ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဘူးဂါးကုမ္ပဏီလီမီတက်၏ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း (ရုံးခွဲ)ကို စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်း အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
သြဂုတ် ၉ ရက် ည ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ဝိုင်းမော်နယ်မြေခံတပ်ရင်း၊ ခြေလျင်တပ်ရင်း၊ ခလရ ၅၈ တပ်ဖွဲ့က ဝိုင်းမော်မြို့ အခြေစိုက် ဘူးဂါးလျှပ်စစ်ဓါတ်အားပေးရုံးကို ဝိုင်းခဲ့ပြီးနောက် ဝန်ထမ်းများကို ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက “ကျနော်တို့လည်း သက်ဆိုင်ရာကို တင်ပြထား တယ်။ အခုအချိန်ထိတော့ ဘာမှလည်း မသိရသေးဘူး။ တခြားဘာမှတော့ မရှိဘူး။ ရှောင်တခင် လာစစ်တယ်ပဲ သိရ တယ်။ ၆ ဦးကိုလည်း မေးစရာရှိတယ်လို့ပြောပြီး ခေါ်သွားတယ်။ သူတို့တွေက အကုန်အမျိုးသားတွေပါ။ လျှပ်စစ်ရုံး ဝန်ထမ်းတွေပါ” ဟု ပြောသည်။
PCG သည် မြစ်ကြီးနားမြို့ အခြေစိုက် ရပ်မိရပ်ဖ လူကြီးများဖြင့် ဖွဲ့စည်းထားသည့် အရပ်ဘက်အဖွဲ့အစည်း တဖွဲ့ဖြစ်ပြီး စစ် တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကြား ငြိမ်းချမ်းရေး ဆွေးနွေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြားခံညှိနှိုင်းပေး သည့်အပြင် ကချင်ပြည်နယ်တွင်း အရပ်သားများနှင့် စစ်တပ်ကြား ပဋိပက္ခများတွင်လည်း ကြားဝင်ညှိနှိုင်းပေးသည့် ရပ်မိ ရပ်ဖ အဖွဲ့အစည်းတဖွဲ့ ဖြစ်သည်။
PCG အနေဖြင့် ဘူးဂါးလျှပ်စစ်ဝန်ထမ်း ၆ ဦး ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင် စီထံ ဆက်သွယ် မေးမြန်းထားသည်ဟုလည်း သိရသည်။
ဦးလမိုင်ဂွမ်ဂျာက “သူတို့ အခြေအနေ ဘယ်လို ရှိလဲဆိုတော့ စစ်ဆေးပြီး ဘာမှ အပြစ်မရှိရင်တော့ ပြန်လွတ်မှာပါ။ သူတို့ လည်း စစ်သားတွေလည်း မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူး။ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ်ဝန်ထမ်းတွေပဲ။ အဲဒီကိစ္စနဲ့ ပတ်သက် ပြီး ကျနော်တို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။ သူတို့ဆီကလည်း စစ်ဆေးပြီးမှ ပြန်လွှတ်မယ်လို့ ပြောတာတော့ ရှိ တယ်” ဟု ဆိုသည်။
လက်ရှိတွင် ဘူးဂါးလျှပ်စစ်ဝန်ထမ်း ၆ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိကြောင်း PCG က ပြောသည်။
ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် ဝိုင်းမော်မြို့ ဒေသခံအချို့က ဘူးဂါးလျှပ်စစ်ဝန်ထမ်း ၆ ဦးကို ဝိုင်းမော်မြို့၊ နယ်မြေခံ တပ်ရင်းဖြစ်သည့် ခလရ ၅၈ ဝန်းထဲတွင် ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း ပြောဆိုကြသည်။
