ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လက်နက်အပြည့်အစုံဖြင့် လမ်းသွားလမ်းလာများ၏ ဆိုင် ကယ်၊ ကားများကို စစ်ဆေးမှုများ ဆက်လက် မပြုလုပ်ရန်ဆိုသည့် အချက်အပါအဝင် အချက် ၅ ချက်အား ရခိုင် အမျိုး သားပါတီ (ANP) က တောင်းဆိုလိုက်သည်။
ANP ပါတီက က ယနေ့ (သြဂုတ်လ ၁၀ ရက်) ရက်စွဲဖြင့် ပြည်နယ်အစိုးရအဖွဲ့အား အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့ ပြီး ယင်းစာတွင် အချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်း တောင်းဆိုထားသည်။
အဆိုပါ အချက်များတွင် ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်ပွားနေသော ကာလအတွင်း စားဝတ်နေရေး ခက်ခဲကျပ်တည်းနေ သော ရခိုင်ပြည်သူများအား ကူညီထောက်ပံ့ပေးရန်၊ ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး ကုသရေးလုပ်ငန်းများတွင် ကောင်း မွန်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးပြတ်လပ်မှု မရှိအောင် ဆောင်ရွက်ပေးရန် စသည့် အချက်များလည်း ပါရှိသည်။
ANP ပါတီနိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ကျနော်တို့ ရခိုင်ပြည်နယ်မှာ တရက်စာ တရက် ရှာစားနေကြသူတွေ များတယ်။ ဒီလိုမျိုး ကိုဗစ်ကာလမှာ အပြင်လည်း ထွက်ခွင့်မရဘူး၊ အလုပ်လည်း မရှိဘူး ဆိုတော့ တော်တော်အခက်အခဲ ဖြစ်နေတယ်။ ရာသီဥတုဘေး၊ ကပ်ဘေး၊ ဒုက္ခတွေကလည်း အများကြီး ဖြစ်နေတဲ့ လူထုကို အရပ်ဘက် အဖွဲ့အစည်းတွေ ကူညီတာလောက်နဲ့ လိုက်မမှီဘူး။ ငွေအင်အား၊ လူအင်အား များပြားတဲ့ အစိုးရ အနေနဲ့သာ ဒီကိစ္စတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ ပါတီက တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
ယင်းပြင် ရခိုင်ပြည်နယ်မြို့နယ်များတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လက်နက်အပြည့်အစုံဖြင့် ဧည့်စာရင်း စစ်ဆေးနေ ခြင်း အပါအဝင် အများပြည်သူသွားလာနေသည့် လမ်းဆုံ၊ လမ်းခွများတွင် ဆိုင်ကယ်များအား စစ်ဆေးမှုများ ပြုလုပ် နေသည်မှာ ဘဝလုံခြုံ မရှိဟု ခံစားရကာ တည်ငြိမ်နေစ ရခိုင်ပြည်နယ်အတွင်း ယင်းလုပ်ရပ်များမှာ မလိုအပ်သည့် အတွက် ထိုဆောင်ရွက်ချက်များကို ဆက်လက် မပြုလုပ်ရန် စသည်ဖြင့် ANP ပါတီ၏ တောင်းဆိုချက် ၅ ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တောင်းဆိုချက်များ၌ အလုပ်အကိုင် ဆုံးရှုံး၍ ဝင်ငွေထိခိုက်နေသော ယခုကာလတွင် ကုန်ဈေးနှုန်းကျဆင်းကာ လူမှုဘဝတည်ငြိမ်ရေး စားသုံးကုန်၊ ဆေးဝါး၊ ရေလုပ်ငန်းသုံး၊ လယ်ယာလုပ်ငန်းသုံး၊ စက်မှုလက်မှု ပစ္စည်းများ၊ ရခိုင် ပြည်နယ်မှ ထွက်သော လယ်ယာထွန်ကုန်ပစ္စည်းများအား စစ်ဆေးကန့်သတ်မှုနှင့် ခွင့်ပြုချက် တောင်းခံရမှုတို့ကို မပြု လုပ်ရဘဲ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုရန်လည်း ပါဝင်သည်။
ဦးထွန်းအောင်ကျော်က “အခု တည်ငြိမ်မှု အတိုင်းအတာတခုထိ ရှိနေတဲ့ အခြေအနေမှာ ဧည့်စာရင်း စစ်တာတွေ ရှိနေ တယ်။ လုံခြုံရေးအရ လူတွေကို ရပ်တန့်ပြီးတော့ ရှာဖွေမှုတွေ ရှိလာတယ်။ ဆင်းရဲဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ ကြားမှာ လုံခြုံမှု မရှိတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကိုပါ ခံစားနေရတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ နိုင်ငံရေး အမြင်ကျယ်စွာနဲ့ ပြည်သူအများစုရဲ့ စိတ်ချမ်းသာမှုကို ကူညီ ဆောင်ရွက်ပေးသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမ်းမြို့နယ်တွင်လည်း ယခုရက်ပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို ရပ်တန့်ကာ ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်နေသည့်အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိသလို ခံစားနေရကြောင်းလည်း အမ်း အရပ် ဘက်လူမှုအဖွဲ့အစည်းက ကိုမျိုးလွင်က ပြောသည်။
ကိုမျိုးလွင်က “ကျနော်တို့ အမ်းမှာ အခုရက်ပိုင်းတွေမှာ ဆိုင်ကယ်တွေကို စစ်ဆေးလိုက်၊ ရှာဖွေလိုက် လုပ်နေတယ်။ ဒီလောက် ကိုဗစ်ကာလ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကြားမှာ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အရေးပေါ် အပြင်ထွက် သွားလာရတဲ့ လူတွေကို အဲဒီလို စစ်ဆေးလိုက်၊ ရှာဖွေလိုက်၊ ဆိုက်ကယ် လိုင်စင် စစ်လိုက် ဖမ်းလိုက် လုပ်နေတော့ လူတွေက ဒုက္ခရောက်နေကြတဲ့အထဲ မလုံခြုံမှုပါ ခံစားနေရတယ်” ဟု ဧရာဝတီကို ပြောသည်။
အစိုးရတရပ်သည် ပြည်သူများအပေါ် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ပြည်သူ့ အခက်အခဲများကို ကူညီ ဆောင် ရွက်ရသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ မဆောင်ရွက် နိုင်ပါက အစိုးရတရပ်၏ အင်္ဂါရပ်နှင့် မညီဘဲ ပြည်သူ အားကိုးအားထားရသည့် အစိုးရ မဟုတ်သလို ညွန်ကြားချက်အ ရသာ ဆောင်ရွက်ရသော အမည်ခံ အစိုးရ တရပ်ဖြစ်ကြောင်း ANP ပါတီ၏ တောင်းဆိုချက်တွင် ရေးသား ဖော်ပြထား သည်။
ကိုဗစ် တတိယလှိုင်းတွင် ရခိုုင်ပြည်နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ပိုးကူးစက်မှု မြင့်နေသလို မေလ၂၅ ရက်မှနေ သြဂုတ်လ ၉ ရက်အထိ ကူးစက်သူ လူပေါင်း ၃၀၀၀ ကျော်နှင့် သေဆုံးသူ ၂၇၀ ကျော်ရှိကြောင်း ပြည်နယ်အစိုးရ အဖွဲ့ ၏ စာရင်းများ အရ သိရသည်။
You may also like these stories:
တောင်ကုတ် မိုးပညာဒါန ဥက္ကဋ္ဌကို မတရားအသင်း ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲ
ဝိုင်းမော်က အရပ်သား နေအိမ်များကို စစ်ကောင်စီ ထပ်မံ ပစ်ခတ်တိုက်ခိုက်
အာဏာသိမ်း စစ်ကောင်စီတွင် အုပ်ချုပ်ရေး စွမ်းရည်နှင့် တရားဝင်မှု မရှိ