သတင်း

တောင်ကုတ် မိုးပညာဒါန ဥက္ကဋ္ဌကို မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မိုးပညာဒါန ပရဟိတသင်တန်းကျောင်းမှ ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင် ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ယနေ့ (သြဂုတ်လ ၉ ရက်) တွင် တောင်ကုတ်မြို့နယ် တရားရုံး တွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဦးအောင်ဝင်းနိုင် အပါအဝင် ၇ ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၅ ရက်က တောင်ကုတ်မြို့မှ သံတွဲမြို့သို့ ကားဖြင့် သွား စဉ် စစ်တပ်က ပိတ်ဆို့ ဖမ်းဆီးခြင်းခံရပြီး ၂ လကျော်ကြာ မိသားစုဝင်များနှင့် တွေ့ခွင့်မရဘဲ အဆက်အသွယ် ပြတ်နေရာမှ ယခုအခါ တောင်ကုတ်မြို့မ ရဲတပ်ဖွဲ့က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောသည်။

မတွယ်တာစိုးက “ဒီနေ့ တရားရုံးမှာ ရုံးထုတ်ပါတယ်။ သူတို့ကို မတရားအသင်း ၁၇ (၁) နဲ့ တရားစွဲတယ်လို့ တော့ ပြောပါတယ်။ ဘယ်မတရားအသင်းနဲ့ ဆက်သွယ်လို့ စွဲတာလည်း ဆိုတာလည်း ကျမတို့ အတိကျ မသိပါ ဘူး။ သူနဲ့လည်း ခဏလေးပဲ တွေ့ခွင့်ရလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီး တရားစွဲခံ ဦးအောင်ဝင်းနိုင်အမှုအား လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင် ကြည်နိုင်လည်း လတ်တလော အမှုတွဲအပေါ် ကြည့်ခွင့် မရသေးသဖြင့် အသေးစိတ်အချက်များ မသိရသော် လည်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲထားသည်မှာ မှန်ကြောင်း ဆိုသည်။

ထို့အပြင် လိုင်စင်မဲ့ ကားစီးမှုဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

၎င်းတို့ ဖမ်းဆီးခံခဲ့ရစဉ်က ဦးအောင်ဝင်းနိုင် အပါအဝင် ၇ ဦး ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဦးအောင်ဝင်းနိုင် တဦးသာ ရဲစခန်းသို့ ရောက်ရှိလာကာ နောက် ၆ ဦးမှာ မည်သူ၊ မည်ဝါ ဖြစ် သည်ကို မသိရှိရသလို မည်သို့ ဆောင်ရွက်ထားသည်ကိုလည်း တိတိ ကျကျ မသိရှိရပေ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ တောင်ကုတ်မြို့မ စခန်းမှူး ဒုရဲမှူး ဇော်လတ် အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

မိုးသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင်ကျော်အကွာ မိုးတောင်ရွာတွင် တည်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီ လအတွင်းက စတင်တည်ထောင်ကာ ယခုလ ဇွန်လ ၂ ရက်တွင် သင်တန်း စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ကွန်ပြူ တာ၊ အခြေခံ အင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာများကို သင်ကြား ပို့ချပေးကြောင်းလည်း ယင်းသင်တန်းကျောင်းမှ နာယက အဖွဲ့ဝင် ဖြစ်သူ ကိုနေလင်းအောင်က ပြောသည်။

You may also like these stories:

တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား

စစ်တပ်က ဖမ်းဆီးထားသည့် တောင်ကုတ်ဒေသခံ ၇ ဦးအရေး မိသားစု စိုးရိမ်နေ

ဖမ်းဆီးခံ တမူးလူငယ် ၄ဦး မိသားစုနှင့် တွေ့ခွင့်မရ

Loading