ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ်များက လက်နက်ကြီးများဖြင့် ပစ် ခတ်သဖြင့် ဒေသခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ကျည်ထိမှန်ဒဏ်ရာများ ရရှိထားသည်ဟု သတင်းရရှိသည်။
စစ်ကောင်စီ၏ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း၊ ခလရ ၁၀၂ နှင့် ဖရူဆိုမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း၊
ခမရ ၅၃၁ တို့က ယနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှစ၍ လက်နက်ကြီးများ ပစ်ခတ်ရာ ဒီးမော့ဆိုမြို့နယ်၊ ညောင်ကုန်း ကျေးရွာမှ အမျိုးသားတဦး၊ ဖရူဆိုမြို့နယ်အတွင်းမှ အမျိုးသမီးတဦးတို့ ကျည်စ ထိမှန် ဒဏ်ရာရကြခြင်း ဖြစ်သည်။
ကယားပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီလုပ်ပေးနေသူတဦးက “ကျမ ကြားသိရသလောက် ညောင် ကုန်းက အမျိုးသားက အိမ်ထဲကို လက်နက်ကြီးကျည် ကျလို့ အိမ်လည်း ပျက်စီးတယ်။ လူလည်း လက်မှာ ထိသွားတယ်။ အမျိုးသမီးက ခြေထောက်မှာ ထိတာ သူလည်း သူ့အလုပ်သူ လုပ်နေရင်း ခြံထဲ နေရင်း စကစ ပစ် ထည့်လိုက်တဲ့ ကျည်ကျ လာလို့ ထိတာ။ ကျန်တာ ထပ်ဖုန်းဆက်နေလို့ အသေးစိတ် မသိရသေးဘူး” ဟု ပြောသည်။
လက်နက်ကြီးကျည်များ မပစ်ခတ်ခင် မနက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်း တပ်များသည် ဖရူဆိုမြို့နယ်တွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
KNDF ၏ ပြန်ကြားရေး တာဝန်ခံက “ဒီမနက် ၁၀ နာရီ ၅၃ မိနစ်လောက်မှာ ပစ်ခတ်ကြတယ်။ ၁၁ နာရီလောက်မှာ ပြီး သွားတယ်။ နောက်ထပ် ၁ နာရီလောက် ကြာအောင် ပစ်တာက စကစဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ရမ်း သမ်းပြီး သူတို့ဘာသာ သူတို့ပစ်တာ။ စစ်ဖြစ်ခဲ့တဲ့ ၁၀ နာရီ ၅၀ ကနေ ၁၁ နာရီကြားမှာက စစ်ကောင်စီဘက်က ၅ ဦးကျပြီး ၃ ဦး ဒဏ်ရာ ရတယ်။ KA ဘက်က သေနတ်၂ လက် ရလိုက်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ကယားပြည်နယ်၊ လွိုင်ကော်၊ ဖရူဆို၊ ဘော်လခဲနှင့် ဖားဆောင်းမြို့နယ်တို့တွင် အင်အား ရာနှင့်ချီသည့် စစ်ကြောင်းများ ဝင်ရောက်လာကာ တောတွင်းရှိ KA နှင့် KNDF တို့ လှုပ်ရှားသည့် နယ်မြေများကို လှည့်လည်သွားလာနေရာ ဇူလိုင်လကတည်းက စစ်ရေး တင်းမာနေကြခြင်း ဖြစ်သည်။
ယနေ့ မနက်ပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲသည် နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဖရူဆိုမြို့နယ်၊ ထီးကလူဒေါ့ ကျေးရွာအနီး ဂိတ်စခန်း ဖွင့်ထားသည့် စစ်ကောင်စီ၏ ဂိတ်ကို KA ဘက်က ဝင်ရောက် တိုက်ခိုက်ပြီး တိုက်ခိုက်မှုမှာ ၁၅ မိနစ်ခန့်သာ ဖြစ်ပွားခဲ့သည်ဟု KNDF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။
KNDF ၏ ပြန်ကြားရေး တာဝန်ခံက စစ်ကောင်စီနှင့် ၎င်းတို့ကြား တိုက်ခိုက်မှု ပြီးသွားသည့်နောက်တွင် ဒီးမော့ဆိုနှင့် ဖရူ ဆို မြို့နယ်တို့ရှိ အမြောက်တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အရပ်သား ၂ ဦးကို ထိခိုက်ခြင်းဖြစ်သည် ဟုလည်း ဆိုသည်။
