ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တွေ့ဆုံဆွေးနွေးလိုသည့် နိုင်ငံရေးဆန္ဒမရှိသရွေ့ နိုင်ငံရေးဆွေးနွေးမှုအပေါ် မျှော်လင့်ချက်ထား၍ မရကြောင်း ပြောသည်။
ဩဂုတ်လ ၁၂ ရက်တွင် ကျရောက်မည့် ၇၁ နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားအတွက် ပေးပို့သည့် သဝဏ်လွှာတွင် ထို့သို့ ပြောကြားထားခြင်းဖြစ်သည်။
၎င်းက “နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေး ဆန္ဒ (Political Will) မရှိသရွေ့ နိုင်ငံရေး ဆွေးနွေးမှု တွေအပေါ် မျှော်လင့်ချက်ထားလို့ မရနိုင်ပါဘူး။ ဒါကြောင့်မိမိတို့ အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားပြီး တဖက်မှာလည်း မိမိတို့ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ မိမိတို့ရဲ့ နေရပ်ဒေကို ကာကွယ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ခေတ်အဆက်ဆက် ဖြေရှင်းခဲ့သော်လည်း မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်အာဏာ သိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံရေး နောက်ကြောင်းပြန်မှု ဖြစ်လာပြီး ပြည်သူလူထုအပေါ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာကြောင်း လည်းထောက်ပြထားသည်။
စစ်ကောင်စီနှင့် တိုက်ခိုက်နေသည့် KNU လက်အောက်ခံ တပ်မဟာတခုမှ KNU တာဝန်ရှိသူတဦးကမူ ဥက္ကဋ္ဌ၏ ပြောဆိုချက်သည် အတော်ပင်နောက်ကျနေပြီဖြစ်ကြောင်းဆိုသည်။
၎င်းက “တွေ့ဆုံဆွေးနွေးရေးက အလုပ်မဖြစ်တော့ဘူးဆိုတာကို အခုမှ ရေးရေးသိတဲ့သဘောဖြစ်နေတယ်” ဟု မှတ်ချက်ပေးသည်။
အမေရိကန်နိုင်ငံရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘဝ) ကလည်း နိုင်ငံရေး ဆွေးနွေးပွဲများသည် တထိုင်တည်းဖြင့် အကုန်လုံး ပြီးပြတ်နိုင်သည်မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးလိုသည့် နိုင်ငံရေးစိတ်ဆန္ဒလိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးတင်မောင်သန်း က “လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းဆိုရင် အရှိန်အဟုန်တက်လာဖို့တို့ လွန်ခဲ့တဲ့ နှစ် ၂၀ က NCGUB (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ) လည်း ဒီလိုပဲ ပြောခဲ့တာပဲ။ အခုလည်း ဒီအတိုင်းပဲ ပြန်ရောက်တာပဲ။ Political Will မရှိရင် အခက်အခဲကတော့ ကြီးမားစွာရှိလိမ့်မယ်။ အဲဒါမျိုးမှာ အာဆီယံ လမ်းကြောင်းကနေ ဘယ်လိုကစားမလဲပေါ့။ ဒါက ကစားပွဲပဲ။ သူလည်း ကစားတာပဲ။ ကိုယ်လည်း ကစားတာပဲ အဲဒီထဲက ကိုယ့်အတွက် အကျိုးအရှိဆုံးကို ဆွဲထုတ်ကြမှာပဲ” ဟု ပြောသည်။
