မြန်မာလူ့အခွင့်အရေး၊ မီဒီယာနှင့် အခြားအဖွဲ့အစည်း ၄၅ ခုတို့က နော်ဝေးတယ်လီနောအုပ်စုအနေဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်းများကို စစ်ကောင်စီနှင့် ပတ်သက်နေသည့် လက်ဘနွန် ကုမ္ပဏီ M1 အုပ်စုသို့ အငြင်းပွားဖွယ်ရောင်းချခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။
“တယ်လီနောအုပ်စုက ၎င်းတို့၏ မြန်မာလုပ်ငန်းကို M1 အုပ်စုသို့ ရောင်းချမည့် ကြေညာချက်နှင်ပတ်သက်ပြီး တုန်လှုပ်မိကြောင်းဖေါ်ပြရန်နှင့် ထိုဆုံးဖြတ်ကို ပြန်လည်စဉ်းစားသုံးသပ်ပြီး လူ့အခွင့်အရေးအကာအကွယ်များ လုပ်ဆောင်ရန် အပြင်းအထန်တိုက်တွန်းရေးအတွက် မိမိတို့အဖွဲ့အစည်းများက စာရေးသားတောင်းဆိုလိုက်သည်” ဟု ALTSEAN-Burma, Free Expression Myanmar, Global Witness, PEN America, Justice for Myanmar အပါအဝင် ဒါဇင်ပေါင်းများစွာသော မြန်မာနှင့်နိုင်ငံတကာအဖွဲ့အစည်းများက တယ်လီနောအုပ်စု ဥက္ကဌ Gunn Waersted ထံ ရေးသားသော စာတွင် ဖေါ်ပြထားသည်။
၎င်းတို့သည် မြန်မာနိုင်ငံမှ လုပ်ငန်းများကို M1 အုပ်စုသို့ရောင်းချရန် သဘောတူထားကြောင်း တယ်လီနောအုပ်စု က ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ M1 အုပ်စုသည် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်သောကြောင့် ၂၀၁၉ ခုနှစ်က Burma Campaign UK ၏ Dirty List တွင် ထည့်သွင်းခံရသည်။
တယ်လီနောနှင့် M1 အုပ်စုအကြား သဘောတူညီချက်ကြောင့် အံ့သြတုန်လှုပ်ကြောင်းပြောကြားပြီး ထိုအဖွဲအစည်းများက နော်ဝေးနိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းကြီးသည် တာဝန်သိသော စီးပွားရေးလုပ်ငန်းကိစ္စများတွင် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများအပါအဝင် ယခင်က ထူးထူးခြားခြား ထိတွေ့ဆက်ဆံခဲ့သော လူမှုအခြေပြုအဖွဲ့အစည်းများ၏ အမြင်ကို မစုံစမ်းဘဲ လုပ်ဆောင်ခဲ့ကြောင်း ဖေါ်ပြထားသည်။
နိုင်ငံမှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချလိုက်သည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာဆက်သွယ်ရေး ဈေးကွက်တွင် ဆက်လက်ရပ်တည်ရေးသည် ခက်ခဲကြောင်း အသိအမှတ်ပြုကြောင်း ပြောကြားပြီးနောက် အထက်ပါအဖွဲ့အစည်းများက ၎င်းတို့သည် “တယ်လီနောအနေဖြင့် M1 အုပ်စုကဲသို့သော ဝယ်ယူသူများကို ရောင်းချခြင်းထက် ဈေးကွက်တွင် ဆက်လက်လုပ်ကိုင်ခြင်းဖြင့် လူ့အခွင့်အရေး ရှုထောင့်မှ ပိုမိုအပြုသဘောဆောင်သည်ဟု မိမိတို့မြင်သည်။ သင်တို့၏လိုင်စင်၊ အခြေခံအဆောက်အအုံများ၊ ဝန်ထမ်းများနှင့် သုံးစွဲသူများကို M1 အုပ်စုက ဝယ်ယူခြင်းအတွက် မိမိတို့ လေးနက်သောပူပန်မှုများစွာ ဖြစ်ရသည်” ဟု တယ်လီနောဥက္ကဌ ထံသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။
