စစ်ကောင်စီက ဖမ်းဆီးထားသည့် ဆေးတက္ကသိုလ် (မန္တလေး) ခွဲစိတ်ကုပညာဌာနမှ ကထိက ဒေါက်တာ မောင်မောင်ငြိမ်း ထွန်း (၄၅ နှစ်) သည် ယနေ့ (သြဂုတ်လ ၈ ရက်) တွင် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိသားစုဝင်များ ထံက သိရသည်။
ဒေါက်တာ မောင်မောင်ငြိမ်းထွန်း၏ မိခင်ဖြစ်သူက “သားကြီးဖြစ်သူ ယနေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် ကိုဗစ်ပြင်းထန် ဝေဒနာများမှ လွတ်မြောက်ပြီးနောက် ကောင်းမွန်ရာ ဘုံဘဝသို့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ” ဟု ဆိုထားသည်။
စစ်ကောင်စီက ဒေါက်တာ မောင်မောင်ငြိမ်းထွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါက်တာ ဆွေဇင်ဦးတို့ကို CDM ပြုလုပ်သဖြင့် ရာဇသတ်ကြီး ဥပဒေ ၅၀၅- ကဖြင့် လည်းကောင်း၊ CRPH၊ NUG တို့ဖြင့် အဆက်သွယ် ရှိခြင်းကြောင့် ဟုဆိုကာ မတရား အသင်းနှင့် ဆက်သွယ်ဆောင်ရွက်မှု ပုဒ်မ ၁၇ (၁) နှင့် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု အတွက် ပုဒ်မ ၁၂၄ တို့ဖြင့် အမှုရင်ဆိုင်နေရသည်။
၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီ၏ မီဒီယာများက တရားခံပြေး များဟု စွပ်စွဲရေးသား ဖော်ပြခဲ့သည်။
ဒေါက်တာ မောင်မောင်ငြိမ်းထွန်းမှာ မန္တလေး အိုးဘိုထောင်အတွင်း၌ ကိုဗစ်ရောဂါ ကူးစက်ခံရကာ ထိရောက်သည့် ဆေး ကုသမှုများလည်း မရရှိခဲ့ခြင်းကြောင့်နှင့် အခြေအနေဆိုးမှသာ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ပေးသဖြင့် ဆေးရုံကြီးတွင် ကွယ်လွန်သွားရခြင်း ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ဒေါက်တာ ဇော်ဝေစိုးက ဒေါက်တာ မောင်မောင်ငြိမ်းထွန်း ကွယ်လွန်ရခြင်းနှင့် ပတ်သက်၍ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် စိတ်မကောင်းစရာ အဖြစ်အပျက်များအားလုံး၏ တရားခံမှာ စစ်ကောင်စီ ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ချိုးဖောက်ထားသည့် အပြစ်များအတွက် ခုံရုံးတင် ပြစ်ဒဏ် ကျခံမည်မှာ သေချာပေါက် ဖြစ်သည် ဟု ရေးသားထားသည်။
ဆေးတက္ကသိုလ် (မန္တလေး) ခွဲစိတ်ကု ပညာဌာနမှ ကထိက ဒေါက်တာ မောင်မောင်ငြိမ်းထွန်း ကွယ်လွန်သွားသည့်အပေါ် ပြည်သူ့ဘက်က ရပ်တည်ကာ စစ်အာဏာရှင်ထံ ဒူးမထောက်၊ လက်မမြှောက်ဘဲ အဆုံးတိုင်ထိ တိုက်ပွဲဝင်သွားသည့် အတွက် ရဲရင့်မှုနှင့် စွန့်လွှတ် အနစ်နာခံမှုများအပေါ် အစဉ်အမှတ်ရ ဦးညွတ်အလေးပြုနေမည် ဖြစ်ကြောင်း မန္တလေး ကျန်း မာရေး မိသားစုက ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားသည်။
ထို့ပြင် မပြီးပြတ်သေးသည့် တိုက်ပွဲအား ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်းကို လေးလေးနက်နက် ကတိသစ္စာပြုကြောင်းနှင့် ဒေါက်တာ မောင်မောင်ငြိမ်းထွန်း အား ဖက်ဒရယ် မော်ကွန်းဝင် ပြည်သူ့ သူရဲကောင်း အာဇာနည်တဦးအဖြစ် ကျန်းမာရေး မိသားစု မန္တလေးက မော်ကွန်းရေးထိုးကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဒေါက်တာ မောင်မောင်ငြိမ်းထွန်းနှင့်အတူ ဖမ်းဆီးခံထားရသည့် ဇနီးဖြစ်သူ ဒေါက်တာ ဆွေဇင်ဦးမှာလည်း ထောင်တွင်း၌ ကိုဗစ် ကူးစက်ခံထားရကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ကိုဗစ်- ၁၉ တတိယလှိုင်းကြောင့် သေဆုံးသူဦးရေ မြင့်တက်နေသည့်အပေါ် ထိန်း ချုပ်နိုင်ရေး ဆရာဝန်များ၊ ပရဟိတလူငယ်များအား ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်မှုများ ပြုလုပ်နေသော်လည်း တဖက်တွင် ပြည်သူများအား ကူညီ ကယ်ဆယ်ကုသပေးနေသည့် စေတနာ့ဝန်ထမ်းများ ကူညီပေးနေသူများ၊ ဆရာဝန်များအား ဖမ်းဆီးမှုများ ဆက်တိုက် ဆိုသလို လုပ်ဆောင်နေသဖြင့် သဘောထား မမှန်ကြောင်း ဝေဖန်ပြောဆိုနေသည်။
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအစဉ် အကြီးအကဲဟောင်း ဒေါက်တာ ထားထားလင်း အပါအဝင် ဆေးဝန် ထမ်း အနည်းဆုံး ၁၅၇ ဦး ကို ဖမ်းဆီးပြီး နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွဲချက်တင်ထားသည်။
ထို့ပြင် စစ်ကောင်စီတပ်များက ပရဟိတ ကျန်းမာရေး လုပ်ဆောင်သူများကို ဖမ်းဆီးရာတွင် ကိုဗစ်လူနာဟန်ဆောင်ကာ အကူအညီတောင်းပြီး လာရောက်ကူညီသော ဆရာဝန်များကိုထောက်ချောက်ဆင်ကာ ဖမ်းဆီးမှုများလည်း ရှိနေသည်။
You may also like these stories:
ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ
အကျဉ်းထောင်များ အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၉ ဦး ရှိလာ
ကိုဗစ်တိုက်ဖျက်ရေး ရှေ့တန်းခံစစ်မှူး (သို့) ဖျားနာဆေးကုခန်းတွေရဲ့ ပဲ့ကိုင်ရှင်
ကိုဗစ် လက်ကားဖြန့်ချိသောနိုင်ငံ မြန်မာ ဖြစ်လာနေသည်