ဆက်လက်ပြီး ၎င်းက “သူတို့ တပ်အင်အားတွေ ဖြည့်လာတာ ရှိတယ်။ လှုပ်ရှားမှုကိုလည်း နှစ်ဆ အရှိန်မြှင့်ပြီး လုပ်လာ တာ ရှိတယ်။ ပြီးတော့ သူတို့တွေက အသွားအလာတွေလည်း ပေးမလုပ်တော့ဘူး။ ရွာသားတွေလည်း ရွာပြင်ကို မထွက် ကြတော့ဘူး။ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာနားက ရွာတွေကတော့ ထွက်ပြေး တိမ်းရှောင်ကုန်ကြပြီ” ဟု ဆိုသည်။
စစ်ကောင်စီ တပ်ဖွဲ့များသည် ယနေ့မနက်ပိုင်း တိုက်ပွဲ မဖြစ်ပွားခင်ကတည်းက စစ်ကား ၁၀ စီးဖြင့် ဖရူဆိုမြို့နယ်၊ ရှေ့တန်း တပ်စခန်းများကို အင်အားဖြည့်ထားသည်။
သြဂုတ် ၁၁ ရက်၊ ညပိုင်းကလည်း ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၏ မြို့နယ်ချင်းဆက် အဝေးပြေးလမ်းမ တလျှောက် တွင် စစ်ကောင်စီတပ်ဖွဲ့များက ဖြန့်ကျက် နေရာယူကာ လှုပ်ရှားခဲ့သည်။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီက KA ၏ ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ယနေ့မနက်ပိုင်း တိုက်ပွဲကြောင့် ထွက်ပြေးရသည့် ထီးကလူဒေါ့ကျေးရွာ၏ လူဦးရေ စာရင်းနှင့် ဒေသခံများ၏ အခြေအနေ ကို မေးမြန်းရန် စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူအချို့အား ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့ လည်း အတိအကျ မသိရှိရသေးကြောင်း ပြောသည်။
ဇူလိုင်လအတွင်းကလည်း KA၊ KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ဘော်လခဲ နှင့် ဖရူဆိုမြို့နယ်တို့မှ ကျေးရွာ ၁၄ ရွာ၊ ရွာလုံးကျွတ် ထွက်ပြေးနေရပြီး အရပ်သား ၇၅၅၈ ဦးသည် စစ်ဘေးရှောင်ဒုက္ခ သည်များအဖြစ် တောထဲတွင် ခိုလှုံနေရသည်။
ဇူလိုင်လက ဘော်လခဲနှင့် ဖရူဆိုမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများသည် KA ၏ တပ်ရင်း ၁ လှုပ်ရှားရာ နယ်မြေနှင့် လူငယ်များအား အခြေခံ စစ်သင်တန်းပးရာ နေရာများဘက်သို့ စစ်ကောင်စီတပ်များ တိုးဝင်လာခြင်းကြောင့် တိုက်ခိုက် ကြခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် KA သည် ယခင်အစိုးရလက်ထက် အဆက်အဆက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးရန် ဆွေးနွေးနေဆဲ ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ တပ်ပိုင်းဆိုင်ရာ အဖွဲ့ဖြစ်သည်။
KNPP သည် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်များကို ၂၀၁၂ ခုနှစ်က လက်မှတ် ရေးထိုးထားသည်။
သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ထုတ်ဖော်ပြောဆို ကာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် လုပ်ဆောင်ကြသည့် ကရင်နီ လူငယ်များကို အကူအညီပေးလျက် ရှိ သည်။
KNDF သည် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ကယားပြည်နယ်တွင်း ပေါ်ပေါက်လာသည့် တပ်ဖွဲ့သစ် တဖွဲ့ဖြစ်ကာ ကယား တပြည်နယ်လုံးရှိ မြို့နယ်အသီးသီးတွင် ဖွဲ့စည်းထားသည် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များ စုစည်းထား သည့် တပ်ဖွဲ့ တဖွဲ့ ဖြစ်သည်။
You may also like these stories:
ဝိုင်းမော်က အရပ်သား နေအိမ်များကို စစ်ကောင်စီ ထပ်မံ ပစ်ခတ်တိုက်ခိုက်
ဒီပဲယင်းရှိ ရွာပေါင်း ၁၀ ရွာ စစ်ကောင်စီ ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးနေရပြန်
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော