ထိုင်းအစိုးရက ၎င်း၏နိုင်ငံသားများ အပါအဝင် တရားဝင် ရွှေ့ပြောင်းလုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ မြန်မာရွှေ့ပြောင်းလုပ်သားတချို့က ဆေးထိုးရန် ငြင်းဆန်မှုများ ရှိနေကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများထံမှ သိရသည်။
ထိုင်းနိုင်ငံ ဥပဒေအရ သတ်မှတ်ထားသည့် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် သက်ဆိုင်ရာ လုပ်ငန်းရှင်အား စာရင်းပေးလိုက်ခြင်းဖြင့် ခွဲတမ်းကျလာသည့်အခါ ဆေးထိုးနိုင်မည်ဖြစ်ကြောင်း၊ ဆေးထိုးနိုင် ရန်အတွက် စာရင်းများ တောင်းခံသည့်အခါတွင် စာရင်းမပေးဘဲ ရှောင်နေခြင်းများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ် သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။
၎င်းက “စက်ရုံက ဥပဒေ ၃၃ အရ အကုန်ထိုးရမယ်ဆိုပြီး တောင်းဆိုတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား မှန်သမျှက ငြင်း ဆန်နေတယ်။ မြန်မာတွေ စာရင်းလုံးဝ မပေးဘူး။ ဘာဖြစ်လို့လဲဆိုပြီး သူတို့ကိုမေးတော့ ကာကွယ်ဆေးထိုးရင် အသက် ဆုံးရှုံးတတ်တယ်ဆိုတဲ့ သူတို့နည်းသူတို့ဟန်နဲ့ ရလာတဲ့သတင်းအချက်အလက်ကို မှီတည်ပြီးမှ ငြင်းဆန်နေတာ ဖြစ်တယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ၎င်းတို့နိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်လျက်ရှိ သည့် မည်သည့် နိုင်ငံသားမဆို ဥပဒေပုဒ်မ ၃၃ အရ ကာကွယ်ဆေး ထိုးနှံခြင်းကိစ္စအား ထိုင်းနိုင်ငံသားများနှင့် တန်းတူ အကျိုးတူခံစားခွင့် ရှိမည်ဟု ပြဋ္ဌာန်းထားသည်။
ဦးအောင်ကျော်က “စာရင်းပေးမှ ရောက်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားပဲဖြစ်ဖြစ် ကမ္ဘောဒီးယား၊ လာအို နိုင်ငံသားတွေ လည်း ဥပဒေအရ အခမဲ့ဆေးထိုးပိုင်ခွင့် ရှိတဲ့အတွက် စာရင်းပေးသွင်းကြပါလို့ ပြောလိုပါတယ်။ ဆေးထိုးလိုက်လို့ အသက် ဆုံးရှုံးသွားတဲ့ တဦးစ၊ နှစ်ဦးစလေးကို အကြောင်းပြုပြီးတော့ ဆေးထိုးရင်သေတယ်လို့ တွေးလိုက်ကြတယ်။ အမှန်ယေဘူ ယျကျကျ တွေးမယ်ဆိုရင် လူ ၁၀ သိန်း ထိုးပြီးမှ တဦးနှစ်ဦး ခြေချော်လက်ချော်ဖြစ်တာကို သွားကြောက်လို့ မရဘူးလေ” ဟု တိုက်တွန်းပြောဆိုသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက ၎င်း၏အလုပ်ရှင်မှ လွန်ခဲ့သည့် ၂ လခန့်က ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်း လာရောက် ကောက်ခံရာတွင် ၎င်းအနေဖြင့် ရောဂါအခံ ရှိသည်ဟုဆိုကာ ငြင်းဆန်ခဲ့ကြောင်း ပြောပြသည်။
၎င်းက “အလုပ်ရှင်က စာရင်းတောင်းတယ်။ ဒါပေမယ့် ကျမက သွေးတိုးရှိလို့ မထိုးဘူးလို့ ပြောလိုက်တယ်။ အွန်လိုင်းပေါ် မှာက ပြောနေကြတာ သွေးတိုးရှိရင် တခုခု ဖြစ်တတ်တယ်။ နေတာကလည်း တယောက်ထဲဆိုတော့ ဆေးထိုးပြီး တခုခု ဖြစ်ရင် သေသွားရင် ဒုက္ခ၊ သူများနိုင်ငံကြီးဆိုပြီး အဲဒါကြောင့် မထိုးတာ” ဟု ဆိုသည်။
ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်းမာရေးရှုထောင့်အရ ပညာပေးမှုများ ပြုလုပ်နေသော်လည်း ရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ၎င်းတို့အချင်းချင်း မျှဝေသည့် သတင်းများကိုသာ ပိုမိုယုံကြည်နေကြကြောင်း၊ မှန်မှန်ကန်ကန် ပညာပေးမှုများကို လေ့လာလိုက်စားမှု အားနည်းခြင်းကြောင့် ယခုလို ငြင်းဆန်မှုများ ရှိနေခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းလုပ် သားအရေး ဆောင်ရွက်သူများက မှတ်ချက်ပြု ပြောဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းရှိ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံထားပြီးဖြစ်ပြီး ၎င်းတို့အနက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၇၀၀၀ ကျော်ကို ပထမသုတ်အနေဖြင့် ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံး လုပ်ကိုင်လျက်ရှိသည့် စမွန်ဆာခွန်ခရိုင်အတွင်းတွင် လူမှုဖူလုံရေး အာမခံငွေ ပေး သွင်းထားသည့် မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သား ၄ သိန်းကို ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရန်ရှိကြောင်း ပြည် နယ် လူမှုဖူလုံရေး အရာရှိက ပြောဆိုထားကြောင်း ဒေသသတင်းများက ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် လူဦးရေ ၆၅ သန်း ရှိသည့်အနက် မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ် သမား ၃ သန်းခန့် ရှိကြောင်း သိရသည်။
ယနေ့ (သြဂုတ် ၁၃ ရက်) ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်လူနာသစ် ၂ သောင်းကျော် ရှိပြီး သေဆုံးသူ ၁၄၇ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ
ကနီတွင် ညှင်းပန်းနှိပ်စက်၍ အစုအပြုံလိုက် သတ်ခံရသူ ၄၀ ဦး ထိရှိလာ