ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲတို့တွင် စစ်ကောင်စီ တပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ရာနှင့်ချီသည့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။
ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ရေးတင်းမာခြင်းများ ဖြစ်နေသည့် မြောက်ပိုင်းမဟာမိတ်တပ်များမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဖြစ်သည်။
တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်ခွဲအတွင်းရှိ မန့်ယန်ကျေးရွာနှင့် ဘန်မွေးကျေးရွာတို့မှ အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၁၇၃ ဦးတို့သည် ရွာလုံးကျွတ် ထွက်ပြေးကာ မြန်မာ-တရုတ်နယ်စပ်၊ မိုင်တိုင်အမှတ် ၁၀၂ အနီးတွင် စစ်ဘေးရှောင် နေကြရသည်။
အဆိုပါ စစ်ဘေးရှောင်များအား အကူအညီပေးနေသူ တဦးက “မန့်ယန်က တိုက်ပွဲဖြစ်လို့ တရွာလုံး ပြေးတယ်။ ဘန့်မွေးရွာ က မိဘတွေက သူတို့ရှိတာ ခေါ်ကျွေးပြီး နေကြတာ။ ရက်ကြာလာတော့ အစာရေစာ အကုန်ပြတ်လပ်လို့ သြဂုတ် ၃ ရက်မှာ ဘန်စကိုင်းလို့ခေါ်တဲ့ ပလောင်ရွာကနေ တော်တော် ကွေ့ပတ်ထွက်လာပြီး အခုတရုတ်နယ်စပ်၊ နယ်ခြား မှတ်တိုင်ဘေးမှာ နယ်စပ်ခြံစည်းရိုးနဲ့ ကီလိုမီတာ ၅၀၀ လောက်အကွာမှာ ကျနော်တို့ နေနေရပါတယ်” ဟု ပြောသည်။
မုံးကိုးမြို့နယ်ခွဲ၊ မန့်ယန်ကျေးရွာအနီးတွင် ဇူလိုင် ၂၈ ရက်က တိုက်ပွဲဖြစ်ပွားသဖြင့် ဘန့်မွေးကျေးရွာသို့ တိမ်းရှောင်ခဲ့ရပြီး သြဂုတ်လအတွင်း တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများ ကျယ်ပြန့်လာရာ ဘန့်မွေးကျေးရွာ အနီးတွင်ပါ တိုက်ခိုက်မှုများ ရှိလာ သဖြင့် နှစ်ရွာပေါင်း၍ တရုတ်နယ်စပ်အနီးထိ ထပ်မံထွက်ပြေးလာကြခြင်း ဖြစ်သည်။
စစ်ဘေးရှောင် ဒုက္ခသည်များသည် နေရပ်ရင်း ရွာများကို ပြန်လည်နေထိုင်ရန် အခြေအနေ စုံစမ်းသော်လည်း နှစ်ဖက်တပ် များက စစ်ရေးတင်းမာနေဆဲ ဖြစ်သဖြင့် ပြန်မလာရန် ပြောဆိုထားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် မြန်မာ-တရုတ် နယ်စပ်တလျှောက် တရား မဝင် ဖြတ်ကျော် ဝင်ရောက်မှုများ မရှိစေရန် ခြံစည်းရိုးများ အခိုင်အမာခတ်ပြီး CCTV ကင်မရာများ၊ ဒေသခံများဖြင့် စောင့် ကြည့်လျက် ရှိသည်။
မိုင်တိုင် ၁၀၂ အနီးတွင် စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်လာပြီး ခိုလှုံစရာ အမိုးအကာ မရှိသဖြင့် အကူအညီတောင်း ရာ တရုတ်နိုင်ငံဘက်မှ ဒေသခံများနှင့် အာဏာပိုင်များက ယာယီမိုးကာတဲများ ဆောက်လုပ်ရန် မိုးကာများကို ခြံစည်းရိုး တဖက်ခြမ်းမှ လှမ်းပစ်ပေးသည်ဟု သိရသည်။
တရုတ်နိုင်ငံဘက်မှ ပစ်ပေးသည့် မိုးကာများကို ဝါးများဖြင့် တဲဆောက်လုပ်ကြသော်လည်း လုံလောက်သည့် ဝါးများ မရ သဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များသည် ပလတ်စတစ်ခင်းကာ မြေကြီးပေါ်တွင် အိပ်နေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင် များကို ကူညီပေးနေသူက ပြောသည်။
