သတင်း

နိုင်ငံသားမဟုတ်သည့် မွတ်စလင်များ ကိုဗစ်ကာကွယ်ဆေးထိုးမှု ဦးစားပေးစာရင်း၌ မပါဝင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ်ကာကွယ်ဆေးများ ထိုးရာတွင် နိုင်ငံသားမဟုတ်သည့် မွတ်စလင်များအား ဆေး ထိုးမည့် စာရင်းထဲတွင် ဦးစားပေး အနေဖြင့် မပါဝင်သေးကြောင်း ပြည်နယ်စိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှ သိန်းက ပြောသည်။

ဥပဒေချုပ် ဦးလှသိန်းက “လောလောဆယ် ဆေးထိုးတဲ့ အထဲမှာ သူတို့တော့ မပါသေးဘူး။ နိုင်ငံတော် မူဝါဒမှာတော့ နိုင်ငံ သားဖြစ်တဲ့ လူတွေကို ဦးစားပေးတယ်။ နိုင်ငံသားတွေ ဦးစားပေးတယ် ဆိုတာက ကျနော်တို့က ခရစ်ယာန်၊ အစ္စလာမ် အဲဒီလိုမျိုး ဘာသာ၊ လူမျိုး မခွဲခြားဘူး။ နိုင်ငံသားဖြစ်ရင်တော့ အကုန်ထိုးတယ်။ တိုင်းရင်းသားတွေ ဖြစ်ရင် ထိုးတယ်။ နိုင်ငံတနိုင်ငံမှာ ငွေကြေးအကုန်ကျခံပြီး လုပ်ထားရတဲ့ ကိစ္စဆိုတော့ နိုင်ငံသားတွေကို ဦးစားပေးမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် နိုင်ငံသား မှတ်ပုံတင်နံပါတ်များနှင့်တကွ အတိကျ စာရင်းကောက်ယူ ပြုစုပြီး ဆေးထိုးပေး ခြင်းဖြစ်သဖြင့် နိုင်ငံသားမဟုတ်သူများ စာရင်းမပါခြင်းဖြစ်သလို နိုင်ငံတော်၏ မူဝါဒမှာလည်း မိမိနိုင်ငံသား၊ တိုင်းရင်းသား များကိုသာ ဦးစားပေး ဆေးထိုးပေးရန် သတ်မှတ်ထားကြောင်းလည်း ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။

သို့သော်လည်း ကိုဗစ်ရောဂါဖြစ်လျှင် လူမျိုး၊ ဘာသာ၊ အသားအရောင် မခွဲခြားဘဲ ဆေးကုသပေးလျက်ရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

စစ်တွေမြို့၏ အနောက် မွတ်စလင် IDP Camp များတွင် လူဦးရေ သိန်းချီ ရှိနေပြီး လက်ရှိအချိန်ထိကိုဗစ်ကာကွယ်ဆေး ထိုးပေးခြင်းမျိုး မရှိသေးကြောင်း IDP မွတ်စလင် ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ဆီမှာတော့ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးဘူး။ ဆေးထိုးခွင့် ရမယ်ဆိုရင်တော့ ကျနော်တို့လည်း ထိုး ချင်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကတော့ အသက် ၆၅ နှစ်အထက် လူကြီးတွေကို စာရင်းကောက်ခိုင်းလို့ သွားပေး လိုက်တာတော့ ရှိတယ်။ အခုထိတော့ ဆေးထိုးဖို့ ကိစ္စကိုတော့ မပြောသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်တွေမြို့နယ် မွတ်စလင် IDP Camp များဖြစ်သည့် သဲချောင်း၊ မှန်စီ၊ သက္ကယ်ပြင်၊ ဘောဒူဖ၊ ဆေးသမားကြီး၊ အုန်းတော၊ အုန်းတောကြီး၊ ခေါင်းဒုက္ကာလာ စသည့် စခန်းများတွင် တချို့မွတ်စလင်ရွာသားများ ကိုဗစ်ဖြစ်ပွားမှု ရှိကြောင်း လည်း မွတ်စလင် ခေါင်းဆောင်များက ပြောသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကြောင့် စစ်တွေ၊ ပေါက်တော စသည့် မြို့နယ်များမှာ မွတ်စလင်ဒုက္ခသည်များ မှာ စစ်တွေမြို့ပင်လယ် ကမ်းစပ်အနီး ဝန်းကျင်ရှိ၊ သဲချောင်း၊ ခေါင်းဒုက္ကာ၊ မှန်စီ၊ အုန်းတော စ သည့် နေရာများသို့ ရွှေ့ ပြောင်းနေထိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ အစိုးရက ပြန်လည်နေရာချထားရေး အစီအစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိ သေးပေ။

