ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် အခြေစိုက်သည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေလျပ်တပ်ရင်း၊ ခလရ ၅၈ သည် သြဂုတ် ၈ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မြို့ဧရိယာနှင့် ကျေးရွာများဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ခလရ ၅၈ သည် သြဂုတ် ၈ ရက် ည ၈ နာရီမှ ၈ နာရီခွဲအထိ လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ပြီး ည ၈ နာရီခွဲခန့်မှ ၁၁ နာရီကျော်အထိ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဝိုင်းမော်မြို့ ဒေသခံတဦးက “ညက ပစ်တာ စုစုပေါင်း ၆ ချက်လောက် ရှိတယ်။ မြို့ခံအချင်းချင်း ပြန်မေးကြတော့မှ Quarantine Center နားမှာလည်း ကျည်တွေ ကျတယ်။ ပစ်နေတဲ့အချိန်မှာ အသံအရမ်းနီးလို့လေ။ စင်တာက လူနာတွေ ထွက်ပြေးကြပုန်းကြနဲ့ တော်တော့်ကို ပျာယာခတ်သွားကြတာ၊ ကြောက်သွားကြတာ၊ အဲဒီစင်တာက မြို့ဧရိယာထဲမှာပဲ ပါ တယ်။ မိုးလုံလေလုံ အားကစားကွင်းနားက စင်တာပါ” ဟု ပြောသည်။
ဝိုင်းမော်မြို့၏ မိုးလုံလေလုံ အားကစားကွင်းအနီးတွင် ဖွင့်လှစ်ထားသည့် Quarantine စင်တာသည် ကိုဗစ်- ၁၉ ရောဂါ သံသယရှိသူများ၊ ဖျားနာသူများကို ထားရှိ စောင့်ကြည့်သည့် စင်တာဖြစ်သည့်အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ သည့် လူနာများကိုလည်း ကုသပေးသည့် စင်တာကို တပါတည်း တွဲလျက် ဖွင့်ထားသည့် နေရာတခု ဖြစ်သည်။
ထို့ပြင် ခလရ ၅၈ သည် လဘန်ကျေးရွာ၊ ခကွန်ကျေးရွာ၊ မဒိန်ကျေးရွာနှင့် တန်ဘောင်ကျေးရွာတို့ဘက်သို့လည်း လက် နက်ကြီး ကျည်များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
လဘန်ကျေးရွာသည် ဝိုင်းမော်မြို့နှင့် ၁ မိုင်ကျော် ကွာဝေးပြီး ခလရ ၅၈ တပ်နယ်မြေနှင့် ကပ်လျက်တည်ရှိနေသည့် ကျေးရွာ ဖြစ်သည်။ မဒိန်ကျေးရွာသည်လည်း ခလရ ၅၈ နယ်မြေနှင့် ထိစပ်တည်ရှိနေသည့် ကျေးရွာတရွာ ဖြစ်ပြီး ခကွန် ကျေးရွာနှင့် တန်ဘောင် ကျေးရွာသည် ခလရ ၅၈ နှင့် ကျောကပ်လျက် အနေအထားဖြင့် တည်ရှိနေသည့် ရွာများ ဖြစ် သည်။
လဘန်ကျေးရွာမှ ဒေသခံ တဦးက “မနေ့ညက ပစ်တယ်။ အိမ်နားမှာ လမ်းကြိုလမ်းကြားမှာ ပစ်သလို အသံနီးနီးလေး ကြားရတယ်။ ဒါပေမယ့် ကြောက်လို့ ဘယ်သူမှ ပြတင်းပေါက်တွေ ဖွင့်မကြည့်ရဲဘူး။ လက်နက်ကြီးက အစောပိုင်းမှာ ၂ လုံး မြည်တယ်။ နောက် သေနတ်သံတွေကတော့ တညလုံးပဲ နားလိုက် မြည်လိုက် နားလိုက် မြည်လိုက်နဲ့ တညလုံးပဲ ပစ်တယ်”ဟု ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ၎င်းတို့၏ တပ်ဖွဲ့များသည် ဝိုင်းမော်မြို့နယ်အတွင်း စစ်ဆင်ရေးနှင့် စစ်ရေး လှုပ်ရှားမှုများကို လုံးဝ ပြုလုပ်ခြင်း မရှိကြောင်း၊ သြဂုတ် ၃ ရက်မှ ၈ ရက်အတွင်း ပစ်ခတ်မှုများသည် စစ်ကောင်စီဘက်က တဖက်သတ် ပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောသည်။
