ထိုင်းနိုင်ငံမှ ထိပ်တန်းလက်နက်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော Chaiseri Metal and Rubber Co. Ltd က ၎င်းတို့သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းပြောကြားလိုက်သည်။
ထိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်မှ လူကို မကြားဖူးကြောင်း အထက်ပါကုမ္မဏီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ နိုပါရတ် ကိုးလ်ဟိုင်ရင်က Thai PBS World အစီအစဉ်သို့ ပြောသည်။
“ကျမတိုု့ကုမ္ပဏီက ထိုင်းတပ်မတော်အတွက်လုပ်ကိုင်ပေးနေတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီး။ ကျမတို့က စစ်တပ်အတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်ပေးပါတယ်။ အခုလိုဟာမျိုးတွေကိုတော့ ဘယ်တုန်းကမှ မသိဘူး။ ဒါကြောင့် ကျမတို့နဲ့မဆိုင်ပါဘူး။ ကျမတို့ကုမ္ပဏီက ဒီကိစ္စမှာ လုံးဝပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောကြားထားချင်ပါတယ်” ဟု သူဆက်ပြောသည်။
ဦကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်မှုတွင် ထိုင်းလက်နက်ပွဲစားတဦးနှင့် Chaiseri အမည်ရှိ လက်နက်ထုတ်လုပ်ရေးလုပ်ငန်း ပါဝင်ပတ်သက်နေကြောင်း မြန်မာနောင်းက ဖေါ်ပြခဲ့သည်။
“ဒီကိစ္စမှာ ကျမတို့ ကုမ္ပဏီက ဘယ်လိုသွားပတ်သက်ရမလဲ။ Chaiseri နဲ့ပတ်သက်ဆက်နွယ်မှုစွပ်စွဲချက်က တစုံတဦးကို ဆွဲချက်တင်ဖို့ ရည်ရွယ်ကြောင်းထင်ရှားပြီး ကျမတော့ တော်တော်ကို စိတ်မသက်မသာဖြစ်မိတယ်” ဟု ဒေါက်တာနိုပါရတ် ပြောသည်။
Thai PBS ၏အဆိုအရ ဒေါက်တာ နိုပါရတ်သည် မြန်မာနောင်း၏ သတင်းဖေါ်ပြမှုနောက်ပိုင်းတွင် ထိုသတင်းနှင့်ပတ်သက်ပြီး ပါလီမန်ကိုယ်စားလှယ်များနှင့် အစိုးရအရာရှိများထံမှအပါအဝင် ဖုန်းခေါ်ဆိုမှု အများအပြားရရှိကြောင်းသိရသည်။
မြန်မာနောင်း၏ သတင်းသည် ကုမ္ပဏီနှင့် သူမမိသားစု၏ ဂုဏ်သတင်းကို အပြင်းအထန်ထိခ်ိုက်နစ်နာစေကြောင်းလည်း သူပြောသည်။
အမေရိကန်တွင် ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော ဖြိုးဟိန်းထွဋ် (၂၈ နှစ်) နှင့် ရဲဟိန်းဇော် (၂၀)နှစ်တို့က အထက်ပါလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုတွင် ထိုင်းလက်နက်ပွဲစားတဦးပါဝင်ကြောင်းပြောထားသောကြောင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
“လက်ရှိအချိန်အထိတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို အမေရိကန်ပြည်ထောင်စုက မဆက်သွယ်သေးဘူး။ ဒါပေမယ့် ကျနော်တို့ကို အကူအညီတောင်းရင် ကျနော်တို့က ကူညီဖို့ အသင့်ပဲ” ဟု ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူ ရဲမှူးကြီး ကစ္စန ဖာသန်နာချာရွန်ပြောသည်။
ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်တို့ကို အမေရိကန်ပြည်ထောင်စုတွင် ဖမ်းဆီးလိုက်သည်။
၎င်းတို့နှစ်ဦးကို ဝက်ချက်စတာရှိ ဖက်ဒရယ်တရားရုံးတခုတွင် စွဲဆိုထားပြီး ထောင် ၅ နှစ်အထိ ကျခံရနိုင်ကြောင်း အမေရိကန် အစိုးရရှေ့နေများပြောသည်။
ဦးကျော်မိုးထွန်းသည် စစ်ကောင်စီက နုတ်ထွက်ခိုင်းသည့်အမိန်ကို ငြင်းဆန်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ပြတ်ပြတ်သားသား ထောက်ခံသူဖြစ်သည်။
တရားရုံးစာရွက်စာတမ်းများအရ ထိုင်းမှလက်နက်ပွဲစားတယောက်က သူ့ကို အွန်လ်ိုင်းမှ ဆက်သွယ်ပြီး သံအမတ်ကို ရာထူးမှအတင်းအကျပ်နုတ်ထွက်ခိုင်းရန် လူငှားရန် ငွေပေးကြောင်း ဖြိုးဟိန်းထွဋ်က FBI အရာရှိများသို့ပြောကြောင်း သိရသည်။
သံအမတ်က ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ပါက သံအမတ်ကို သတ်ရမည်ဟု ထိုလက်နက်ပွဲစားကပြောကြောင်း တရားရုံးစာရွက်စာတမ်းများတွင် ဖေါ်ပြထားသည်။ ဖြိုးဟိန်းထွဋ်နှင့် လက်နက်ပွဲစားတို့သည် သံအမတ်၏ ကား မတော်တဆမှုဖြစ်စေရေး စီစဉ်ရန် သဘောတူခဲ့ကြသည်။
မြန်မာန်ိုင်ငံမှ သံသယဖြစ်ဖွယ်နောက်ခံသမိုင်းကြောင်းနှင့် နေပြည်တော်နှင့်အဆက်အသွယ်ရှိသော ထင်ရှားသည့် လုပ်ငန်းရှင်အများအပြားသည် ဘန်ကောက်တွင် ကြီးပွားနေကြသည်။
၎င်းတို့သည် စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေး ကုမ္ပဏီကြီးများထောင်ကာ စည်းစိမ်ချမ်းသာဖြင့် နေထိုင်ကြသည်။ စစ်ဗိုလ်ချုပ်ဟောင်းအများအပြား၏ မိသားစုများသည်လည်း ထိုင်းသို့ရွှေ့ပြောင်းကြသည်။
ဘန်ကောက်ရှိ မြန်မာမှ စီးပွားရေးလုပ်ငန်းအချို့သည် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကောင်စီကို တက်တက်ကြွကြွ ထောက်ခံကြပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နီးကပ်သော ဆက်သွယ်ရေးရှိသည်။
ချမ်းသာကြွယ်၀ပြီး ထိုင်းတွင်နေထိုင်သော မြန်မာများသည် ထိုင်းရှိ မြန်မာသံအမတ်များ၊ ထိပ်တန်းခေါင်းဆောင်များနှင့် ထိုင်းဂေါက်ကွင်းများတွင် ဂေါက်ကစားသည်ကိုလည်း မကြာခဏ တွေ့ရတတ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thai Arms Manufacturer Denies Involvement in Murder Plot Against UN Myanmar Envoy ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြိုးပမ်းမှု မြန်မာနှင့် မဆိုင်ဟု စစ်ကောင်စီ ကြေညာ
၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ
စစ်ကောင်စီ၏ ကြားနာဆဲပြစ်မှုများ ရုပ်သိမ်းမည့် အစီအစဉ် လာဘ်စားမှုဆီ တွန်းပို့နေ
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်