ကိုဗစ် ကာကွယ်ဆေးကို ပုဂ္ဂလိကသို့ စစ်ကောင်စီက တင်သွင်း ခွင့်ပြုထားသော်လည်း ခွင့်ပြုချက်ရထားသည့် ကုမ္ပဏီ ဘက်မှ တင်သွင်းမှု မရှိသေးကြောင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က သိရသည်။
ပုဂ္ဂလိက ဆေးကုမ္ပဏီ ၄ ခုခန့် ကိုဗစ်ကာကွယ်ဆေး တင်သွင်းရန် လျှောက်ထားသော်လည်း SML Pharmaceutical Trading Co., Ltd တခုတည်းသာ ကိုဗစ်ကာကွယ်ဆေး တင်သွင်းခွင့် ရရှိထားကြောင်း FDA မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က ပြောသည်။
SML အနေဖြင့် အိန္ဒိယနိုင်ငံထုတ် COVAXIN အလုံးရေ ၁ သိန်း တင်သွင်း ခွင့်ပြုချက် ရထားသော်လည်း ယခုအချိန်အထိ တင်သွင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဒေါက်တာခင်ဇော်က “တခါမှ မတင်သွင်းရသေးဘူး။ အိန္ဒိယမှာ Crisis ဖြစ်နေတော့ စာရင်းတောင်းတာပဲ ကျနော်တို့ တွေ့တယ်။ ကျနော်တို့ ခွင့်ပြုထားတာက ၂ လ ၃ လလောက်ရှိနေပြီ။ မှာနေပေမယ့် မရသေးဘူး ပြောတယ်” ဟု ပြော သည်။
ပြီးခဲ့သည့် ဧပြီလမှ စတင်က အိန္ဒိယနိုင်ငံသည် နိုင်ငံတွင်း လိုအပ်ချက်ကြောင့် ကိုဗစ်ကာကွယ်ဆေးများကို နိုင်ငံတကာသို့ ပေးပို့နေမှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီက ပုဂ္ဂလိက ကဏ္ဍအား ကိုဗစ်ကာကွယ်ဆေး တင်သွင်းဖြန့်ချိခွင့် ပေးလိုက်သည့်နောက်တွင် ပုဂ္ဂလိက ဆေး ရုံ၊ စင်တာများတွင် ကာကွယ်ဆေး ထိုးနှံလိုသူများအနေဖြင့် ကြိုတင် စာရင်းပေးသွင်းထားပြီး ဆေးရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ကိုဗစ်ကာကွယ်ဆေးများသည် သတ်မှတ်ထားသော အအေးချိန်အတိုင်း သိုလှောင်သိမ်းဆည်းထားရခြင်း ဖြစ်ရာ အွန်လိုင်း ပေါ်တွင် ရောင်းချနေသည့် ကိုဗစ်ကာကွယ်ဆေးများသည် မည်သည့်နည်းနှင့်မျှ စိတ်ချခြင်း မရှိကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေးပြောဆိုသည်။
ထိုကဲ့သို့ ရောင်းချနေမှုများသည် အကျိုးသက်ရောက်မှု မရှိသည့် ကာကွယ်ဆေး အတုများ ဖြစ်နိုင်သကဲ့သို့ ကာကွယ်ဆေး အစစ်ဖြစ်လျှင်လည်း သတ်မှတ်ထားသည့် အအေး စံနှုန်းနှင့်အညီ ထိန်းသိမ်းထားခြင်း မရှိသည့်အတွက် အကျိုးသက် ရောက်မှု မရှိနိုင်ကြောင်းနှင့် သတိထားရန်လိုကြောင်း ကျန်းမာရေး ပညာရှင်များက ဆိုသည်။
ကိုဗစ်ကုသရေး ဆောင်ရွက်နေသည့် CDM ဆရာဝန် တဦးက “အခု ပုဂ္ဂလိကမှာ ထိုးပေးနေတယ်ဆိုတဲ့ ဆေးတွေရဲ့ Cold Chain ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အာမခံဖို့ရာ ခဲယဉ်းပါတယ်။ ဘယ်လိုလမ်းကြောင့်နဲ့ လာလဲ၊ လာတဲ့ လမ်းကြောင်းမှာရော ဒီဆေးရဲ့ storage က အရည်အသွေး ပြည့်မီရဲ့လား၊ သိမ်းတဲ့ နေရာမှာရော storage method က အရည်အသွေး ပြည့်မီရဲ့လား ဆိုတာကတော့ တော်တော်မေးယူရမယ့် အခြေအနေပါ” ဟု ပြောသည်။
ဒေါက်တာ ခင်ဇော်ကလည်း “ပုဂ္ဂလိကမှာ အခုတွေ့နေရတဲ့ ဆေးတွေက အအေးထိန်းစနစ်ကို ဘယ်လိုမှ စိတ်ချလို့ မရ ဘူး။ စိတ်ချလို့ မရတဲ့အတွက်ကြောင့် ဆေးသည် နံပါတ် ၁ က အတု ဖြစ်နိုင်တယ်။ နံပါတ် ၂ က အတု မဟုတ်ဘူးဆို ရင်တောင် substandard ဖြစ်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အအေးထိန်းစနစ် ပျက်သွားတာနဲ့ အထဲက အာနိ သင်က ကျသွားနိုင်တယ်” ဟု ပြောသည်။
ကိုဗစ်ကာကွယ်ဆေး ထိုးနှံရာတွင် ကျွမ်းကျင်သည့် ဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာ ထိုးနှံသင့်ပြီး အရည်အသွေး မပြည့်မီ သည့် ကာကွယ်ဆေးများကို ထိုးနှံလျှင် သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ပြောသည်။
ဆက်လက်ပြီး ကိုဗစ်ကုသရေး ဆောင်ရွက်နေသည့် CDM ဆရာဝန်က “အကယ်၍များ Qualified မမီတာကို ထိုးမိရင် တော့ အရှင်းဆုံးပြောရရင် သေတတ်ပါတယ်။ အထူးပြောချင်တာကတော့ ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်ပါ။ NUG ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အချက်အလက်တွေကို လေ့လာ ဖတ်ရှုပြီးတော့မှ လိုက်နာပြီးတော့ ထိုးသင့် လား၊ မထိုးသင့်လား ဆိုတာကို ဆန်းစစ်သင့်ပါတယ်” ဟု သတိပေး ပြောဆိုသည်။
အရပ်သား အစိုးရ လက်ထက် လူ ၁၅ သန်းစာအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ်ယူထားသည့် အထဲကမှ ဆေး ၂ သန်းနှင့် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ၁ သန်းခွဲကို ကနဦး လက်ခံရရှိပြီးနောက် ဇန်နဝါရီ ၂၇ ရက်မှ စကာ အရပ်သားအစိုးရ၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကာကွယ် ဆေးများဖြစ်သည့် Sinopharm နှင့် Sinovac တို့ကို အသက် ၆၅ နှစ် အထက် သက်ကြီးပိုင်းများ ၊ ကာကွယ်ဆေး ထိုး ရန်ကျန်ရှိနေသည့် ကျန်းမာရေး ဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ အစရှိသဖြင့် ဦးစားပေး အုပ်စုများ သတ် မှတ်ပြီး စစ်ကောင်စီက ကာကွယ်ဆေးထိုးနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရာဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁ ဒသမ ၈၃ သန်းခန့်ရှိပြီး လူဦးရေ၏ ၆ ရာခိုင်နှုန်းကျော် ထိုးခဲ့ပြီး ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
ထို့ပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လက်ခံရရှိရန် ရှိနေသည့် ကိုဗစ်ကာကွယ်ဆေး ၆ သန်းကို တိုင်းရင်းသားဒေသရှိ ပြည်သူများအား မကြာမီ ထိုးနှံပေးမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မည်သည့်ဆေးဖြစ်မည်နှင့် မည်သို့ ထိုးပေးမည်ကို ထုတ်ဖော် မပြောဆိုပါ။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်မှ စတင်ကာ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေပြီး ဗီဇပြောင်းပိုးဖြစ်သည့် Alpha, Beta, Delta နှင့် Kappa စသည့် ဗီဇပြောင်းပိုး ၄ မျိုးအထိ တွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် သြဂုတ်လ ၁၀ ရက်ထိ ပိုးကူး စက်သူ ၁၉၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၉,၀၁၈ ဦး အထိ ရှိပြီ ဖြစ်သည်။
You may also like these stories:
ကိုဗစ် လက်ကားဖြန့်ချိသောနိုင်ငံ မြန်မာ ဖြစ်လာနေသည်
သေဆုံးမှု အဆမတန် မြင့်လာပြီးနောက် သက်ကြီးပိုင်း ကာကွယ်ဆေးထိုးမှု များလာ
စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်
တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