ခလရ ၅၈ သည် ၎င်း၏ တပ်နယ်မြေ ပတ်လည်တွင် တည်ရှိသည့် ကျေးရွာများဘက်သို့ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်နေသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း ၄ ကြိမ် ရှိပြီဖြစ်သည်။
သြဂုတ် ၃ ရက်ကလည်း ည ၇နာရီမှ ၁၁ နာရီကျော်အထိ ခလရ ၅၈ တပ်ရင်း ပတ်ဝန်းကျင် ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ တင့်ကားများဖြင့် ကင်းလှည့်ခြင်း၊ ရဟတ်ယာဉ် ၂ စီး ရွာများပေါ် ပျံဝဲခြင်းများ ပြု လုပ်ခဲ့သည်။
သြဂုတ် ၃ ရက် ပစ်ခတ်မှုတွင် လဘန်ကျေးရွာတွင်း လက်နက်ကြီးကျည်များ ကျပြီး နေအိမ် ၃ လုံး ထိမှန်ကာ မွေးမြူ ရေးဝက် ၁၀ ကောင်ကျော် သေဆုံးခဲ့သည်။
သြဂုတ် ၃ ရက်တွင် ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာများကို ပစ်ခတ်ပြီးနောက် မြစ်ကြီးနားမြို့ဘက်မှ တင့်ကား ၃ စီး၊ စစ်ကား ၂ စီး၊ ရဟတ်ယာဉ် ၂ စင်းတို့က ကင်းလှည့်နေခဲ့ပြီး ည ၁၀ နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗဟိုဌာနချုပ်နယ်မြေ၊ လိုင်ဇာမြို့ ဧရိယာ၊ မိုင်ဆတ်ပါ Quarantine စင်တာနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများ အနီးသို့ လက်နက်ကြီးကျည်များ ၁၀ ချက်ခန့် ပစ်ခတ်ခဲ့သည်။
သြဂုတ် ၄ ရက်၊ မနက် ၅ နာရီတွင် လည်း ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာအတွင်းသို့ ထပ်မံ ပစ်ခတ်ရာ နေအိမ်တလုံး လက်နက်ကြီးကျည်ထိပြီး မီးလောင် ပျက်စီးခဲ့သည်။
ဒေသခံတဦးက “လွန်ခဲ့တဲ့ နှစ်ညကဆို တခြားရွာကို မပစ်ဘူး။ ကျနော်တို့ လဘန်ရွာကိုပဲ ရက်ရက်စက်စက် ပစ်တာ၊ ကျနော်တို့လည်း ခရစ်ယာန်များတော့ မီးအကုန်ပိတ်ပြီး အသားကုန် ဆုတောင်းတာ အသက်တောင် မရှုနိုင်ဘူး။ အဲဒီနေ့ ကဆို တင့်ကားတွေလည်း လာတယ်။ လေယာဉ်လည်း လာတယ်။ လေယာဉ်လာတော့ အိမ်တွေကို ပစ်ချမှာ ကြောက်လို့ လေ။လေယာဉ်လာတဲ့ အချိန် ပစ်တာ ခဏရပ်သွားတယ်။ လေယာဉ်က ဝဲနေတာ အိမ်ခေါင်မိုးနဲ့ဆို ဝါးတပြန် စာလောက်ပဲ ရှိမယ်။ အရမ်းနီးတယ်”ဟု ပြောသည်။
ဒေသခံများသည် သြဂုတ် ၃ ရက်နှင့် ၄ ရက် ပစ်ခတ်ခံရမှုတွင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျကာ နေအိမ် အချို့ပျက်စီးထားသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များသည် ညပိုင်းတွင် ဝိုင်းမော်မြို့ပေါ်သို့ ခေတ္တ ရှောင်တိမ်းကြပြီး နေ့လယ်ခင်းမှသာ နေရပ်ရင်း ရွာသို့ ပြန်လာခြင်းများလည်း ပြုလုပ်နေကြသည်။
