နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် ၃၃ (A) မှ ၎င်းပိုင်ဆိုင်သည့် ပစ္စည်း များအား ပြီးခဲ့သည့် အပတ်အတွင်းက ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိတဦးက ပြော သည်။
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် ၃၃(A)သည် နေပြည်တော်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်း တွင် တည်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းစဉ်ကလည်း ၎င်းနေအိမ်၌ပင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အရာရှိက “အတိုင်ပင်ခံရဲ့ ခြံအမှတ် ၃၃ က ဌာနပိုင်ပစ္စည်းတွေ ပြန်ယူခိုင်းနေပြီ ဆိုတော့ အိမ်ဖယ်ပေးရတဲ့ သဘောပေါ့။ အိမ်မှာရှိတဲ့ အတိုင်ပင်ခံရဲ့ ပစ္စည်းတွေလည်း ရွှေ့ပြီးသွားပါပြီ” ဟု ဧရာဝတီကို ပြောသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံပိုင်အိမ်ရာ ထိန်းသိမ်းရေးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင် သည့် ပစ္စည်းများနှင့် ဌာနပိုင်ပစ္စည်းများအား ခွဲခြားကာ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သော်လည်း မည်သည့် နေရာသို့ ရွှေ့ ပြောင်းသည်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ခြံအမှတ် ၃၃(A)တွင် သမ္မတ(ငြိမ်း) ဦးသိန်းစိန် လက်ထက် သမ္မတရုံးဝန်ကြီး တဦးအဖြစ် တာဝန်ယူခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သည့် ဦးလှထွန်း နေထိုင်ခဲ့ဖူး ကြောင်း သိရသည်။
အာဏာသိမ်း စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နေအိမ် ခြံအမှတ် ၃၃(A)ကို ဖေဖော်ဝါရီ ၁ ရက်၊ နံနက်အစောပိုင်း တွင် ဝင်ရောက်စီးနင်း ဖမ်းဆီးစဉ် လုံခြုံရေးအဖွဲ့ဝင်များထံမှ Icon စကားပြောစက် ၁၀ လုံးနှင့် Jammer တစုံ တွေ့ရှိ ခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုခဲ့သည်။
ယင်းအမှု ၂ နှင့် ပတ်သက်ပြီး တရားရင်ဆိုင်ရာတွင် ခြံအမှတ် ၃၃(A) တည်နေရာအား ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ဆွဲပေးခဲ့သည့် မြေပုံဖြင့် ရှေ့နေများက ပြန်လှန် စစ်ဆေးခဲ့ကြသေးသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက စီစဉ်သည့် နေပြည်တော်ရှိ အ ထူးတရားရုံး တခုတွင် တရားရင်ဆိုင်နေရသလို စစ်ကောင်စီ လက်အောက် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံထား ရသည့် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း ယနေ့အချိန်ထိ မသိရှိရပေ။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅၊ နိုင်ငံတော်အစိုးရ လျှို့ ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စုစုပေါင်း အမှု ၁၀ ဖြင့် ရင်ဆိုင်နေရသည်။
ထိုသို့ တရားစွဲဆိုထားသည့် အမှုများအနက် အမှုအချို့အား ပုံမှန် တနင်္လာနေ့နှင့် အင်္ဂါနေ့တို့တွင် ရုံးထုတ်စစ်ဆေးလေ့ ရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသည့် အခြေအနေတွင် အစိုးရ ရုံးပိတ်ရက်များအဖြစ် ကြေညာထားမှု ကြောင့် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ရာ ယခု အပတ်တွင်လည်း ရုံးထုတ်စစ်ဆေးနိုင်ခြင်း မရှိဘဲ ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း ရှေ့နေများထံမှ သိရသည်။
လက်ရှိ အခြေအနေတွင် ရုံးချိန်များ ရွှေ့ဆိုင်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ဝင်များ တွေ့ဆုံခွင့်မရဘဲ အဆက်အသွယ် ပြတ်တောက်နေသည်မှာ ရက်သတ္တပတ် ၃ ပတ်ကျော် ရှိပြီဖြစ်သည်။
ထို့ပြင် ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်အား နိုင်ငံခြားသံတမန်များ၊ သတင်းမီဒီယာများ နှင့် ပြည်ပအရပ်ဘက် အဖွဲ့အစည်းများအား ဆက်သွယ် အင်တာဗျူး ဖြေကြားခြင်းများ မပြုလုပ်ရန်လည်း စစ်ကောင်စီ ဘက်က ဖိအားပေးခဲ့ပြီး ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်ထိုးစေခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် ဝါရင့်နိုင်ငံရေးသမား တဦးက ကိုဗစ်အကြောင်းပြပြီး ရှေ့ နေများနှင့် ဒေါ်အောင်ဆန်းစုကြည်အား မတွေ့နိုင်ရန် ဖြတ်တောက်ထားခြင်း ဖြစ်နိုင်သလို မကြာခင် အာဆီယံ အထူးကိုယ်စားလှယ်များ လာရောက်ရန် ရှိနေခြင်း၊ ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ ကိုယ်စားလှယ်များ သွားတွေ့ သည် ဟူသော သတင်းများ ထွက်ပေါ်နေခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့မှ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးချစ်နိုင် (စိတ်ပညာ)နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒေါ်အောင် ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး စစ်ကောင်စီဘက်ကမူ တစုံတရာ အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပါ။
You may also like these stories:
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ
ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