သတင်း

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

Want create site? Find Free WordPress Themes and plugins.

ဘရူနိုင်းနိုင်ငံပိုင် စီးပွားရေးများသည် မြန်မာစစ်ကောင်စီနှင့် ပတ်သက်နေသောကြောင့် အာရီဝန်ယူဆွတ်ကို မြန်မာန်ိုင်ငံဆိုင်ရာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းသည် မသင့်တော်ကြောင်း Justice for Myanmar လှုပ်ရှားမှု အဖွဲ့က ကြေညာချက်တစောင်ထုတ်ပြန်သည်။

ဘရူနိုင်းနိုင်ငံက အပြည့်အဝပိုင်သော Brunei Energy Services & Trading – BEST (ယခင် Brunei National Petroleum Company – PetroleumBRUNEI) သည် ခရိုနီလုပ်ငန်းစုတခုဖြစ်သော International Group of Entrepreneurs (IGE) နှင့်အတူ မြန်မာနိုင်ငံမှ ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက်လိုင်စင်များ ရယူထားသည်။ ထိုလိုင်စင်များကို ယခင်မြန်မာ လက်ဝေခံအစိုးရဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရသက်တမ်းအတွင်း ၂၀၁၄ ခုနှစ်က ရယူထားခြင်းဖြစ်ကြောင်း အထက်ပါကြေညာချက်က ဆိုသည်။

မြန်မာနိုင်ငံမှ ဘရူနိုင်း၏ရေနံလုပ်ငန်းကို BRUNEI Energy Myanmar (ယခင် PB Myanmar) မှတဆင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် ဝင်ငွေခွဲဝေရေး အစီအစဉ်များဖြင့် လုပ်ကိုင်သည်။

MOGE ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး စစ်ကောင်စီနှင့် စစ်အုပ်စုအတွက် ကြီးမားသော ဝင်ငွေရင်းမြစ်ဖြစ်သည်ဟု ယုံကြည်ရသည်။

IGE ကို ယခင်က ကွယ်လွန်သူ စစ်အရာရှိ ဝန်ကြီး ဦးအောင်သောင်းက ပိုင်ဆိုင်သည်။ လွန်စွာအကျင့်ပျက်ခြစားပြီး အမည်ဆိုးကျော်ကြားလှသော ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်းလူသတ်ပွဲကို ကြိုးကိုင်သူဟု လူသိများသော ဦးအောင်သောင်းသည် ၂၀၁၅ ခုနှစ်တွင် သေဆုံးသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ထိခိုက်စေပြီး အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို သက်ဆိုးရှည်စေသူဖြစ်သောကြောင့် သူ့ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင် အရေးယူပိတ်ဆို့သည်။

IGE ကို ယခုအခါ ဦးအောင်သောင်း၏သား ဦးနေအောင်က ဦးဆောင်သည်။ ဦးနေအောင်သည် မြန်မာစစ်အုပ်စု စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေရှင်းက ချုပ်ကိုင်ထားသည့် ဆက်သွယ်ရေးလုပ်ငန်း Mytel တွင်လည်း ရှယ်ယာများပိုင်ဆိုင်ပြီး Lotte ဟိုတယ်ကိုလည်း စီမံနေသည်။

ဦးနေအောင်၏အကို ဗိုလ်ချုပ်ကြီးမိုးအောင်သည် လက်ရှိ ရေတပ်ဦးစီးချုပ်နှင့် ယခင်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဒါရိုက်တာဖြစ်သည်။

ထိုမိသားစုသည် ယခင်အာဏာရှင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူလက်ထောက် ဗိုလ်ချုပ်ကြီးမောင်အေးတို့နှင့် ရင်းနှီးသူဖြစ်ပြီး မြန်မာနိုင်ငံတွင် အချမ်းသာဆုံး မိသားစုများတွင် ဆက်လက်ပါဝင်နေသည်။

တက်ကြွလှုပ်ရှားသူများ၊ လှုပ်ရှားမှုအဖွဲ့များနှင့် မီဒီယာများက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တဦး၏ အကျိုးစီးပွားပဋိပက္ခနှင့် စီးပွားရေးဆက်ဆံမှုကို ဝေဖန်စမ်းစစ်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။

ယခင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ရာဇလီ အစ္စမေးလ်သည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက သူ၏ရာထူးကို အသုံးချပြီး သူ တစိတ်တပိုင်းပိုင်သည့် မလေးရှားအခြေစိုက် IRIS Technologies အတွက် မြန်မာနိုင်ငံသို့ နည်းပညာရောင်းရန် သဘောတူညီချက်များရယူသည်ဟု စွပ်စွဲခံရသည်။

ထိုမလေးရှားသံတမန်နှင့် စီးပွားရေးလုပ်ငန်းအမှုဆောင်က မည်သည့် အကျိုးစီးပွား ပဋိပက္ခမျှ မရှိကြောင်း ငြင်းဆိုပြီး အထူးသံတမန်အဖြစ် သူ၏စီးပွားရေးများကို မြန်မာခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ခြင်းမရှိကြောင်းပြောသည်။ သူသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကုလသမဂ္ဂကလည်း ထိုကိစ္စကို စုံစမ်းစစ်ဆေးပြီး အကျိုးစီးပွားပဋိပက္ခ မရှိကြောင်းပြောသည်ဟု သူပြောသည်။

သို့သော် အမေရိကန်အပါအဝင် အနောက်တိုင်းသံတမန်များက သူနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ငန်းများကို မေးခွန်းထုတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် သူရာထူးမှ နုတ်ထွက်သွားသည်။

You may also like these stories:

မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန် ခန့်အပ်ရေး နောက်ကွယ်က အားပြိုင်မှု

အိမ်စောင့်အစိုးရ အသုံးအနှုန်းက ရှည်ကြာသော စစ်အာဏာရှင်စနစ် ထူထောင်ရန် ရည်ရွယ်လိုပုံ ရ

တွေ့ဆုံဆွေးနွေးရေး ကုလအထူးသံ၏ တောင်းဆိုမှု စစ်ကောင်စီ မသိကျိုးကျွန်ပြုနေဆဲ

တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်

Did you find apk for android? You can find new Free Android Games and apps.
Loading