KNU ဥက္ကဌ၏ ပြောဆိုချက်ကို ကြည့်ပါက KNU သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးလိုသည့် လမ်းကြောင်းကို ဆက်လက်ဖွင့်ထားဆဲဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ဦးတင်မောင်သန်း က “တွေ့ဆုံဆွေးနွေးရေးကို မဆွေးနွေးဘူးကွာလို့ ငြင်းလိုက်ရင် ကိုယ့်အတွက် ဘယ်မှာ သွားနစ်နာမလဲဆိုရင် နိုင်ငံတကာအမြင်မှာ သူက စကားမပြောတဲ့လူလို့မြင်သွားမယ်။ အဲဒါဆိုရင် စတောင်မစသေးဘူး။ ကိုယ့်ဘက်က အရှုံးထွက်သွားလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကမူ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် ပြီးခဲ့သည့် မေလ ၁၀ ရက်က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန်ဟူ၍ သဘောထားထုတ်ပြန်ခဲ့ကြောင်း၊ ထို့သို့ ထုတ်ပြန်ခဲ့ပြီးနောက် အပြင်းအထန်ဝေဖန်ခံရမှုများ ကြုံလာရသဖြင့် ယခုအခါတွင် လေသံတမျိုးပြောင်းပြောလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ထိုစဉ်ကKNU ဥက္ကဋ္ဌ၏ သဘောထားနှင့် ပတ်သက်ပြီး KNU အတွင်း ကြိုဆိုသူများ ရှိသကဲ့သို့၊ စစ်ကောင်စီ၏ တပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်နေသည့် KNU တပ်မဟာ ၅ ကမူ လူကြီးတယောက်၏ သဘောထား သာဖြစ်ပြီး မဖြစ်မနေလိုက်နာရမည့် အမိန့်မဟုတ်ဟု သတ်မှတ်ကာ မိမိတို့လုပ်စရာရှိသည့်အလုပ်များကို ဆက်လက်လုပ် ဆောင်မည်ဟု ဆိုခဲ့သည်။
အဆိုပါ နိုင်ငံရေးသုတေသီ က “သူက NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ပြောထားတယ်။ ဒီအခြေအနေမှာ NCA အတိုင်း ဆက်သွားလို့ မရဘူးဆိုတဲ့ အမြင်တွေရှိတယ်။ သူ့အနေနဲ့ ဖိအားတခုဖြစ်တာပေါ့ဗျာ။ ဒါပေမယ့် အဲဒီထက်ပိုပြီးတော့ ဖြစ်တဲ့ ဖိအားက သူတို့ KNU အဖွဲ့ထဲက ဖြစ်လိမ့်မယ်လို့ထင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေသည် တွေ့ဆုံဆွေးနွေး၍ ဖြေရှင်းနိုင်မည့် အခင်းအကျင်းထက် ကျော်လွန်သည့် နိုင်ငံရေးအခြေအနေဖြစ်နေကြောင်းလည်း ရှင်းပြသည်။
၎င်းက ဆက်၍ “စစ်ကောင်စီရဲ့အကြမ်းဖက် ဖိနှိပ်မှုတွေကလည်းဒီနေ့အထိ ဆက်လက် ဖိနှိပ်ချုပ်ချယ်နေတုန်းပဲ။ တပြည်လုံးမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို လက်မခံနိုင်လို့ လက်နက်ကိုင် ဆန့်ကျင် တော်လှန်တာတွေ ဖြစ်နေတယ်။ ဗမာပြည်မှာ တွေ့ဆုံဆွေးနွေးရေးဆိုတာ စစ်ကောင်စီဘက်ကလည်း ဆန္ဒမရှိသလို။ ဒီမိုကရေစီ အင်အားစုတွေကလည်း မျှော်လင့်ချက်မထားတော့တဲ့ အနေအထားပါ။ သူသေ ကိုယ်ရှင် တိုက်ပွဲဝင်ကြမယ့် အနေအထားရောက်နေပါပြီ” ဟု ၎င်းက မှတ်ချက်ပေးသည်။
လက်ရှိတွင် NCA လက်မှတ်ထိုးထားသော KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီအကြား၌ အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေများကြောင့် တရားဝင်ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးကိစ္စများ ဆက်လက်ဆွေးနွေးနိုင်ခြင်း မရှိပေ။
ထို့အပြင် NCA လက်မှတ်ထိုးထားသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ များသည်လည်း ကိုဗစ်ရောဂါပိုး ကူးစက်မှု အန္တရာယ်ကို ရင်ဆိုင်နေရပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းများနှင့် ပတ်သက်၍ ၎င်းတို့အချင်းချင်း အွန်လိုင်းမှ ဆွေးနွေးကာ ကြေညာချက်ထုတ်ပြန်ခြင်းသာ လုပ်ဆောင်နေလျက်ရှိသည်။