ဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံမှုရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
စစ်ကောင်စီ၏ အိမ်စောင့်အစိုးရ အဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ဝန်ကြီး ဦးချစ်နိုင်(စိတ်ပညာ) နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန်တို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ ကိုယ်စားလှယ်အဖြစ် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း MPA သတင်းဌာနက ရေးသားထားသည်။
စစ်ကောင်စီကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှုသည် ဒုတိယအကြိမ်တွေ့ဆုံခြင်း ဖြစ်ပြီး အာဇာနည်နေ့မတိုင်မီက စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ကြောင်း MPA သတင်းဌာန၏ ရေးသားချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဟုတ် မဟုတ်အတည်ပြုနိုင်ရန် စစ်ကောင်စီ၏ “သတင်းမှန် ပြန်ကြားရေး”အဖွဲ့ထံ မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားသည့် အချိန်အထိ တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က နေပြည်တော်တွင် ဖမ်းဆီးထားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှု ၄ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) တို့အပါအဝင် စုစုပေါင်းအမှု ၉ မှုထက်မနည်း တရားစွဲထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းတို့ တွေ့ခွင့်မရသည်မှာ ၁ လနီးပါးကြာမြင့်နေပြီ ဖြစ်သောကြောင့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့မှု ရှိမရှိကို အသေအချာမသိကြောင်းပြောသည်။
ကိုဗစ်ရောဂါထိန်းချုပ်ရန် အကြောင်းပြချက်ဖြင့် စစ်ကောင်စီဘက်က တရားရုံးရုံးချိန်းများကို ရွှေ့ဆိုင်းထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ဇူလိုင်လ ၁၂ ရက်မှ ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံခွင့် မရသေးခြင်းဖြစ်သည်။
NLD ပါတီနှင့် နီးစပ်သူ တဦးကမူ စစ်ကောင်စီကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်းမှာ ဟန်ပြအနေနှင့် စစ်ကောင်စီဘက်က ပြုလုပ်သည့် နိုင်ငံရေး ကစားကွက်တခုဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“ဆွေးနွေးတယ် ဆိုရင် အခုသွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုတော်လှန်ရေး အရှိန်အဟုန်ပျက်အောင်လို့ Delay Tatic ကြန့်ကြာတဲ့ နည်းသုံးဖို့အတွက်ကို တွေ့ဆုံဆွေးနွေးတာတွေ သူတို့လုပ်ချင်ရင်လုပ်နိုင်တယ်လို့ ယူဆတယ်။ တွေ့တယ်ဆိုတာ လူတွေက သိရင် ဒါက ဘာလဲ၊ တွေ့ဆုံဆွေးနွေးနေပြီလား၊ တိုက်တဲ့သူတွေက အသေခံတိုက်နေရတာ သူတို့က ဆွေးနွေးနေတယ် စသဖြင့် ပြဿနာမျိုးစုံတက်နိုင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ယခုသတင်းသည် အာဆီယံက ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူဆွဖ်က ၎င်းအနေနှင့် မြန်မာ့အရေး ဖြေရှင်းရန် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြောဆိုမှုနှင့်လည်း တိုက်ဆိုင်နေသည်။
“အာဆီယံကိုယ်စားလှယ် လာမယ့်အတွက် Logistic Arrangement ပေါ့။ ကနဦး ညှိတဲ့သဘော။ အလုပ်သဘောတွေ့ဆုံမှု လုပ်တာလို့ပဲ ထင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘဝ) က ဆိုသည်။
သို့သော် နိုင်ငံရေးအပေးအယူ လုပ်နိုင်သည့် အဆင့်အထိ ရောက်ဦးမည် မဟုတ်ကြောင်းလည်း ပြောသည်။
“အခုအတိုင်းက မယုံကြည်ရဘူး။ နိုင်ငံရေးစိတ်ဆန္ဒရှိမှာ မဟုတ်ဘူး။ တဖက်နဲ့ တဖက် အဲဒီလို မြင်နေလိမ့်မယ်။ အဲဒီအခြေအနေထဲမှာ တွေ့ဆုံဆွေးနွေးရေးဆိုတာက ဒီအတိုင်းကြီးတွေ့မှာတော့ မဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
စစ်ကောင်စီနှင့် စင်ပြိုင်အဖြစ် အစိုးရဖွဲ့ထားသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ အာဆီယံ၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံဆွေးနွေးရေး မစမီ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး တောင်းဆိုထားသည်။ ထို့ပြင် တိုင်းရင်းသားများနှင့်ပါ တွေ့ဆုံရန် လိုကြောင်းလည်း NUG က ဆိုထားသည်။
အာဆီယံအထူးကိုယ်စားလှယ်အနေနှင့်လည်း မြန်မာနိုင်ငံရှိ မတူညီသော အုပ်စုအသီးသီးနှင့် ထိတွေ့ဆက်ဆံ နိုင်ရန် မညီသော နိုင်ငံရေးအစုအဖွဲများပြောသည့် နိုင်ငံရေးဆိုင်ရာ ဘာသာစကားနှင့် လူမှုဆက်ဆံရေးနည်းနာများ သိရှိရေးအတွက် နည်းပညာ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလာရနိုင်ကြောင်း ဦးတင်မောင်သန်း (သင့်ဘဝ) ကပြောသည်။
“သူက ဟိုဘက်ဒီဘက်မျှပြီးတော့မှ ဒီလိုဆိုရင် ဘယ်လို တုန့်ပြန်နိုင်တယ်။ ဘယ်လိုချည်းကပ်ရမယ် ဆိုတာမျိုးနဲ့ထွက်လာနိုင်တယ်။ ပညာရှင်တွေပါမယ်။ Support Team တွေပါလိမ့်မယ်။ အဲဒါမျိုးဆိုရင် တော့ သုံးဘက် မျက်နှာမပျက်ဘဲ တိုင်းပြည်လည်း အနာနည်းမယ့် လမ်းကြောင်းရွေးနိုင်လိမ့်မယ်ထင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
You may also like these stories:
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်
အိမ်စောင့်အစိုးရ အသုံးအနှုန်းက ရှည်ကြာသော စစ်အာဏာရှင်စနစ် ထူထောင်ရန် ရည်ရွယ်လိုပုံ ရ
NLD ကို ပိတ်ပင်ရုံဖြင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ရပ်ဆိုင်းမည် မဟုတ်
မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်ကို စိန်ခေါ်ချက်များ စောင့်ကြို