ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံနှင့် မသက်ဆိုင် ကြောင်း အာဏာသိမ်း မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်တွင် သတင်း ထုတ်ပြန် သည်။
ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Mrs. Linda Thomas-Greenfield ပြောဆိုချက်သည် မြန်မာနိုင်ငံအပေါ်စွပ်စွဲသည့် သဘောဖြစ်နေသဖြင့် မြန်မာနိုင်ငံဘက်က ပြင်း ထန်စွာ ကန့်ကွက်ရခြင်းကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။
ယင်းဖြစ်စဉ်သည် အမေရိကန်နိုင်ငံအတွင်း လက်ခံ နေထိုင်ခွင့်ပြုထားသူများကြား ဖြစ်ပွားသည့် ပြည်တွင်း ဖြစ်စဉ်သာ ဖြစ်သောကြောင့် အမေရိကန်နိုင်ငံ၏ ဥပဒေအရ တရားစီရင်ခြင်း ဆောင်ရွက်ရ မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးကျော်မိုးထွန်းသည် သံအမတ်ကြီး လုပ်ပိုင်ခွင့်နှင့်တာဝန်ကို အလွဲသုံးပြီး အကြမ်းဖက်ဖွဲ့အဖြစ် ကြေညာထားသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့အား ကိုယ် စားပြုနေခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ထားပြီး နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲထားကြောင်း ဆို သည်။
၎င်းကို အရေးယူနိုင်ရေး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာ နိုင်ဘက်က တောင်းဆိုထားသော်လည်း အမေရိကန်ဘက်က လိုက်လျောမှု မရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Mrs. Linda Thomas-Greenfield က သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုအပေါ် ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်က ပြောဆိုခဲ့ပြီးဖြစ် သည်။
၎င်းက ဦးကျော်မိုးထွန်းကို လုပ်ကြံရန်ကြိုးပမ်းမှုသည် အာဏာရှင်များကို ဆန့်ကျင်ရပ်တည် ပြောဆိုကြသည့် သတင်း သမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားသူများအပေါ် အာဏာရှင်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံသူ များက ကမာ္ဘတဝန်း လိုက်လံ ဖိနှိပ်အရေးယူနိုင်ရန် ကြိုးပမ်းသည့် ပုံစံမျိုးဖြစ်ကြောင်း မှတ်ချက်ပေးထားသည်။
လက်ရှိတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား တိုက်ခိုက်ရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နှင့် အသက်၂၀ အရွယ် ရဲဟိန်းဇော် တို့ကို အမေရိကန် အာဏာပိုင်တွေက ဖမ်းထားပြီး အမေ ရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က အမှုကို စုံစမ်းစစ်ဆေးနေသည်။
ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြံစည်သူ နှစ်ဦးကို ထိုင်းနိုင်ငံမှတဆင့် မြန်မာစစ်တပ်ထံ လက်နက်များ ရောင်းချ ပေးနေသည့် လက်နက်ပွဲစားတဦးမှ ငွေပေးခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပြီး နောက်တွင် မြန်မာ စစ်ကောင်စီဘက်က ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် မဆိုင်ဟု ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတော်ဝင် ရဲတပ်ဖွဲ့ကလည်း ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြိုးပမ်းမှုကို စုံစမ်းစစ်ဆေးရန် အသင့်ရှိ ကြောင်း မီဒီယာများသို့ ပြောကြားသည်။
“အခုထိတော့ ကျနော်တို့ဆီကို အမေရိကန်နိုင်ငံဘက်က ဆက်သွယ်လာတာ မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ကို အကူအညီ တောင်းလာရင် စုံစမ်းစစ်ဆေးသွားဖို့ အဆင်သင့်ပါပဲ” ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ဒုတိယ ပြောရေးဆို ခွင့်ရှိသူ Pol Col Kissana Phathanacharoen က ပြောဆိုထားသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီတွင် အုပ်ချုပ်ရေး စွမ်းရည်နှင့် တရားဝင်မှု မရှိ
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်
မြန်မာသံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ ထိုင်းနိုင်ငံမှ လက်နက်ပွဲစားက ခိုင်းစေခြင်းဟုဆို
နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ခြိမ်းခြောက်ခံရ