အာဏာသိမ်း စစ်ကောင်စီကို တရုတ်နိုင်ငံက စီမံကိန်း ၂၁ ခုအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ပေးမည့်အပြင် “မြန်မာအစိုးရ”ဟု ခေါ်ခဲ့သည်။
ထိုငွေများကို တရုတ်က မဲခေါင်-လန်ကန် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းမှ စီမံကိန်းများအတွက် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကြေညာချက်တစောင်က ဆိုသည်။ ထိုစီမံကိန်းများတွင် တိရိစ္ဆာန်ကာကွယ်ဆေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံ၊ ခရီးသွားလုပ်ငန်းနှင့် သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးတို့ ပါဝင်ကြောင်း ထိုကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က သဘောတူညီချက်တစောင်ကို ဗီဒီယိုကွန်ဖရင့်ဖြင့် လက်မှတ်ရေးထိုးသည်။
ထိုဗီဒီယို ကွန်ဖရင့်အစည်းအဝေးတွင် တရုတ်သံအမတ်က ဦးဝဏ္ဏမောင်လွင်ကို “လေးစားရသော နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး”ဟု ခေါ်ဝေါ်သုံးစွဲသည်။
မြန်မာနိုင်ငံသို့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများပေးပို့သည့် သြဂုတ်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီကို အစိုးရဟု သုံးစွဲခေါ်သည်။ စစ်ကောင်စီသည် သြဂုတ်လ ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီး ၇ ရက်ကြာသောအခါ တရုတ်နိုင်ငံက ၎င်းတို့ကို အစိုးရဟု ခေါ်ဝေါ်သုံးစွဲသည်။ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုအိမ်စောင့်အစိုးရတွင် သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ယခင်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်ဝေါ်သုံးစွဲခြင်းကို ရှောင်ရှားပြီး ကိုဗစ်ကာကွယ်ဆေးများပေးပို့စဉ်ကလည်း မြန်မာနိုင်ငံဟုသာ ရည်ညွှန်းပြောဆိုသည်။
Financial Times ကဖေါ်ပြချက်အရ မြန်မာနိုင်ငံသည် နောက်ထပ်ရှည်ကြာသည့် စစ်အုပ်ချုပ်ရေးခေတ်ကို ဦးတည်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဇွန်လတွင် အခြေခံကျသည့် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ဇွန်လ ပထမပတ်တွင်လည်း တရုတ်သံအမတ်ချန်ဟိုင်သည် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင်တွေ့ဆုံသော ပထမဆုံး သံအမတ် ဖြစ်လာသည်။
အမေရိကန် သုတေသနလုပ်ငန်း Stimson စင်တာမှ မြန်မာ-တရုတ်ဆက်ဆံရေး ကျွမ်းကျင်သူ ယွန်ဆန်းက “တရုတ်တွေက ဒီစစ်အာဏာသိမ်းမှုဟာ အောင်မြင်တယ်၊ တည်မြဲမယ်လို့မြင်နိုင်တယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ထိပ်တန်းရင်းနှီးမြှုပ်နှံသော နိုင်ငံများအနက်တခုဖြစ်ပြီး အိန္ဒိယ သမုဒ္ဒရာနှင့် ဘေ့ဂျင်းအတွက် အရေးပါသော အချိတ်အဆက်ကိုပေးသည့် စွမ်းအင်ပိုက်လိုင်းများအပါအဝင် သေနင်္ဂဗျူဟာကျသည့် အခြေခံအဆောက်အအုံစီမံကိန်းများလည်း ရှိနေသည်။ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှ တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း နိုင်ငံရေးနှင့် စစ်ရေးအကူအညီ ဆက်လက်ပေးနေသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒသည် အဆင့်တက်ပြောင်းလဲလာပြီး နိုင်ငံရေးအင်းအားစုသစ်များနှင့် အင်အားစုဟောင်းများကို ထိန်းချုပ်ရန် အမျိုးမျိုးသော သေနင်္ဂဗျူဟာများ ဖြင့် လုပ်ဆောင်နေကြောင်း တရုတ်မြန်မာနယ်စပ်တလျှောက်မှ အင်အားကြီးမားသည့် တိုင်းရင်းသားအုပ်စုများမှ ခေါင်းဆောင်အချို့က ဧရာဝတီသတင်းဌာနသို့ပြောသည်။
ဖေဖေါ်ဝါရီလတွင် စစ်တပ်က အာဏာသ်ိမ်းပြီးနောက် မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ မြင့်မားလာပြီး တရုတ်စက်ရုံများ တိုက်ခိုက်ခံရသည်။
တရုတ်သည် မြန်မာ စစ်ကောင်စီအပေါ် ပိုမိုပျော့ပျောင်းသည့် မူဝါဒ ကျင့်သုံးသည်ဟု စွပ်စွဲခံနေရသော်လည်း တရုတ်ကမူ တည်ငြိမ်ရေးကို ဦးစားပေးပြီး အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China Starts Calling Myanmar Junta “Government” ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ကြသလား
မြန်မာစီမံကိန်းများအတွက် ငွေကြေးစိုက်ထုတ်ရန် တရုတ်က စစ်ကောင်စီနှင့် သဘောတူ
မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်
မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