မကွေး လေတပ်စခန်း ဌာနချုပ်အတွင်း ပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် လေယာဉ်တချို့ ဗုံးစထိမှန်ခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောသည်။
၎င်းက “လေယာဉ်ကွင်း မြောက်ဘက်ထိပ်နဲ့ အနောက်ဘက် နေရာတွေမှာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့တယ်။ လေယာဉ် ထားတဲ့ သိုလှောင်ရုံတချို့ အစထိမှန်တာ ရှိတယ်။ လေယာဉ်တချို့လည်း အစထိမှန်တာ ရှိခဲ့တယ်။ ပေါက်ကွဲမှု ဖြစ်စဉ် ကတော့ စိစစ်နေဆဲ ဖြစ်တယ်” ဟု ဆိုသည်။
လေတပ်စခန်း ပေါက်ကွဲမှု ဖြစ်စဉ်မှာ ဩဂုတ် ၈ ရက်နေ့ နံနက် ၄ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မကွေးမြို့ ဒေသခံ အချို့က လေယာဉ် ၃ စီးခန့် ပျက်စီးသွားသည်ဟူသော ပြောကြားမှုများ ရှိသော်လည်း ထိခိုက်ပျက်စီးမှု အခြေအနေနှင့် ထိ မှန်ခဲ့သည့် လေယာဉ် အစီးရေအား စစ်ကောင်စီဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ဒေသခံတဦး၏ ပြောကြားချက်အရ ပေါက်ကွဲသံ ၂ ချက် ကြားရကြောင်းနှင့် လေတပ်အတွင်းမှာလည်း ပေ ၅၀ ပတ်လည် ခန့် ကွက်လပ်ကြီး ဖြစ်ကျန်ခဲ့ကြောင်း ပြောဆိုသည်။
၎င်းက “ပထမ တချက်က သိပ်မကျယ်ဘူး။ ဒုတိယ တချက်ကတော့ ကိုယ့်ရွာထဲ ကျတယ်လို့ကို ထင်လိုက်တာ။ ငလျင် လှုပ်သလို မျိုးကို ဖြစ်သွားတာ အကုန်လုံးလည်း နိုးလာကြတာပေါ့။ ပေါက်ကွဲမှုကြောင့် လူတော့ ထိခိုက်မှု မရှိဘူးလို့ ကြားသိရတယ်” ဟု ပြောသည်။
ထိုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ဩဂုတ် ၁၀ ရက်နေ့တွင် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်သည် မကွေး လေတပ်စခန်းဌာနချုပ်သို့ သွားရောက်ခဲ့ပြီး လေယာဉ်နှင့် လေယာဉ်ရုံးများအား စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာများတွင် ဖော်ပြခဲ့သည်။
အဆိုပါ မကွေးလေတပ်စခန်း ပေါက်ကွဲမှုမှာ မဟာမိတ်တပ်ပေါင်းနှင့် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းကာ ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃၃ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် သွေးမအေးကြောင်း ပြ သသည့် အနေဖြင့် လေတပ်စခန်း လက်နက်သိုလှောင်ရုံအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းပူးပေါင်းအဖွဲ့များက ဩဂုတ် ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့ နံနက်အစောပိုင်းကလည်း မကွေး လေတပ်စခန်း ဌာနချုပ်အား ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပြီး လေတပ်စခန်းအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲကာ အဆောက်အဦတချို့ ထိခိုက်မှု ရှိခဲ့ ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
နိုင်ငံရေးအကျဉ်းသား အပေါ် ကိုဗစ်ရောဂါ သုံး၍ ဖိနှိပ်နေဟု NUG ဝေဖန်
ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