ဒေသခံတဦးက “ကိုဗစ်ကြောင့် ဘူးဂါးက ရုံးပိတ်ရက်တွေကို ၁၅ ရက်အထိ လုပ်ထားတယ်။ ဒါပေမယ့် မီးက ၂၄ နာရီ ပေးနေရတာဆိုတော့ တခုခု လိုင်းအပြစ်ဖြစ်ရင် လုပ်ကိုင်လို့ရအောင် ဝန်ထမ်းတွေကတော့ ရုံးမှာအမြဲရှိနေကြတာ။ ပုံမှန်လည်း ညစောင့်အိပ်ကြတဲ့ ဝန်ထမ်းတွေ ရှိတယ်။ ညက ဝင်စီးပြီး ၅၈ က သူတို့တပ်ရင်းထဲကို ဖမ်းသွားတယ်လို့ ကြား တယ်။ ဒီမှာ လူတွေက ညဆို ကြောက်နေရတာ။ အဲဒီ ၅၈ ကပဲ ညတိုင်းလိုလို ပစ်နေတာလေ။ မနေ့ညကလည်း သူတို့ကို ဝင်မဖမ်းခင် ၇ နာရီလောက်မှာ နည်းနည်း ပစ်သေးတယ်” ဟု ပြောသည်။
ဘူးဂါးကုမ္ပဏီလီမိတက်၊ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းသည် KIA ၏ ကုမ္ပဏီတခုဖြစ်ပြီး မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက် တွင် ရုံးချုပ် အခြေစိုက်ကာ ဝိုင်းမော်မြို့နယ်၌လည်း ဓါတ်အားပေးလုပ်ငန်း၏ ရုံးခွဲတရုံး ဖွင့်လှစ်ထားသည်။
ဘူးဂါးသည် ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့နယ်အပြင် ဝိုင်းမော်မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာများ၊ စစ် တပ်၊ ရဲစခန်း၊ ဘာသာရေး အဆောက်အအုံများ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်သားများ၏ ရပ်ကွက်နှင့် ကျေးရွာများ အား လုံးကို လျှပ်စစ်ဓါတ်အားပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။
၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် KIA ကြား အပစ်အခတ်ရပ်စဲပြီးနောက် KIA က ကချင်ပြည်နယ်တွင်း ကုမ္ပဏီများ ထူထောင် ကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သည့်ထဲတွင် ဘူးဂါးလျှပ်စစ်ဓါတ်အားပေး လုပ်ငန်းသည်လည်း တခု အပါအဝင် ဖြစ်သည်။
ဘူးဂါးကုမ္ပဏီသည် ၁၉၉၅ ဖေဖော်ဝါရီ ၁၆ ရက်တွင် အစိုးရထံ၌ တရားဝင်မှတ်ပုံတင်ကာ ထူထောင်ခဲ့သည့်ကုမ္ပဏီဖြစ်ပြီး ၁၉၉၇ သြဂုတ်တွင် စတင်၍ လျှပ်စစ်ဓါတ်အားပေးခဲ့သည်။
ဘူးဂါးသည် KIA နှင့်ဆက်စပ်နေသော်လည်း လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများကို ဦးစီးကြသူများသည် အရပ်သား စီး ပွားရေး လုပ်ကိုင်သူများ ဖြစ်ကြသည်။
ဘူးဂါးကုမ္ပဏီလီမိတက်သည် နှစ်အလိုက် သက်တမ်းတိုးလာရာ ၂၀၂၂ ခုနှစ်အထိ တရားဝင် လုပ်ငန်းလုပ်ပိုင်ခွင့် ကုမ္ပဏီ မှတ်ပုံတင် ရရှိထားသည်။