သြဂုတ် ၄ ရက် ပစ်ခတ်မှုတွင် လက်နက်ကြီး ကျည်တလုံးသည် လဘန်ကျေးရွာနှင့် သာယာကုန်းရွာ ဘက်သို့ သွားသည့် လမ်းမတွင် စိုက်ဝင်နေရာ ဒေသခံများက ပေါက်ကွဲမည်ကို စိုးရိမ်သဖြင့် လာရောက် ရှင်းလင်းပေးရန် ကျေးရွာ ရပ်မိရပ်ဖ များမှ တဆင့် စစ်ကောင်စီထံသို့ အကြောင်းကြားသော်လည်း လာရောက် ရှင်းလင်းပေးခြင်း မရှိခဲ့ပါ။
သြဂုတ် ၅ ရက်၊ မနက် ၂ နာရီဝန်းကျင်တွင်လည်း ခလရ ၅၈ သည် ၎င်း၏ တပ်ရင်း နယ်မြေ ပတ်ဝန်းကျင်ရှိ ကျေးရွာ များကို ထပ်မံ ပစ်ခတ်ခဲ့သည်။
သြဂုတ် ၈ ရက်တွင် ဒေသခံများက လမ်းမတွင် စိုက်ဝင်နေသည့် လက်နက်ကြီးကျည်ကို ကြိုးဖြင့် ချည်ပြီး အဝေးမှ နေ၍ ဆွဲနုတ်ကာ ရှင်းလင်းခဲ့ကြသည်။
ခလရ ၅၈ သည် အရပ်သားကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်ထားသည့် အပြင် လဘန်နှင့် မဒိန်ကျေးရွာများမှ ရပ်မိ ရပ်ဖ အချို့ကို လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လှုပ်ရှားမှုများကို သိရှိခြင်း ရှိမရှိ မေးမြန်းခြင်းများ ပြု လုပ်လျက် ရှိသည်။
ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် KIA က တောထဲမှ တဆင့် ကျေးရွာများကို ဖြတ်သန်းကာ ဝိုင်းမော်မြို့ နှင့် မြို့၏ နယ်မြေခံ တပ်ရင်း ခလရ ၅၈ ကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ယူဆသည့် အပြင် ကျေးရွာသူ ရွာသားများကိုလည်း သံသယရှိ နေသည်ဟု ထင်မြင်ကြောင်း ဒေသခံအချို့က ပြောသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ၊ ဗိုလ်မှူးကြီးနော်ဘူက “မနေ့က ၅၈ ဘက်ကနေ စစ်ကြောင်းတကြောင်းက လဘန်ကထောင်တို့ မုန်ကျိန်နား ပတ်ဝန်းကျင်က ရွာတွေဆီမှာ ရောက်လာပြီး ရွာက လူကြီးတွေကို ခေါ်ပြီး မေးမြန်းတာ ရှိတယ်ဆိုတဲ့ သတင်းကြားရပါတယ်။ KIA တွေ ဘယ်ကနေလာလဲ၊ ဘယ်ကို ပြန်ထွက်သွားလဲ မေးမြန်းတယ်လို့ ကြား တယ်။ ရွာသားတွေက ကျနော်တို့ ဘာမှ မသိဘူး၊ မမြင်ဘူးလို့ ဖြေကြားတာတာ ရှိတယ်လို့ ကြားရပါတယ်”ဟု ပြောသည်။
ဒေသခံများနှင့် လိုက်လံတွေ့ဆုံသည့် စစ်ကြောင်းက ခလရ ၅၈ တည်နေရာပတ်ဝန်းကျင်တွင် လူထုများ အများအပြား နေထိုင်ကြောင်း၊ ထို့ကြောင့် KIA ကို ခလရ ၅၈ အား မပစ်ခတ်စေရေး ပြောဆိုပေးရန် ရွာလူကြီးများနှင့် ဒေသခံများကို ပြောဆို သွားသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
KIA သည် စစ်တပ်က အာဏာမသိမ်းခင်ကာလတွင် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန်အတွက် ကချင်ပြည်နယ်တွင်း စစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်စေရန် ၂ နှစ်ခန့်စစ်တပ်နှင့် ညှိနှိုင်းကာ အပစ်ရပ်ခဲ့ကြ သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လူထုအား သွေးထွက်သံယို မလုပ်ရန် ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးထံ စကားပါးရာ မပြေလည်ခဲ့ဘဲ မြစ်ကြီးနားတွင် ဆန္ဒပြအမျိုးသား နှစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး ပြီးနောက် KIA ကလည်း စစ်မျက်နှာ ဖွင့်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ်သည်။
