ကိုဗစ်-၁၉ ကာကွယ်ဆေးများကို တရားမဝင် နည်းလမ်းများဖြင့် တင်သွင်းပြီး ကာကွယ်ဆေး ထိုးပေးနေသူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ က ပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိက အနေဖြင့် ကိုဗစ်ကာကွယ်ဆေး တင်သွင်းဖြန့်ဖြူးရေးအတွက် တရုတ်ကုန်သည် ကြီးများအသင်းနှင့် SML Pharmaceutical Trading Co., Ltd ၂ ခုသာ ခွင့်ပြုချက်လက်မှတ် ရရှိထားကြောင်း သိရသည်။
သို့သော် လက်ရှိအချိန်ထိ ၎င်းတို့လက်ထဲသို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိခြင်း မရှိသေးသလို ဆေးထိုးပေးသည့် အခြေအနေလည်း မရှိသေးကြောင်း ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဧရာဝတီကို ပြောသည်။
၎င်းက “ ဈေးကွက်ထဲမှာ လက်ရှိ ကြားနေရတဲ့ ကုန်ပစ္စည်းတွေ၊ ကိုဗစ်ကာကွယ်ဆေးတွေ ဆိုတာတွေက အောက်လမ်း နည်းနဲ့ ဘယ်လိုနည်းတွေနဲ့ ဝင်လာတယ်ဆိုတာ မသိပါဘူး။ ကျမတို့ ဒါကို ထိထိရောက် အရေးယူဖို့ လုပ်နေပါတယ်။ ဆေး တင်သွင်းခွင့် ရရှိထားတဲ့ ကုမ္ပဏီ ၂ ခုမှာ ဆိုရင်လည်း တရားဝင် ကာကွယ်ဆေး ရောက်ရှိနေမှု မရှိဘူး။ ဆေးထိုးပေးနေမှု လည်း မရှိပါဘူး။ ဒါကို ပြည်သူတွေကို သိစေချင်ပါတယ်” ဟု ဆိုသည်။
ကိုဗစ် ကာကွယ်ဆေးများအား သတ်မှတ်ချက်များနှင့်အညီ အအေးခန်းများတွင် စနစ်တကျ သိုလှောင်ထားရှိရမည် ဖြစ် ရာ ယခု ကြားသိနေရသော ဈေးကွက်ထဲရှိ တရားမဝင် နည်းလမ်းများဖြင့် ရောက်ရှိနေသည့် ကိုဗစ်ကာကွယ်ဆေးများ သည် အာနိသင် ရှိမရှိ၊ ဆေးအတုအစစ် စသည်ဖြင့် သေချာမှု မရှိသည့်အတွက် ဆေးထိုးမိသူများ အနေဖြင့်လည်း ဘေး ဥပါဒ်ဖြစ်စေမည့် အရာတခုဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဒေါက်တာခင်ခင်ကြီးက “ကိုဗစ်ကာကွယ်ဆေးဆိုတာ တခြားသော လူသုံးကုန် ပစ္စည်းတွေနဲ့ မတူဘူး။ အသုံးပြုမှုတွေကို စနစ်တကျ မဟုတ်ရင် ဘေးဖြစ်စေတယ်။ အဲဒီအတွက် ရေခဲနဲ့ အုပ်ပြီး၊ ကျွတ်ကျွတ်အိတ်တွေနဲ့ ရေခဲဗူးတွေမှာ ထည့်ပြီး ရေခဲချောင်း ရောင်းသလိုမျိုး ဒါမျိုးတွေ လုပ်လို့ရတဲ့ ဆေးမဟုတ်ဘူး။ အဲဒီလိုမျိုး ဆေးတွေကို ထိုးမိတဲ့ ပြည်သူတွေ အနေနဲ့ ဘေးဖြစ်စေတတ်ပါတယ်” ဟု ပြောသည်။
လတ်တလောတွင် တရုတ်ကုန်သည်ကြီးများအသင်း အနေဖြင့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး တင်သွင်းခွင့် လက်မှတ်ရရှိထားသလို SML အနေဖြင့် အိန္ဒိယနိုင်ငံထုတ် COVAXIN အလုံးရေ ၁ သိန်း တင်သွင်းခွင့် ရရှိ ထားခြင်း ဖြစ်သည်။
၎င်းတို့ လက်ထဲသို့ ကိုဗစ်ကာကွယ်ဆေးများ ရောက်ရှိလာပါကလည်း အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေး ဦးစီး ဌာန (FDA) ၏ သတ်မှတ်ခွင့်ပြုချက်အတိုင်း ဆေးသိုလှောင်ပုံ၊ ထိုးနှံမည့် အစီအစဉ်၊ ဆေးဖြန့်ဖြူးရေး စသည့် လုပ်ငန်း များ အစီအစဉ်တကျ ရှိမှသာလျှင် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ယခုအခါ ပုဂ္ဂလိကဆေးခန်း