ဘူးဂါးလျှပ်စစ် ဝန်ထမ်းများကို ဝင်ရောက်ဖမ်းဆီးခဲ့သည့် ခလရ ၅၈ သည် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်က KIA ၏ တပ်မ ဟာ(၅) လက်အောက်ခံတပ်ရင်း(၃) ၏ ဝင်ရောက်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် သြဂုတ် ၃ ရက်မှ ၉ ရက်ထိ ခလရ ၅၈ သည် ည၇ နာရီ၊ ၈ နာရီနှင့် နံနက် ၂ နာရီ အချိန် များတွင် ခလရ ၅၈ တပ်ရင်းနယ်မြေနှင့် ဆက်စပ်နေသည့် လဘန်ကျေးရွာ၊ ခကွန်ကျေးရွာ၊ တန်ဘောင်ကျေးရွာ၊ မဒိန်ကျေးရွာတို့အား လက်နက်ကြီးကျည်များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ထားသည်။
သြဂုတ် ၃ ရက်က ခလရ ၅၈ ၏ ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ် ၃ လုံး လက်နက်ကြီးကျည် ထိမှန်၍ ပျက်စီးခြင်း၊ မီးလောင်ခြင်းများ ဖြစ်ထားသည့်အပြင် မွေးမြူရေးဝက် ၁၀ ကောင်ကျော်လည်း ကျည်ထိမှန် သေဆုံးခဲ့သည်။
ထိုသို့ ခလရ ၅၈ က အရပ်သား နေအိမ်များဘက်သို့ ပစ်ခတ်ပြီးနောက် မြစ်ကြီးနားမြို့ဘက်မှ တင့်ကား ၃ စီး၊ စစ်ကား ၂ စီး၊ ရဟတ်ယာဉ် ၂ စင်း ရောက်လာကာ ဝိုင်းမော်မြို့တွင်း ကင်းလှည့်သည့်အပြင် KIA ၏ ဗဟိုဌာနချုပ်နယ်မြေ၊ လိုင်ဇာ မြို့ ဧရိယာနှင့် မိုင်ဆတ်ပါ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး စင်တာများဘက်သို့လည်း လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့သည်။
KIA ဘက်က သြဂုတ် ၃ ရက်မှစ၍ ဝိုင်းမော်မြို့နယ်တွင်း KIA က စစ်ဆင်ရေး ပြုလုပ်ခြင်း၊ လာရောက် တိုက်ခိုက်ခြင်းများ လုံးဝ မလုပ်ကြောင်း ငြင်းဆိုကာ စစ်ကောင်စီဘက်က အရပ်သားများကို တဖက်သတ် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။
ဝိုင်းမော်မြို့နယ်တွင်း ပစ်ခတ်ခံရသည့် ကျေးရွာများတွင် နေထိုင်သည့် ဒေသခံအချို့သည် လက်နက်ကြီးကျည်များ ည ပိုင်းတွင် ပစ်ခတ်ခံရခြင်းကြောင့် အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်ပြီး ညပိုင်းတွင် ဝိုင်းမော်မြို့ပေါ် ခေတ္တထွက်ပြေး တိမ်းရှောင်ကြကာ နေ့လည်ပိုင်းမှသာ ကျေးရွာသို့ ပြန်လာနေထိုင်ကြသည်။
ခလရ ၅၈ တပ်ဖွဲ့များသည် သြဂုတ် ၈ ရက်နေ့ကလည်း ၎င်းတို့ ပစ်ခတ်ထားသည့် ကျေးရွာများထဲသို့ ရောက်လာပြီး ဒေသ ခံများကို KIA တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအား မေးမြန်းခြင်း၊ ခလရ ၅၈ တပ်ရင်း နယ်မြေပတ်ဝန်းကျင်တွင် ပြည်သူလူ ထု အများအပြား နေထိုင်သဖြင့် KIA ကို လာပစ်ခတ်ခြင်း မလုပ်ရန်အတွက် တဆင့်စကား ပါးပေးရန် ပြောဆိုခဲ့ခြင်းများ လည်းရှိကြောင်း သိရသည်။
You may also like these stories:
ဝိုင်းမော်က အရပ်သား နေအိမ်များကို စစ်ကောင်စီ ထပ်မံ ပစ်ခတ်တိုက်ခိုက်
စစ်ကောင်စီ၏ ဝိုင်းမော်နယ်မြေခံတပ်ရင်းကို KIA ဝင်တိုက်