တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ဝမ်တိန်သို့ လွန်ခဲ့သောအပတ် မြန်မာနိုင်ငံမှ အမြောက်ဆံတခုနှင့် ကျည်ဆံများ ၂ ကြိမ် ကျရောက်ပြီးနောက် တရုတ်အာဏာပိုင်များက မြန်မာစစ်ကောင်စီကို ကန့်ကွက်လိုက်သည်။ ထိုဖြစ်ရပ်များသည် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ရှမ်းပြည်မြောက်ပိုင်းတွင် ပြင်းထန်သောတိုက်ပွဲများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုစာတွင် တရုတ်အာဏာပိုင်များက မကြာသေးမီက ဖြစ်ရပ်များအတွက် လွန်စွာစိုးရိမ်ကြောင်း ပြောကြားပြီး တရုတ်-မြန်မာနယ်စပ်သဘောတူညီချက်ကို ချိုးဖေါက်ခြင်းဖြစ်ကြောင်းဖေါ်ပြသည်။ တရုတ်ပိုင်နက်အတွင်းသို့ အမြောက်ဆံနှင့်ကျည်ဆံများ ထပ်မံကျဆင်းပါက နယ်စပ်ဒေသရှိ တရုတ်အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်သောကြောင့် လိုအပ်သလိုတုံ့ပြန်မည် ဖြစ်ကြောင်းလည်း တရုတ်က မြန်မာကိုသတိပေးသည်။

ထိုဖြစ်ရပ်အပြီး ချက်ခြင်း တရုတ်တပ်များကို မြန်မာနယ်စပ်တွင် ချထားလိုက်ကြောင်း WeChat မှ ဓါတ်ပုံများက ပြသနေသည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံအမတ် ဦးမျိုးသန့်ဖေကို သြဂုတ်လ ၅ ရက်နေ့တွင်ဆင့်ခေါ်ပြီး နယ်စပ်တွင် တိုက်ပွဲများ ချက်ခြင်းရပ်ရန် စစ်ကောင်စီကို တိုက်တွန်းသည်။

မြန်မာအနေဖြင့် ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်များကို ဘေ့ဂျင်းသို့ အမြန်ဆုံးအသိပေးရန် လည် ထိုစာတွင် တရုတ်ကမြန်မာကိုတောင်းဆိုသည်။
တရုတ်အာဏာပိုင်များ၏ အဆိုအရ အမြောက်ဆံတခုသည် သြဂုတ်လ ၄ ရက်နေ့တွင် ဝမ်တိန်မြို့သို့ ကျရောက်ပြီး သြဂုတ်လ ၆ ရက်နေ့တွင် နေအိမ်တခုကို ကျည်ဆံများထိမှန်ကာ အဆောက်အအုံများ ပျက်စီးပြီး ဒေသခံများ ကြောက်လန့်နေကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုများ နှစ်နိုင်ငံအဓိက ကုန်သွယ်ရေးနယ်မြေဖြစ်သည့် ဝမ်တိန် နယ်စပ်ဂိတ်အနီးတွင် ဖြစ်ပွားခြင်းဖြစ်သည်။
ထိုစာတွင် တရုတ်နိုင်ငံက စစ်ကောင်စီအား “နှစ်နိုင်ငံအကြားဘုံသဘောတူညီချက်ကို မြန်မာနိုင်ငံက တိကျစွာ လိုက်နာမည်၊ တိုက်ပွဲများရပ်ဆိုင်းပြီး တရုတ်-မြန်မာနယ်စပ်ဒေသများ လုံခြုံရေးကို ထိန်းသိမ်းရန် ပူးတွဲဆောင်ရွက်မည်ဟု မိမိတို့မျှော်လင့်သည်” ဟုလည်းဖေါ်ပြထားသည်။
တရုတ်မီဒီယာများက ကိုးကားဖေါ်ပြသည့် နယ်စပ်မှ တရုတ်နိုင်ငံသားများ၏ အဆိုအရ သြဂုတ်လအစောပိုင်းမှစတင်ပြီး ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး မြန်မာမှ အမြောက်ဆံများနှင့် ကျည်ဆံများ တရုတ်ဘက်သို့ မကြာခဏ ကျနေကြောင်း သိရသည်။

ကြူကုတ်-ပန်ဆန်းဒေသတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က စစ်ကောင်စီယဉ်တန်းတခုကို တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားရာမှ ထိုဖြစ်ရပ်ဖြစ်ပွားကြောင်း စစ်ကောင်စီက တုံပြန်ပြောကြားသည်။ ထိုအမြောက်ဆံ၊ ကျည်ဆံများသည် MNDAA ၏ အမြောက်ဆံနှင့် ကျည်ဆံများဖြစ်ကြောင်း စစ်ကောင်စီကပြောသည်ဟု ပေါက်ကြားလာသော စစ်ကောင်စီကြေညာချက်အရ သိရသည်။
ထိုကြေညာချက်တွင် စစ်ကောင်စီသည် နယ်စပ်သဘောတူစာချုုပ်ကို မဖေါက်ဖျက်ကြောင်း၊ စစ်ကောင်စီသည် နယ်စပ်ဒေသပြည်သူများ၏ အသက်များနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်သော လက်နက်ကိုင်အုပ်စုများကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။
လက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်ရန်နှင့် နယ်စပ်ဒေသများတွင် စခန်းများသိမ်းပိုက်ခြင်းကို တားဆီးရန်အတွက် တရုတ်အနေဖြင့် မြန်မာစစ်ကောင်စီလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ထိုစာက တရုတ်နိုင်ငံကို တိုက်တွန်းသည်။
သြဂုတ်လဆန်းတွင် ကြူကုတ်-ပန်ဆန်းနှင့် မုန်းကိုးမြို့နယ်ခွဲမှ အရပ်သားရာပေါင်းများစွာသည် စစ်ကောင်စီတပ်များကတဘက် MNDAA နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကတဘက် တိုက်ပွဲများဖြစ်ပွားသောကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်။
မြောက်ပိုင်းမဟာမိတ်များလှုပ်ရှားနေသည့် ပိုင်နက်အတွင်း စစ်ကောင်စီတပ်များဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း MNDAA ကပြောသည်။
You may also like these stories:
တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်
မြန်မာစီမံကိန်းများအတွက် ငွေကြေးစိုက်ထုတ်ရန် တရုတ်က စစ်ကောင်စီနှင့် သဘောတူ
ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