သဘောတူညီချက်၏ တစိတ်တပ်ိုင်းအဖြစ် ၎င်းတို့၏ ၁၈ သန်းကျော်သော ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကိုပါ ထိုလက်ဘနွန် ကုမ္ပဏီသို့ လွှဲပြောင်းရမည်ဖြစ်ကြောင်း ဇူလိုင်လအတွင်းက တယ်လီနောက အတည်ပြုပြောကြားထားသည်။ မြန်မာနိုင်ငံမှ ဖုန်းအသုံးပြုသူများသည် မှတ်ပုံတင်နှင့် လိပ်စာဖြင့် ဆင်းမ် ကဒ်များကို မှတ်ပုံတင်ရန် လိုသောကြောင့် စစ်ကောင်စီသို့ ထိုအချက်အလက်များ အသုံးပြုခွင့်ပေးခြင်းသည် လွန်စွာ အန္တရာယ်များကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကပြောကြားသည်။ ဖုန်းအချက်အလက်မှတ်တမ်းများတွင် မည်သူ့ကို မည်သည့်နေရာတွင် မည်သည့်အချိန်က ခေါ်ယူသည်ဆိုသည့် အသေးစိတ်အချက်များပါကြောင်း မြန်မာနောင်း၏ ဖေါ်ပြချက်အရ သိရသည်။ ထိုသို့ရောင်းချလိုက်သောကြောင့် သုံးစွဲသူများ၏ အချက်အလက်များဖြင့် စစ်ကောင်စီသည် မြန်မာမှ လူတဦးချင်းစီ၏ အချက်အလက်များကို ယခင်ကထပ် ပိုမိုရရှိသွားမည်ဖြစ်သည်။
ဆီးရီးယား၊ ဆူဒန်နှင့် ယီမင်မှ အာဏာရှင်အစိုးရများနှင့် M1 ၏ စီးပွားရေးလုပ်ငန်းများကို ထောက်ပြပြီးနောက် အထက်ပါအဖွဲ့အစည်းများက ရေးသားသောစာတွင် “M1 အုပ်စုသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး လေးစားလိုက်နာမည့် အထောက်အထားများကို မိမိတို့ မတွေ့ရပေ” ဟုလည်း ရေးသားသည်။
“ထို့ကြောင့် မိမိတို့သည် တယ်လီနောမြန်မာကို M1 Global သို့ရောင်းချခြင်းကို ဖျက်သိမ်းရန် သို့မဟုတ် ရပ်ဆိုင်းရန်နှင့် ကုလသမဂ္ဂ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူဝါဒများ – UNGPs ကတောင်းဆိုသည့်အတိုင်း ယုံကြည်လက်ခံနိုင်ဖွယ်ရှိသော သက်ရောက်မှု အကဲဖြတ်ချက်ဖြစ်သည့် ပွင့်လင်းမြင်သာ လုံလောက်သော လုံ့လစိုက်ထုတ်မှု ပြုလုပ်ရန် မိမိတို့တောင်းဆိုသည်” ဟုလည်း ထိုစာတွင် ဆက်လက်ဖေါ်ပြထားသည်။
တယ်လီနောအုပ်စုက မြန်မာနိုင်ငံရှိ လုပ်ငန်းများကို M1 သို့ရောင်းချရန် စီစဉ်ခြင်းသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်ရေးအဖွဲ့ OECD ၏ တာဝန်သိသော စီးပွားရေးဆက်ဆံမှု စည်းမျဉ်းကို ချိုးဖေါက်ကြောင်း အကျိုးအမြတ်မယူသည့် ဒတ်ချ် အဖွဲ့အစည်းတခုက မြန်မာနိုင်ငံမှ လူမှုအခြေပြုအဖွဲ့အစည်းများ ကိုယ်စား တိုင်ကြားပြီးနောက် အထက်ပါစာကို ရေးသားခြင်းဖြစ်သည်။
တယ်လီနောဥက္ကဋ္ဌထံသို့ ရေးသားသောစာတွင် အဖွဲ့အစည်း ၄၅ ခုက Centre for Research on Multinational Corporations ၏ အထက်ပါတိုင်ကြားစာနှင့် ပတ်သက်ပြီး သတိပေးထားသည်။ ထိုတိုင်ကြားစာတွင် တယ်လီနောသည် ဖြစ်နိုင်ခြေရှိသည့် သင့်တင့်လျှောက်ပတ်သော လုံ့လစိုက်ထုတ်မှု ပြုလပ်ရန် ပျက်ကွက်သည်၊ မြန်မာနိုင်ငံမှ ၎င်း၏ ရောင်းချမှုကြောင့် ပေါ်ပေါက်လာသော ဖြစ်နိုင်ခြေရှိသည့် လူ့အခွင့်အရေးဆိုးကျိုးများကို တားဆီးရန် သို့မဟုတ် လျှော့ချရန် ပျက်ကွက်သည်၊ သက်ဆိုင်သူများနှင့် အဓိပ္ပါယ်ရှိသော ထိတွေ့ဆက်မှုလုပ်ရန် ပျက်ကွက်သည်၊ ရပ်ဆိုင်းရန် ဆုံးဖြတ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဖေါ်ပြထားသည်။
တယ်လီနောသည် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်ချိန်ကပင် အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများတွင် ပါဝင်သည်။ ၂၀၂၁ ခုနှစ် ပထမသုံးလပတ် ဘဏ္ဍာရေး အစီရင်ခံစာတွင် တယ်လီနော သုံးစွဲသူ ၁၈.၂ သန်းရှိကြောင်းဖေါ်ပြထားသည်။ တယ်လီနောက မြန်မာနိုင်ငံရှိလုပ်ငန်းကို M1 သို့ ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချသည်။ M1 အုပ်စုကို ဘီလီယံနာ မီကာတီ မိသားစုက ပိုင်သည်။ ထိုမိသားစုသည် အာဏာရှင်န်ိုင်ငံများနှင့် ဆက်ဆံခြင်း၊ အဂတိလိုက်စားမှုနှင့် အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့ခြင်းစသည့် မဖြေရှင်းရသေးသည့် စွပ်စွဲချက်သမိုင်းများ ရှိသည်။
“တယ်လီနောသည် မြန်မာမှ အတိုက်အခံများကို အန္တရာယ် ကျရောက်စေနိုင်သည်” ဟု အမည်ရှိသည့် နော်ဝေးမှ Dagens Næringsliv စီးပွားရေးသတင်းစာ ခေါင်းကြီးပိုင်းကလည်း တယ်လီနောမြန်မာကို M1 အုပ်စုသို့ရောင်းချခြင်းကို ဆိုင်းငံ့ထားရန် တောင်းဆိုသည်။
“တယ်လီနောမြန်မာ၏ဇာတ်လမ်းသည် နိုင်ငံတွင်းရှိ အတိုက်အခံများကို စစ်ကောင်စီ၏ ဖိနှိပ်ရေးယန္တရားက ခြေရာခံ ချေမှုန်းရာတွင် တယ်လီနောမှ အချက်အလက်များကို သုံးသည်ဆိုသည်မျှဖြင့် အဆုံးမသတ်နိုင်ပေ။ သုံးစွဲသူများ၏ အချက်အလက်များသည် ရောင်းချမှုတွင် ပါဝင်သည် ဆိုသည့်အချက် မှန်ကန်လျှင် ထိုလွှဲပြောင်းမှုကို လုပ်ငန်းတခုလုံးကို လွှဲပြောင်းပေးရမည် မပေးရမည်ကို အကဲဖြတ်ပြီးသည်အထိ ဆိုင်းငံ့ထားသင့်သည်။ ထိုသို့ မလုပ်ရန် ဖြစ်နိုင်ပါက ထိုအခွင့်အရေးကို သုံးရမည်” Dagens Næringsliv ကရေးသားသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း နောက်ထပ်နော်ဝေး သတင်းစာဖြစ်သော Aftenposten ကလည်း အယ်ဒီတာ အာဘော်တပုဒ်ရေးသားပြီး တယ်လီနောမြန်မာကို ရောင်းချခြင်းနှင့် ကြိုတင်ပြင်ဆင်မှု အတိအလင်းကင်းမဲ့နေခြင်းကို ရှုတ်ချကာ “တယ်လီနောသည် ၂၀၁၄ ခုနှစ်က ထိုဈေးကွက်သို့ ဝင်ရောက်စဉ်ကပင် ထိုစီမံကိန်းသည် အန္တရာယ်များသည့် စီမံကိန်းမှန်း သိသည်။ ထို့ကြောင့် ယခုကဲ့သို့သော အကျပ်အတည်းအတွက် ပိုမိုကောင်းစွာ ကြိုတင်ပြင်ဆင်ထားခဲ့ပုံ မရခြင်းမှာ ထူးဆန်းသည်” ဟု ရေးသားသည်။
တယ်လီနောမြန်မာကို ရောင်းချခြင်းနှင့်ပတ်သက်ပြီး နော်ဝေးပြည်တွင်းဝေဖန်မှုများသည် စက်တင်ဘာလ ၁၃ ရက်နေ့ ပါလီမန်ရွေးကောက်ပွဲများ နီးကပ်ချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် လက်ရှိ ဝန်ကြီးချုပ် အန်မာ ဆိုးလ်ဘတ်၏ ကွန်ဆာဗေးတစ်ပါတီက တတိယသက်တမ်း အနိုင်ရရန် ကြိုးစားနေသည်။ နော်ဝေးပါလီမန်ကို ဇွန်လ ၁၈ ရက်နေ့မှ စတင် ခေါ်ယူခြင်း မရှိသောကြောင့် တယ်လီနောသည် မြန်မာလုပ်ငန်း ရောင်းချမှုအတွက် ပါလီမန်၏ စုံစမ်းစစ်ဆေးမှုမှ လွတ်မြောက်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Scores of Rights, Media Groups Urge Telenor to Halt Sale of Myanmar Business ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ
တယ်လီနောမြန်မာက သုံးစွဲသူများ၏ အချက်အလက်များ လက်လွှဲရောင်းချမှု ကန့်ကွက်ခံနေရ
မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