ထိုင်းနိုင်ငံအတွင်း ယခုရက်ပိုင်းတွင် ထိုင်းအစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါဆန္ဒပြပွဲများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ကြရန် အလုပ်သမားအဖွဲ့အစည်းများက သတိပေးသည်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က “အလုပ်ရှင်က တိုက်တွန်းလို့ ဖြစ်စေ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဆော်သြလို့ စည်းရုံးလို့ဖြစ်စေ ထိုင်းနိုင်ငံရေး ထဲမှာ နီးနီးကပ်ကပ်ဖြစ်ဖြစ် ဘေးကဝိုင်းကူတဲ့ အနေအထားဖြစ်ဖြစ် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် မလုပ်သင့်ပါဘူး။ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကို အစိုးရအနေဖြင့် ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခြင်း၊ စီးပွားရေး ထိခိုက်လာခြင်းများကို အကြောင်းပြု၍ ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ဘန်ကောက်မြို့တွင် ထောင်နှင့် ချီသည့် ထိုင်းပြည်သူများက ဆန္ဒဖော်ထုတ်နေကြသည်။
ယခင်က ထိုင်းအစိုးရကို ဆန္ဒပြပွဲများတွင် အလုပ်ရှင်များ၊ ရင်းနှီးသူများ၏ စည်းရုံးမှုများကြောင့် မြန်မာ ရွှေ့ပြောင်း လုပ်သားများ ရံဖန်ရံခါ ပါဝင်ခဲ့ကြသော်လည်း ယခုအခါတွင် ဆိုးဝါးလွန်းသည့် ကိုဗစ်ကပ်ဆိုးကို ကိုယ်တိုင် ကြုံတွေ့ခံစားနေကြရသဖြင့် ကျန်းမာရေး အန္တရာယ်ကြောင့် ပါဝင်ကြလိမ့်မည်မဟုကြောင်း ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော် က ဧရာဝတီသို့ ပြောသည်။
ဦးအောင်ကျော် က “ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ ထိုင်းတွေပဲသေသွားတာ မဟုတ်ဘူး။ မြန်မာတွေလည်း သေနေကြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီရောဂါပိုးကြီး ကမ္ဘာကြီးမှာဝင်လာတာ ၂ နှစ်နီးပါး ၁၈ လလောက် ကြာနေပြီဖြစ်တဲ့ အတွက် အင်မတန်မှ ဗဟုသုတအတွေ့အကြုံနည်းတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ ဥပဒေတွေအားလုံးကို သိနေပြီဖြစ်တဲ့အတွက်ကြောင့် သူတို့ကိုယ် သူတို့ကာကွယ်ရင်းနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်လိမ့်မယ်လို့ မမြင်ပါဘူး” ဟုပြောသည်။
ထိုင်းနိုင်ငံရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံသားများတင်မကဘဲ တခြားသော ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြသည့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံမှ နိုင်ငံသားများလည်း ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်ပြီး သဘောထား မေးမြန်းရန် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိများထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန် ဖြေကြားခြင်း မရှိပါ။
ထိုင်းဆန္ဒပြပွဲများနှင့် ရွှေ့ပြောင်းလုပ်သားများမှာ သက်ဆိုင်ခြင်းမရှိဘဲ ပါဝင်ပတ်သက်ခဲ့ပါက ကြီးလေးသည့် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများကဆိုသည်။
ဦးမိုးကြိုးက “ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ လုံးဝပါဝင်ပတ်သက်ခွင့်မရှိဘူး။ ပြောမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ နိုင်ငံခြားသားတဦးက ပါဝင်ပတ်သက်တယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်က တသက်တကျွန်း။ ထောင်ဒဏ်အနှစ် ကျွန်းကြီး၊ ကျွန်းလတ်၊ ကျွန်းသေးပေါ့။ ကျွန်းသေးက ၂၀၊ ကျွန်းလတ်က ၃၀၊ ကျွန်းကြီးက ၄၀ ပေါ့။ မူးယစ်ဆေးဝါး အနည်းအပါး သယ်တာနဲ့ အတူတူဖြစ်သွားပြီ။ ထိုင်းဥပဒေက အဲဒီလို ပြဌာန်းထားတယ်” ဟု ပြာသည်။
ထိုင်းနိုင်ငံတွင် ဘန်ကောင်မြို့အပါအဝင် ဒေသအများစုများ၌ ညမထွက်ရအမိန့်များ၊ Lockdown ချမှတ်မှုများ၊ လူ ၅ ဦးထက်ပိုမစုရ သတ်မှတ်ထားသော်လည်း ကိုဗစ်တတိယလှိုင်းအတွင်း နေ့စဉ် တရက်အတွင်း ကိုဗစ် ကူးစက်မှု ၂ သောင်းကျော်နှင့် သေဆုံးသူ ၂၀၀ ကျော်အထိ ရှိလာခဲ့ပြီးသည့်နောက်တွင် ဆန္ဒပြမှုများ များပြားလာခဲ့ခြင်းဖြစ်သည်။