၎င်းက “မနေ့က ရိုးရာနဲ့ယဉ်ကျေးမှုအဖွဲ့က ဆန်အိတ် ၂၀ လာပေးတော့ တပတ်စာ၊ နှစ်ပတ်စာလောက်တော့ ရလောက် တယ်။ ထပ်ပြီး ရိက္ခာရဖို့အတွက်တော့ မုံးကိုးဘက်က ဗျူဟာကို အကူအညီတောင်းပြီး ကျနော်တို့ စစ်ဘေးရှောင်တွေအ တွက် ဆန်လေး၊ ဆားလေး၊ ဆီလေး ရမလားလို့ တောင်းရမှာ။ အခုက ကိုဗစ်ကြောင့် Stay at Home လုပ်ထားတော့ ဈေး ဆိုင်တွေလည်း ပိတ်နေတယ်။ နောက် လိုတာကိုတော့ ရပ်မိရပ်ဖတွေကို အကူအညီ တောင်းတာဖြစ်ဖြစ်၊ ဗျူဟာကို အကူ အညီ တောင်းတာဖြစ်ဖြစ် တောင်းဖို့ စဉ်းစားထားတယ်” ဟု ဆိုသည်။
စစ်ရေး အခြေအနေ မတည်ငြိမ်ခြင်း၊ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မူဆယ်မြို့နယ်အား Stay at Home အဖြစ် ကြေညာထားရာ စားနပ်ရိက္ခာများ နယ်စပ်သို့ သယ်ယူမည်ဆိုပါက လမ်းကြောင်းတလျှောက် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်များထံ ခွင့်ပြုချက် ယူရမည်ဖြစ်ကြောင်း သိရသည်။
ကချင်ရိုးရာနှင့် ယဉ်ကျေးမှုအဖွဲ့က ဆန်အိတ် ၂၀ လာရောက် ထောက်ပံ့စဉ်ကလည်း စစ်ကောင်စီတပ်များထံ ဖြတ်သန်း သွားလာခွင့် တောင်းပြီးမှ စစ်ဘေးရှောင် ဒုက္ခသည်များထံ ရိက္ခာပေးပို့နိုင်ခြင်း ဖြစ်သည်။
ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲအတွင်းမှ ဖိုင်ကောင်း၊ ခါလျန်၊ ဘောင်ရာ ကျေးရွာတို့မှ ဒေသခံဦးရေ ၂၀၀ ခန့်သည် လည်း ကျေးရွာများကို စွန့်ခွာကာ မြန်မာ-တရုတ်နယ်စပ် ဝမ်ဒိန်ချောင်းအနီးတွင် စစ်ဘေးရှောင် နေကြရသည်ဟု ဒေသခံ များထံမှ သိရသည်။
ပန်ဆိုင်းမြို့နယ်ခွဲအတွင်း စစ်ဘေးရှောင်နေသူတဦး က “လက်နက်ကြီးတွေနဲ့ ပစ်ခံရလို့ ပြေးလာတာ။ ရွာလူဦးရေ အတိ အကျ မသိဘူး။ ကျနော်တို့ မိသားစုတော့ ၆ ယောက် ရှိတယ်။ အခု ပြေးလာတဲ့နေရာက ဘာမှ မရှိဘူး။ ကိုယ့်ဘာသာ တဲ ထိုးပြီး နေနေတယ်။ လယ်ကွင်းနားမှာ နေနေတာ။ ရွာမှာနေရင် အသက်အန္တရာယ် စိုးရိမ်ရလို့၊ တိုက်နေလို့ ပြေးလာကြ တာ” ဟု ပြောသည်။
ဧရာဝတီမှ ဝမ်ဒိန်ချောင်းအနီးမှ စစ်ဘေးရှောင် ဒုက္ခသည်များကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းလိုင်း အခက်အခဲ ကြောင့် ထပ်မံ ဆက်သွယ်မေးမြန်း၍ မရပါ။
မိုင်တိုင် ၁၀၂ အနီးတွင် စစ်ဘေးရှောင်နေသည့် မုံးကိုးဒေသခံများနှင့် ဝမ်ဒိန်ချောင်းအနီး စစ်ဘေးရှောင်နေသည့် ပန်ဆိုင်း ဒေသခံများ၏ နေရာသည် မိုင် ၃၀ ကျော် ကွာဝေးကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ် ၃ ရက်တွင် မူဆယ်-ပန်ဆိုင်း-မုံးကိုး လမ်းအတိုင်း တက်လာသည့် စစ်ကောင်စီ၏ တပ်ဖွဲ့များကို ပန်ဆိုင်း-မုံးကိုး လမ်းတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
သြဂုတ် ၄ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပန်ဆိုင်းမြို့နယ်ခွဲ၊ ဖိုင်ကောင်း ကျေးရွာအတွင်း ကျည်များကျကာ အရပ်သားနေအိမ် ၅ လုံး ကျည်ထိမှန် ပျက်စီးခဲ့သည်။
ဇူလိုင် ဒုတိယပတ်ကတည်းက ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲတို့အတွင်း စစ်ကောင်စီနှင့် MNDAA တပ်ဖွဲ့များကြား စစ်ရေးတင်းမာမှုများ၊ တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