အဆိုပါ ဒုက္ခသည်စခန်းများတွင် လူဦးရေ သိန်းနှင့်ချီရှိကာ၊ ပင်လယ်ပြင်ထွက်ပြီး ငါးရှာခြင်း၊ ရာသီပေါ်သီးနှံများ စိုက်ပျိုး ခြင်း၊ ကြုံရာကျပန်းများ လုပ်ကိုင်စားသောက်ကြကာ အများစုမှာ နိုင်ငံတကာ ထောက်ပံ့မှု မျှော်ကိုးပြီး ရှင်သန်နေထိုင်ကြ ရသည်။

ရခိုင်အမျိုး သမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ ကိုဗစ်ရောဂါသည် ကမ္ဘာ့ကပ်ရောဂါဆိုး တခုဖြစ်သည့်အတွက် လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကာကွယ်ဆေးထိုးပေးသင့်ကြောင်း ပြောသည်။

ဒေါ်ညိုအေးက “ကျမအပြင်ကတော့ ဒီရောဂါဟာ ကမ္ဘာ့ကပ်ရောဂါဆိုး တခုဖြစ်တဲ့အတွက်ကြောင့် အသားအရောင်၊ ဘာ သာလူမျိုး မခွဲခြားဘဲ အားလုံးကို ဆေးထိုးပေးသင့်တယ်။ ဒီလောက်ကူးစက်မှု မြန်နေတဲ့ ဒီရောဂါက ဘယ်အချိန်ကူးစက်ခံ ပြီး သေမယ် ဆိုတာလည်း မသိနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့လည်း ကာကွယ် ဆေးထိုးထိုက်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေး ၉၀၀၀၀ ကျော် ရရှိရာတွင် မောင်တောမြို့နယ်အတွက် ရရှိသော ကိုဗစ်ကာ ကွယ်ဆေးခွဲတမ်းကို လက်ရှိအချိန်တွင် ရခိုင်တိုင်းရင်းသားများ အပါအဝင် မွတ်စလင်များကိုပါ သတ်မှတ် ဦးစားပေး အလိုက် ထိုးပေးလျက်ရှိကြောင်း မောင်တော ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။

၎င်းက “ကျမတို့ဆီမှာတော့ သတ်မှတ်ထားတဲ့ ဦးစားပေးအလိုက် လူတိုင်းကို ထိုးပေးပါတယ်။ အဲဒီမှာ အသက် ၆၅ နှစ် အထက် မွတ်စလင်တွေလည်း ပါတယ်။ အသက် ၆၅ နှစ်အထက်ဆိုရင် လူတိုင်းကို ထိုးပေးပါတယ်။ တချို့ မွတ်စလင် တွေမှာတော့ မှတ်ပုံတင်ပါတာ ရှိတယ်။ တချို့ကတော့ လက်ရှိကိုင်နေတဲ့ NVC ကတ်တွေ ရှိတယ်။ အဲဒီ ကတ် နံပါတ် တွေကို သေချာ စာရင်းပြုစုပြီးတော့ ဆေးထိုးပေးတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်းက တရုတ်အစိုးရထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းကျော်နှင့် ယခုလ သြဂုတ်လ ၈ ရက်က ကိုဗစ်ကာကွယ်ဆေး ၁ သန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး လက်ရှိအချိန်တွင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် သတ် မှတ်ဦးစားပေးအလိုက် ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်တိယလှိုင်းတွင် ရခိုုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးကူးစက်ခံရသူ လူပေါင်း ၃၄၀၀ ကျော်ရှိကာ သေဆုံးသူပေါင်း ၂၉၀ ဦး ရှိကြောင်လည်း ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။

You may also like these stories:

တရုတ်ကုန်သည်များ အသင်းက ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးပေးမည် ဟုဆို

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရက်အကန့်သတ်မရှိ ရပ်နား

လူဦးရေ ၃ ထောင်ခန့်နေထိုင်သည့် စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု တွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading