အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် ကြေညာချက်တွင် ဥက္ကဋ္ဌဖြစ်သူ ဦးဆိုင်းပေါင်နပ်က ၎င်းတဦးတည်းဆန္ဒဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့မှုအား လက်မခံဘဲ ရှုတ်ချကြောင်း “ဝ” အမျိုးသားပါတီ (ဗဟို) က ယနေ့ထုတ် ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီလက်အောက်ကျင်းပမည့် ရွေးကောက်ပွဲသစ်ကို ကြိုဆိုဟုဆိုကာ ဩဂုတ် ၄ ရက်နေ့က နိုင်ငံရေးပါတီ ၂၈ ပါတီ၏ကြေ ညာချက်တွင် လက်မှတ်ရေးထိုရန် ပါတီဗဟိုကော်မတီဝင်များထံ ကြိုတင်သဘောထားရယူခြင်းမရှိဘဲ ၎င်းတဦးတည်းဆန္ဒဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပါတီအပေါ် ပြည်သူလူထု၏ယုံကြည်မှုများ ထိခိုက်စေခဲ့ကြောင်း “ဝ” အမျိုးသားပါတီက ဆိုထားသည်။
“ဝ” အမျိုးသားပါတီ၊ မြောက်ပိုင်းတာဝန်ခံ ဦးဆိုင်းနပ်က “ပြည်သူလူထုရဲ့ဆန္ဒနဲ့ နိုင်ငံတော်ရဲ့ အကျိုးကို ရှေ့ရှုပြီး ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းတာကို အားမပေးပါဘူး၊ အခု ၂၈ ပါတီရဲ့ ကြေညာချက်ကိုလည်း သဘောမတူဘူး၊ ပူးပေါင်းပါဝင်ခြင်းလည်း မရှိဘူး၊ ပက်သက်မှုလည်းမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီ ဦးဆောင်ထုတ်ပြန်သည့် ကြေညာချက်မှာလည်း ပါတီဗဟိုကော်မတီဝင်များ၊ ပါတီ၏ရပ်တည်ချက်နှင့် သွေဖယ်သောကြောင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ တဦးတည်းသဘောဖြင့် ပါဝင်လက်မှတ်ရေးထိုးသည့် လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်းလည်း “ဝ” အမျိုးသားပါတီက ဆိုထားသည်။
ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် ကြေညာချက်တွင် “ဝ” အမျိုးသားပါတီဥက္ကဋ္ဌမှ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍လည်း “ဝ” ကျောင်းသားလူငယ်များအကြား ဝေဖန်လျှက်ရှိကြပြီး ကြေညာချက်ကို လက်မခံနိုင်ကြောင်းလည်း ပြောကြသည်။
“ဝ” လူငယ်တဦးဖြစ်သူ ကိုမိုးစက် (Ai Riang Rong) က “ရွေးကောက်ပွဲ ပြန်လုပ်မယ်ဆိုတာကို လက်မခံပါဘူး၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ပြည်သူတွေကရော၊ ကမ္ဘာကရော လက်ခံထားပြီးသားပဲ၊ သူတို့လက်ခံခံ မခံခံ ဒါကတရားဝင်ပဲ၊ UWSA “ဝ” တပ်ဖွဲ့ကတောင် အောင်နိုင်တဲ့ အဖွဲ့ကို တရားဝင် သဝဏ်လွှာပို့ပြီးပါပြီ” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၆ ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်မှုကြောင့် ကျောင်းသား ပြည်သူများ သေဆုံးခဲ့ရခြင်းနှင့် ရွေးကောက်ပွဲရလဒ်များအပေါ် ပယ်ဖျက်ခဲ့သည့်လုပ်ရပ်များအပေါ် လက်မခံနိုင်ကြောင်း လည်း ၎င်းကပြောသည်။
“ဝ”အမျိုးသားပါတီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၀ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မှာ ၃ ဦးအနိုင်ရရှိခဲ့သည်။