သတင်း

နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ခြိမ်းခြောက်ခံရ

Want create site? Find Free WordPress Themes and plugins.

ခြိမ်းခြောက်မှုတခု လက်ခံရရှိပြီးနောက် အမေရိကန် အာဏာပိုင်များက သူ၏လုံခြုံရေးကို မြှင့်တင်ထားပေးကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ဖေဖေါ်ဝါရီလတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ စတင်ပြီး ဦးကျော်မိုးထွန်းသည် ဖြုတ်ချခံ အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ကိုယ်စားပြုခဲ့သည်။

စစ်ကောင်စီက သူ၏နေရာတွင် အစားထိုးခန့်အပ်ရန် ကြိုးစားသော်လည်း ကုလသမဂ္ဂသည် စစ်ကောင်စီကို အသိအမှတ်မပြုသောကြောင့် တရားဝင်သံအမတ်အဖြစ် ဆက်လက်တည်ရှိနေသည်။

သူသည် နယူးယောက်တွင် မြန်မာနိုင်ငံကို ဆက်လက် ကိုယ်စားမပြုတော့ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုမှုများကို ဦးကျော်မိုးထွန်းက လျစ်လျူရှုထားသည်။

စစ်အာဏာသိမ်းမှုကို ပြောင်းပြန်လှန်နိုင်ရန် မည်သည့်နည်းလမ်းမဆိုကို သုံးရန် နိုင်ငံတကာကို တိုက်တွန်းသောကြောင့် နိုင်ငံကို သစ္စာဖေါက်မှုအတွက် သူ့ကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီ ရုပ်သံက ဖေဖေါ်ဝါရီလတွင် ကြေညာသည်။

“ခြိမ်းခြောက်မှု တစုံတခုရှိနေတယ်လို့ သတင်းရတယ်။ ရဲက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်။ လိုအပ်တဲ့ လုံခြုံရေးကို ရဲတပ်ဖွဲ့ ပေးထားတယ်” ဟု နယူးယောက်တွင် နေထိုင်သော ဦးကျော်မိုးထွန်းက ဧရာဝတီ ပြောသည်။

ထိုခြိမ်းခြောက်မှုကို အင်္ဂါနေ့က သူ စတင် သတိထားမိကြောင်း ပြောသည်။ အသေးစိတ်ကို ဦးကျော်မိုးထွန်းက ထုတ်မပြောပေ။

ယခု သတင်းသည် လာမည့် လတွင် ကျင်းပမည့် အဖွဲ့ဝင် ၁၉၃ နိုင်ငံ အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်း၏ နေရာပတ်သက်ပြီး စစ်ကောင်စီက စိန်ခေါ် ထိပ်တိုက်တွေ့မည်ဟု မျှော်လင့်နေသော အချိန်တွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ဦးကျော်မိုးထွန်းက ယင်းသို့ တိုက်ဆိုင်နေခြင်းအပေါ် သဘောထားမှတ်ချက် မပေးဘဲ ကုလသမဂ္ဂရှိ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်နေရာတွင် ဒီမိုကရေစီ လိုလားသော မြန်မာပြည်သူလူထုအတွက် ကိုယ်စားပြုနိုင်ရေး အရေးကြီးကြောင်းသာ ပြောဆိုသည်။

အများပြည်သူလေးစားခံရသော သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် CDM လုပ်ထားသော အခြားနိုင်ငံများရှိ သံရုံးအဖွဲ့ဝင်များနှင့်လည်း မြန်မာ့ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားများအရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဧရာဝတီသို့ ပြောဆိုသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်သော သံတမန်များသည် အမေရိကမှ ဂျနီဗာနှင့် တိုကျိုအထိ တကမ္ဘာလုံးတွင် အခြေစိုက်နေကြသည်။ သို့သော် အာရှနိုင်ငံများမှ မြန်မာသံတမန်များသည် ဥရောပနှင့် အမေရိကန် ပြည်ထောင်စုကဲ့သို့ လူ့အခွင့်အရေးကိစ္စများကို ထုတ်ဖေါ်ပြောဆိုသည့် နိုင်ငံများနှင့် မတူသော အန္တရာယ်ကို ရင်ဆိုင်ရသည်။ ထို့ပြင် ပြည်တွင်းရှိ နိုင်ငံခြားရေးဝန်ထမ်းအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားကြရကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ယခင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံတွင် အဝေးရောက်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရသည် လူပျောက်ဆုံးမှု သတ်ဖြတ်မှုများကို ကြုံတွေ့ခဲ့ရဖူးသည်။

ထိုအစိုးရ ဝန်ကြီးနှစ်ဦးဖြစ်သော ဦးဝင်းကိုနှင့် ဦးလှဖေတို့သည် ၁၉၉၂ ခုနှစ်တွင် သီးခြားစီ ပျောက်ဆုံးပြီးနောက် နောက်နှစ်တွင် သတ်ဖြတ်ခံထားရကြောင်း တွေ့ရှိရသည်။

ဦးလှဖေကို ဘန်ကောက်တွင် သတ်ဖြတ်သည်။ ဦးဝင်းကို၏ အလောင်းကို တရုတ်နိုင်ငံတောင်ပိုင်းမှ ဟိုတယ်ခန်း တခုတွင် တွေ့ရသည်။ ထိုသတ်ဖြတ်မှုများအတွက် မည်သူမျှ တာဝန်မယူပေ။

You may also like these stories:

မရေရာမှုများကြားက CDM မြန်မာသံတမန်တွေ

ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)

ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို

ဝရုန်းသုန်းကား စစ်ကောင်စီ ရပ်/ကျေး အုပ်ချုပ်ရေးယန္တရား

Did you find apk for android? You can find new Free Android Games and apps.
Loading