အလောင်းများအား အခြားရွာတရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က မီးရှို့ခဲ့သည်ဟု သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။
“ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလို ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေတာကို ကျနော်တို့ ခွင့်ပြုလို့ မရဘူး။ ကျူးလွန်သူတွေဟာ တရားခုံရုံးရှေ့ ရောက်ကိုရောက်ရမယ်” ဟု ဧရာဝတီနှင့် မေးမြန်းခန်းတွင် သူပြောသည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီဆန့်ကျင်သည့် အရပ်သားလက်နက်ကိုင်တပ်များအကြား လက်နက်ကိုင်တိုက်ပွဲအများအပြားဖြစ်ပွားနေသည်။
ဧပြီလမှစတင်ပြီး ဒေသခံများသည် ပြည်သူ့ကာကွယ်ရေတပ်များ (PDFs) များကို ဖွဲ့စည်းကာ တူမီးသေနတ်များကို သုံးပြီး စစ်ကောင်စီတပ်များကို ပြန်လည်တိုက်ခိုက်ကြသည်။ အာဏာသိမ်းမှု မတိုင်မီက စစ်ကိုင်းတိုင်းတွင် လက်နက်ကိုင်ပုန်ကန်မှု မရှိသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။
စစ်ကောင်စီတပ်များသည် ရဟတ်ယာဉ်များ၊ အမြောက်ကြီးများသုံးကာ PDFs တပ်များကို တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုများကြောင့် ရွာသားများစွာ နေအိမ်များကို စွန့်ခွာထွက်ပြေးရစေသည်။ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်သောအခါ စစ်ကောင်စီတပ်များသည် လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ တရားစီရင်မှုမဲ့ သတ်ဖြတ်မှုများနှင့် ညှင်းပမ်းနှိပ်စက်မှုများကို ကျူးလွန်ကြသည်။ ထိုလုပ်ရပ်များသည် စစ်ကောင်စီတပ်များ ယခင်ကပင် ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရသော လုပ်ရပ်များဖြစ်သည်။
သူ၏စာတွင် ဦးကျော်မိုးထွန်းက မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ရန်နှင့် နိုင်ငံတကာ အသိုက်အဝန်းက လူသားချင်းစာနာမှုအရ ချက်ခြင်း ကြားဝင်ရန်လည်း တောင်းဆိုထားသည်။
ဧရာဝတီနှင့် အွန်လိုင်းမှ တဆင့် တွေ့ဆုံမေးမြန်းမှုတွင် ဦးကျော်မိုးထွန်းက နိုင်ငံတကာ ရာဇဝတ်ခုံရုံးနှင့် နိုင်ငံတကာ တရားရုံးတို့တွင် ရာဇဝတ်ပြစ်မှုများဖြင့် စစ်ခေါင်းဆောင်များအား တရားစွဲဆိုနိုင်ရေး တရားရေးလမ်းကြောင်းများ သေချာအောင် ရှာဖွေရသောကြောင့် အချိန်ယူနေရကြောင်း ဆိုသည်။
You may also like these stories:
ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ
အဖမ်းခံရသည့် ကိုထက်ကိုဦး စစ်ကြောရေး၌ သေဆုံးသွားပြီဟု မိသားစုပြော
၆ လအတွင်း စစ်ကောင်စီ၏ မီဒီယာနှိပ်ကွပ်မှု
မြန်မာ စစ်ကောင်စီကို ဖိအားပေးရန် လုံခြုံရေးကောင်စီကို အမေရိကန် တိုက်တွန်း