တချို့တွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသလို ကုမ္ပဏီတချို့ကလည်း နီးစပ်ရာ ချိတ်ဆက်ပြီး ဆေးဝယ်ကာ ကာကွယ်ဆေးများ ထိုးနှံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ပုဂ္ဂလိက ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက “သူတို့ (စစ်ကောင်စီ)ဆီက ကာကွယ်ဆေးက ဘယ်အချိန် ထိုးပေးလာမှန်း မသိ ဘူးလေ။ ကျနော်တို့က ကုမ္ပဏီတချို့နဲ့ ချိတ်ဆက်ပြီး ရုံးကလူတွေကို ဆေးထိုးပေးတာ ဖြစ်တယ်။ ဆေးကို ဒီတိုင်းထိုး တာတော့ မဟုတ်ဘူး။ ကျနော်တို့နဲ့ နီးစပ်တဲ့ ဆေးရုံအအေးခန်းမှာ သွားထားပြီး သေချာစနစ်တကျ ထိုးတာပါ။ ဝန်ထမ်း တွေလည်း အခုထိ ဘာမှတော့ မဖြစ်ဘူး။ သူတို့ ပြောသလိုမျိုး စနစ်တကျဆိုတာ သူတို့ကရော အလုံးစုံ စနစ်ကျ နိုင်မလား။ သူတို့ကိုလည်း အပြည့်အဝ ကျနော် မယုံရဲဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအလိုက် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ဦစားပေး အဆင့်လိုက် ဆောင် ရွက်ပေးနေသည်ဟု ဆိုသော်လည်း တချို့အာဏာပိုင်များနှင့် နီးစပ်သူများမှတဆင့် မသမာသော နည်းလမ်းများဖြင့် ကြားဖောက်ဝင်ရောက်ကာ ဆေးထိုးနှံမှုများ ရှိနေသည်ဟုလည်း ပြည်သူများက ဆိုသည်။
လက်ရှိအချိန်တွင် ဇူလိုင်လအတွင်းက ရောက်ရှိလာသော တရုတ်ကိုဗစ်ကာကွယ်ဆေး ၃ သန်းနှင့် သြဂုတ် ၈ ရက်နေ့ က ရောက်ရှိလာသော တရုတ်ကိုဗစ်ကာကွယ်ဆေး ၁ သန်းတို့အား ပြည်နယ်နှင့်တိုင်း အသီးသီး၌ ပြည်သူများအား ထိုး နှံပေးနေခြင်း ဖြစ်သည်။
အရပ်သားအစိုးရ လက်ထက်က လူ ၁၅ သန်းစာအတွက် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ဝယ် ယူထားသည့် အထဲမှ ဆေး ၂ သန်းနှင့် အိန္ဒိယနိုင်ငံက လှူဒါန်းသည့် ၁ သန်းခွဲကို ကနဦး လက်ခံရရှိပြီးနောက် ဇန်နဝါရီ ၂၇ ရက်မှ စတင်ကာ အရပ်သားအစိုးရ၏ ကိုဗစ်ကာကွယ်ဆေး ထိုးရေး အစီအစဉ် စတင်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး များဖြစ်သည့် Sinopharm နှင့် Sinovac တို့ကို အသက် ၆၅ နှစ် အထက် သက်ကြီးပိုင်းများ၊ ကာကွယ်ဆေး ထိုးရန်ကျန်ရှိ နေသည့် ကျန်းမာရေးဝန်ထမ်း၊ အစိုးရဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ စသည်ဖြင့် ဦးစားပေး အုပ်စုများ သတ်မှတ်ပြီး စစ်ကောင်စီက ကာကွယ်ဆေးထိုးနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရာဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၁ ဒသမ ၈၃ သန်းခန့်ရှိပြီး လူဦးရေ၏ ၆ ရာခိုင်နှုန်းကျော် ထိုးပေး ခဲ့ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက် ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
You may also like these stories:
ကိုဗစ်ကာကွယ်ဆေး ပုဂ္ဂလိက ခွင့်ပြုထားသော်လည်း တင်သွင်းမှု မရှိသေး
တရုတ်ကုန်သည်များ အသင်းက ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးပေးမည် ဟုဆို