စစ်ရေး အခြေအနေနှင့် ပတ်သက်၍ MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဖုန်းဝင်းနိုင်က “ကျနော်တို့နဲ့ အဓိက တိုက်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ မဟာမိတ် KIA နဲ့ တိုက်နေတာပါ။ ကျနော်တို့မှာ ပထမ ဘယ်သူက ဗဟိုတိုက်တယ်ဆိုတာ ရှိ တယ်။ ဒုတိယ ဘယ်သူတိုက်တယ်၊ တတိယ ဘယ်သူတိုက်တယ်ဆိုတာ ရှိတယ်။ ဒီတခေါက်က ကျနော်တို့က ဘေးက ဝိုင်းကူပေးတာပဲ ရှိတယ်။ ကျနော်တို့က မဟာမိတ်ဆိုတော့ အတူတူပါပဲ” ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေများအတွင်း စစ်ကောင်စီတပ်များက ဝင်ရောက်လာပြီး ကျေးရွာများအနီး လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များကို ထွက်ခွာသွားရန် ပြောဆိုခြင်းများ ရှိခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီဘက်က စစ်ဆင်ရေး ပြုလုပ်ခြင်းကြောင့် တိုက်ခိုက်မှုများ ဖြစ်ရခြင်း ဖြစ်ကြောင်း ဦးဖုန်းဝင်းနိုင်က ပြောသည်။
၎င်းက “သူတို့က နောက်ဆုတ်ခိုင်းတယ်။ ကျနော်တို့ကလည်း ပြောတယ်။ ဒီအချိန်မှာ တိုက်ပွဲ မဖြစ်ချင်ဘူး။ ဒီနေရာတွေ က ပြည်သူလူထုရဲ့ နေရာတွေ၊ လူထုက ကြိုက်တဲ့အဖွဲ့ကို နေခိုင်းမှာပဲ။ ကျနော်တို့လည်း လူထုဆန္ဒနဲ့ သဘောထားအရ နေနေတာ။ လူထုကိုလည်း ကျနော်တို့က ကာကွယ်ပေးတယ်။ သူတို့လည်း ကျနော်တို့ကို စိတ်ချတယ်ဆိုတော့ ကျနော်တို့လည်း နေပေးရတာပေါ့” ဟု ဆိုသည်။
ပန်ဆိုင်းနှင့် မုံးကိုး မြို့နယ်ခွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုများ ဆက်လက် ရှိနေဆဲဖြစ်ရာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်သည်ဟုလည်း MNDAA ဘက်က သုံးသပ်ထားသည်။
မုံးကိုးမြို့နယ်ခွဲသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်နှင့် နယ်မြေထိစပ်နေရာ ၂၀၁၅ ကတည်းက MNDAA တပ်ဖွဲ့များသည် မုံးကိုးဒေသတွင်း ဝင်ရောက် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး MNDAA ၏ စစ်ဌာနချုပ်သည် ကုန်းကြမ်း မြို့နယ်၊ ဟုန်အိုင်တောင်ကြောပေါ်၌ အခြေစိုက်ထားသည်။
KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပန်ဆိုင်းနှင့် မုံးကုံးဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ သည် ၎င်းတို့နှင့် အဓိက တိုက်နေခြင်း မဟုတ်ဘဲ ၎င်းတို့၏ မဟာမိတ် MNDAA နှင့် စစ်ကောင်စီကြား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “အရင်က ကျနော်တို့နဲ့ တိုက်ပွဲတွေ ခဏခဏ ဖြစ်တဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ၇ လပိုင်း၊ လဆန်းပိုင်းကနေ ဒီလအထိကတော့ MNDAA နဲ့ ဖြစ်တာ များပါတယ်။ အဓိကတော့ သူတို့နဲ့ ဖြစ်တာပါ။ ပူးပေါင်းပြီး စစ် ဆင်ရေး လုပ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ ထိတွေ့ရင်ဆိုင်ရင်တော့ KIA ကလည်း ပါမှာပါ။ သူတို့နဲ့ တကယ် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်တဲ့ အနေအထားတော့ မဟုတ်ပါဘူး” ဟု ပြောသည်။
ပန်ဆိုင်းနှင့် မုံးကိုး မြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်းများ ရှေ့တိုးဝင်နေပြီး MNDAA ဘက်က လည်း နောက်ဆုတ်ခြင်း မရှိဘဲ ခုခံတိုက်ခိုက်နေသဖြင့် စစ်ရေးတင်းမာနေခြင်းကြောင့် လူထု အနေဖြင့် သတိထား နေထိုင်ကြရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပန်ဆိုင်းနှင့် မုံးကိုးမြို့နယ်ခွဲသည် KIA၏ တပ်မဟာ ၆ လက်အောက်ခံ၊ တပ်ရင်း ၃၆ လှုပ်ရှားရာ နယ်မြေများဖြစ်ပြီး ၂၀၁၉ ဧပြီတွင် ပန်ဆိုင်းမြို့နယ်ခွဲ၊ မုံးပေါ်ကျေးရွာအနီးရှိ တပ်ရင်း ၃၆ ၏ ဌာနချုပ်စခန်းကို စစ်ကောင်စီက တိုက်ခိုက် သိမ်းယူခဲ့ဖူး သည်။
ပန်ဆိုင်းနှင့် မုံးကိုးတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် KIA နှင့် MNDAA သည် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ပြု လုပ်ထားသည့် တပ်ဖွဲ့များ ဖြစ်သည်။
KIA နှင့် MNDAA သည် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ ရေးထိုးထားခြင်း မရှိသည့်အပြင် စစ်တပ်က အာဏာ သိမ်းလိုက်ပြီးနောက် ဆွေးနွေးနေဆဲ ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral) ဆိုင်ရာ ဆွေးနွေးမှုများကိုလည်း ရပ်တန့်လိုက်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်ဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ ဖြစ်သည်။
အဆိုပါ မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်ကြား နှစ်ဖက်ဆိုင်ထားကာ စစ်ရေး အခြေအနေ တင်းမာနေ သည့် ပန်ဆိုင်းနှင့် မုံးကိုးမြို့နယ်ခွဲအတွင်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ယနေ့ (သြဂုတ် ၆ ရက်) နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင်လည်း ပန်ဆိုင်းမြို့နယ်ခွဲ တရုတ်သင်္ချိုင်းအနီးတွင် ပစ်ခတ်သံများ ကြားနေရဆဲ ဖြစ်သည်။
စစ်ကောင်စီဘက်က ပန်ဆိုင်းနှင့် မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ သတင်းတစုံတရာ ထုတ် ပြန်ခြင်း မရှိပါ။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်း ၆လပြည့် သြဂုတ် ၁ ရက်နေ့က မိန့်ခွန်းပြောစဉ် တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ပြော ဆိုခဲ့သည်။
ထို့ပြင် ကိုဗစ်ရောဂါ ကူးစက်မှုများကို ထိန်းချုပ်ရန်အတွက် အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို ထိခိုက်တိုက်ခိုက်ခြင်းမှအပ စစ်ကောင်စီတပ်များ၏ စစ်ရေးလှုပ်ရှားမှုများကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ စစ်ဆင်ရေး အားလုံး အား ရပ်ဆိုင်းပေးပါမည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။
ထိုသို့ ကြေညာထားသော်လည်း စစ်ကောင်စီသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့ တွင် ထောင်နှင့်ချီသည့် စစ်သည်အင်အားများ တိုးချဲ့ဖြည့်တင်းခြင်း ပြုလုပ်နေသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ နယ်မြေများဘက်သို့လည်း စစ်ကြောင်းများ တိုးဝင်လှုပ်ရှားခြင်းများ ပြုလုပ်လျက် ရှိသည်။