မတ် ၁၁ ရက်မှ ယနေ့ထိ ကချင်ပြည်နယ်၊ မြစ်ကြီးနား လေတပ်ဝန်း အပါအဝင် ပူတာအို၊ ဖားကန့်၊ အင်ဂျန်းယန်၊ ဝိုင်းမော်၊ နမ္မတီး၊ ရွှေကူ ၊ မိုးညှင်း၊ ဗန်းမော် မြို့နယ်များနှင့် ရှမ်းပြည်နယ်၊ မူဆယ်၊ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်စခန်း များ၊ ရဲစခန်းများကို တိုက်ခိုက်ထားသည်။
ဇွန် ၂၃ ရက်တွင် ဝိုင်းမော်မြို့နယ်အဝင် စစ်ကောင်စီတပ်များ၊ ရဲတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၏ စုပေါင်းရုံးကို KIA က ဝင်တိုက်ခဲ့သည်။ KIA ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက် ဇူလိုင် ၂၉ ရက်၊ ည ၁၀ နာရီဝန်းကျင်တွင်လည်း ဝိုင်းမော်မြို့နယ်၊ နယ်မြေခံတပ်ရင်း ခလရ ၅၈ ကို မဒိန်ကျေး ရွာအနီးတွင် KIA တပ်ရင်း ၃ က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုစဉ်ကလည်း လာတိုက်ခိုက်ပြီး ပြန်ဆုတ်ခွာသွားသည့် KIA တပ်ဖွဲ့များကို ခလရ ၅၈ ဘက်မှ လက်နက်ကြီးကျည်များ ဖြင့် ပြန်လည်ပစ်ခတ်ရာ တန်ဘောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် တလုံးကျပြီး အရပ်သား ၁ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရခဲ့သည်။
ခလရ ၅၈ သည် KIA ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရပြီးနောက်တွင် ဝိုင်းမော်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက် နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ ညပိုင်းတွင် နေအိမ်များအတွင်း မနေရဲသဖြင့် ဝိုင်းမော်မြို့ပေါ်သို့ ရှောင်တိမ်း၍ အိမ်နေရခြင်းများ ဖြစ်နေသော်လည်း စစ်ကောင်စီဘက်မှ ဝိုင်းမော်မြို့နယ်၏ စစ်ရေး အခြေအနေကို တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပါ။
စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေး နွေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အတွက်ဟု ဆိုကာ အုပ်ချုပ်ရေး ယန္တရားနှင့် လုံခြုံရေးကို ထိ ပါးသည့် ကိစ္စများမှလွဲ၍ စစ်ဆင်ရေး အားလုံးကို သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရပ်ဆိုင်းပေးပါမည်ဟု ကြေ ညာထားသည်။
You may also like these stories:
စစ်ကောင်စီ၏ ဝိုင်းမော်နယ်မြေခံတပ်ရင်းကို KIA ဝင်တိုက်
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော