မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်၏ စီစဉ်မှုဖြင့် တရုတ်နိုင်ငံထုတ် Sinophram ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးနှံပေးမည်ဖြစ်ကြောင်း အဆိုပါ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံရန် ပြီးခဲ့သည့် ဇွန်လပိုင်းက စာရင်းပေးသွင်းထားသော ပြည်သူများကို ကာကွယ် ဆေး ရောက်ရှိလာပါက ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတရုတ်ကုန်သည်များ အသင်းချုပ်တွင် စေ တနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့က အခု ထိုးပေးဖို့ စာရင်းကောက်တာ မဟုတ်ပါဘူး။ အရင်က စာရင်းပေးထားတဲ့ လူတွေဆီက ပိုက်ဆံ ပေးသွင်းဖို့ ကြေညာတာမျိုးကို နားလည်မှု လွဲသွားတဲ့ အခြေအနေ ရှိတယ်။ ဒါပေမယ့် အခုမှ စာရင်းပေးတဲ့ လူတွေကို လည်း ထိုးပေးသွားနိုင်ဖို့ လုပ်နေတာလည်း ရှိပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေး ရောက်ရှိလာမည့် အချိန်၊ ထိုးနှံပေးမည့် လူအရေအတွက်နှင့် အခြားသော အသေးစိတ် အချက်အလက်ကို ထပ်မံမေး မြန်းခဲ့သော်လည်း ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို မဖြေကြားရန် အသင်း ဥက္ကဋ္ဌ က မှာကြားထားကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ တရုတ်ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ ကာကွယ်ဆေး ရောက်ရှိလာပါက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ဆေးရုံတွင် ထိုးနှံပေးရန် စီစဉ်ထားပြီး ကာကွယ်ဆေး ၂ ကြိမ်အတွက် ငွေကျပ် ၅ သောင်း ကျသင့်မည် ဖြစ်ကြောင်း ကြေညာထားသည်။
အဆိုပါ Sinophram ကိုဗစ်ကာကွယ်ဆေးသည် တရုတ်ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ ၃၀ ( မြန်မာငွေ ၅ သောင်း ဝန်းကျင်) ဈေးပေါက်လျက်ရှိသည်။
ရန်ကုန်ယူနန် ကူညီရေးအသင်းက တာဝန်ရှိသူတဦးက “ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အစီအစဉ်က တရုတ်ကုန်သည် အသင်းကပဲ ဦးဆောင်ပြီး လုပ်တာဖြစ်တော့ ကျမတို့ကလည်း အသေးစိတ် အချက်အလက်တွေ မသိဘူး။ ထိုးချင်တဲ့သူ တွေကို စာရင်းကောက်တာ၊ ငွေလက်ခံတာတွေကိုပဲ ဝင်ကူညီပေးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့ သိရှိထားချက်အရလည်း ယခင်က စာရင်းပေးသွင်းထားသူများကို ငွေသွင်းခိုင်းခြင်းနှင့် ဆေးထိုးနှံမည့် နေရာ ယာ ယီသတ်မှတ်ထားချက်များကို ထပ်မံကြေညာခြင်းမျိုးသာ ဖြစ်ကြောင်း ဆိုသည်။
၎င်းက ဆက်လက်၍ “အရင်က စာရင်းပေးပြီး ငွေမသွင်းတာတို့၊ ဥပမာ ကိုဗစ်ပေါ့စတစ် ဖြစ်သွားတာတို့ အကြောင်းအမျိုး မျိုးနဲ့ ပျက်ကွက်သွားတဲ့ လူတွေနေရာမှာ အခုမှ စာရင်းသွင်းတဲ့ လူတွေကို အစားထိုးနိုင်ဖို့တော့ စီစဉ်ပေးနေတာတော့ ရှိပါ တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် ဦးဆောင်မှုဖြင့် ကိုဗစ်ကာကွယ်ဆေးကို မိမိဆန္ဒဖြင့် ဝယ်ယူတင်သွင်း ထိုးနှံ ရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံထုတ် Sinophram ကိုဗစ်ကာကွယ်ဆေးမှာ ကမာ္ဘ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က အရေးပေါ် အခြေ အနေများအတွက် အသုံးပြုနိုင်ကြောင်း ထောက်ခံချက်ပေးထားသော ကာကွယ်ဆေးဖြစ်သည်။
(COVID- 19) ဟု အများက ခေါ်ဝေါ်ကြသည့် Coronavirus Disease 2019 ရောဂါပိုးသည် တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်ကာ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး တရုတ်ပြည်မကြီးရှိ တခြားသော ပြည်နယ်များနှင့် ကမ္ဘာနိုင်ငံများသို့ ပျံ့နှံလာသဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHOက ၂၀၂၀ မတ် ၁၁ ရက်နေ့တွင် ကမ္ဘာ့ကပ်ရောဂါကြီး အဖြစ် ကြေညာခဲ့ရသည်။
You may also like these stories:
တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ
ကိုဗစ်ကာကွယ်ဆေး ပုဂ္ဂလိက ခွင့်ပြုထားသော်လည်း တင်သွင်းမှု မရှိသေး