စစ်ကောင်စီသည် ၎င်းတို့အာဏာခိုင်မာရေးကိုသာ လုပ်ဆောင်နေပြီး တွေ့ဆုံဆွေးနွေးရန် သူမ၏တောင်းဆိုမှုများကို တုံ့ပြန်ခြင်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗ်ိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံအကျပ်အတည်းအကြောင်း အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြောင်း ခရစ္စတင်း ရှရနာ ဘာဂနာက အင်္ဂါနေ့တွင် သတင်းထောက်များကိုပြောသည်။
မြန်မာပြည်သူများကို ညှင်းပမ်းနှိပ်စက်ခြင်း၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် မီဒီယာအတွက် စိုးရိမ်ကြောင်း အထူးသံတမန်ကပြောပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်တောင်းဆိုသည်။
“ တွေ့ဆုံဆွေးနွေးဖို့ ကျမ သူ့ကိုပေးတဲ့ အကြံဉာဏ်အချို့ကို သူနားထောင်တယ်။ ကျန်းမာရေးလုပ်သားတွေကို တရားစွဲတာ ရုတ်သိမ်းပေးဖို့ အကြံဉာဏ်လိုမျိုးပေါ့။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးဖို့ကိစ္စအတွက် အဖြေမရဘူး။ တွေ့မယ်လည်း မပြောဘူး၊ မတွေ့ဘူးလည်း မပြောဘူး” ဟု သူပြောသည်။
ဆက်သွယ်ရေးလမ်းကြောင်း ပွင့်နေစေရေးအတွက် ဆွေးနွေးမှု အသေးစိတ်များကို မပြောနိုင်သေးကြောင်းလည်း သူပြောသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အိမ်စောင့်အစိုးရဖွဲ့စည်းကြောင်း ကြေညာချက်ဖြင့်သာမက လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းခြင်းနှင့် ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြေညာခြင်းတို့ဖြင့် သူ၏အာဏာကို ခိုင်မာအောင် ဆက်လက်လုပ်ဆောင်မည့်ပုံရကြောင်း ဆွစ်အထူးသံတမန်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းခံရမည်ကို စိုးရိမ်ကြောင်းလည်း သူပြောသည်။ ထိုသို့လုပ်ခြင်းသည် နိုင်ငံတကာ အရေးမယူနိုင်သောကြောင့် တရားဝင်မှုမြှင့်တင်ရန် အားထုတ်မှုဖြစ်ကြောင်း သူပြောသည်။“ကုလသမဂ္ဂက အစိုးရတွေကို အသိအမှတ်ပြု မပေးပါဘူး။ ဒါက အဖွဲ့ဝင်နိုင်ငံတွေနဲ့ပဲ ဆိုင်ပါတယ်”ဟုလည်း သူပြောသည်။
မြန်မာစစ်ကောင်စီနှင့် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် နိုင်ငံတကာတရားဝင်မှု ရရှိရန် ကြိုးစားနေသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းအပါအဝင် မြန်မာသံတမန် ၂၁ ဦးတို့က စစ်ကောင်စီကို လူသိရှင်ကြားရှုတ်ချပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသည်။
ဦးကျော်မိုးထွန်းသည် ခြ်ိမ်းခြောက်ခံနေရပြီး သူအားလုပ်ကြံမည့် အကြံအစည်ကို အမေရိကန် တရားရေးဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ဖေါ်ထုတ်ခဲ့သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အခြားတခုခု မဆုံးဖြတ်သေးသရွေ့ ဦကျော်မိုးထွန်းသည် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂသံအမတ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသော နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကိုသာ ခေါင်းဆောင်များအဖြစ် မြင်မည်ဖြစ်ကြောင်းလည်း ဘာဂနာက ပြောသည်။
မြန်မာပြည်သူများသည် စစ်အုပ်ချုပ်ရေးကို ဆက်လက်ဆန့်ကျင်နေပြီး ဒီမိုကရေစီထူထောင်ရေးကို တောင်းဆိုသည်။
ဘာဂနာသည် စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် NUG အပါအဝင် အခြားအဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးနေသည်။
အထူးသံတမန်သည် ကိစ္စလေးခုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကျင်းပရန် အားပေးနေသည်။ ထိုကိစ္စ ၄ ခုတွင် ကိုဗစ်နိုင်တင်း တုံ့ပြန်မှု၊ လူသားချင်းစာနာမှု အကူအညီ၊ ရိုဟင်ဂျာ ပြဿနာ၊ အကျပ်အတည်းဖြစ်ပွားရခြင်း အကြောင်းရင်းတို့ဖြစ်သည်။ ထိုသို့ဆွေးနွေးရာတွင် ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်တပ်မတော် ထူထောင်ရေး၊ ဥပဒေနှင့် ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးတို့ပါဝင်သည်။
“သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးလိုက်တဲ့အခါ ကျမသဘောပေါက်တာက ဘယ်ဘက်ကမှ လက်နက်ကို စွန့်လွှတ်မှာမဟုတ်သလို ဘာအပေးအယူလုပ်ဖို့မှလည်း အဆင်သင့်မရှိဘူး။ NUG က ဆွေးနွေးဖို့ကို စိတ်ဝင်စားပေမယ့် မဆွေးနွေးခင် အရင်လုပ်ရမယ့် စည်းကမ်းချက်တွေနဲ့မှ ဆွေးနွေးလိုတယ်” ဟုလည်း သူပြောသည်။
တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ဥရောပသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ကုလသမဂ္ဂတို့၏ ကိုယ်စားလှယ်များပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ န်ိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖွဲ့ရန်လည်း သူအဆိုပြုသည်။
မကြာသေးမီက ASEAN အထူးသံတမန် ခန့်အပ်လိုက်သောကြောင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရန် အထာက်အကူပြုမည်ဟု ယုံကြည်ကြောင်း သူပြောပြီး တွေ့ဆုံဆွေးနွေးပွဲ မကျင်းပနိုင်လျှင် ပြည်တွင်းစစ်ဆီသို့ ပိုမိုဦးတည်သွားမည်ဖြစ်ကြောင်း သူပြောသည်။
စစ်ကောင်စီက အထူးကိုယ်စားလှယ်ကို ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ဝင်ခွင့်မပေးပေ။
ဘာဂနာက “ကျမမြန်မာနိုင်ငံကို သွားဖို့ စစ်ကောင်စီဘက်က အဆင့်သင့်မဖြစ်သေးဘူးလို့ ယူဆတယ်။ ကျမအမြင်တော့ သူတို့က ကျမနဲ့စကားမပြောချင်လို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျမတို့က အဆက်အသွယ်ရှိနေသေးတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ စကား ပြောဖြစ်သေးတယ်။ ကျမထင်တာက ကျမမြန်မာနိုင်ငံကိုရောက်သွားရင် အောက်ခြေကလူတွေ အရမ်းအားတက်သွားမှာမျိုး စစ်တပ်က ဒါကိုမမြင်ချင်ဘူးလို့ ထင်တယ်” ဟုလည်း သူပြောသည်။
You may also like these stories:
အိမ်စောင့်အစိုးရ အသုံးအနှုန်းက ရှည်ကြာသော စစ်အာဏာရှင်စနစ် ထူထောင်ရန် ရည်ရွယ်လိုပုံ ရ
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ကြသလား
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်
တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်