အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးစဉ် တိုက်ပေါ်က ခုန်ချခဲ့သည့်အတွက် ဒဏ်ရာများနှင့် ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးအား တပတ်ကြာသည်အထိ မိသားစုနှင့် တွေ့ဆုံခွင့်မပေးသေးကြောင်း မိသားစုဝင် အချို့က ပြောသည်။
မိသားစုဝင်တဦးက “ဆေးရုံမှာ ရှိတယ်ဆိုတာပဲ သိရတယ်၊ မောင်ဖြူ၊ မောင်နီ မေးလို့မရဘူး၊ ဖြေခွင့် မရှိဘူးလို့ဘဲ ပိတ်ပြောတယ်၊ တွေ့ခွင့်လည်း မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဒဏ်ရာများဖြင့် အဖမ်းခံရသည့် ကိုရဲမင်းဦး၊ ကိုဝေယံထက်နှင့် ကိုမင်းသစ္စာအောင်တို့အား မင်္ဂလာဒုံရှိ စစ်ဆေးရုံတွင် ကုသလျက်ရှိကြောင်းသာ သိရပြီး ဦးခေါင်းနှင့် ခြေ၊ လက်ကျိုးသည့် ဒဏ်ရာများရရှိထားကြောင်း ကြား သိရသော်လည်း မည်သူက မည်သည့်ဒဏ်ရာရရှိထားသည်ကိုပင် သေချာစွာ မသိရသေးကြောင်းလည်း မိသားစု ဝင်များက ပြောသည်။
မိသားစုဝင်တဦးက “ကျနော့်သား ဘာဖြစ်သွားတယ်ဆိုတာတောင် အဖြေက အမျိုးမျိုး ထွက်နေတယ်၊ ခေါင်းထိသွားတဲ့သူတယောက်ဟာ ၅၀/ ၅၀ ပဲ၊ ရှင်ရင် ကိုမာ ဖြစ်မယ်၊ မဟုတ်ရင် သေမယ်။ တော်လှန်ရေး ဆိုတာ ဒါပါပဲ။ ပေးဆပ်ခြင်း သပ်သပ်ပါ” ဟု ပြောသည်။
ဒဏ်ရာရထားသည့် ကျောင်းသားလူငယ်များအား စစ်ဆေးရုံများတွင် ကုသနေသည်ဟု စစ်ကောင်စီက ပြောကြားထား သော်လည်း မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးဘဲ သတင်းများ ဖုံးကွယ်ထားမှုအပေါ် မေးခွန်းထုတ်ရမည်ဖြစ်ပြီး လုံလောက်သည့် ဆေးကုသမှုနှင့် မိသားစုဝင်များအား အမြန်ဆုံးတွေ့ဆုံခွင့်ပေးရန် တောင်းဆိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
၎င်းက “ဒဏ်ရာလဲ ရထားတယ်၊ စစ်ဆေးရုံလဲ တင်ထားတယ်။ သူတို့ထိန်းချုပ်မှု အောက်ရောက်နေပြီပဲ။ သားသမီးချင်း ကိုယ်ချင်းစာတရားနဲ့ မိသားစုနဲ့ တွေ့ခွင့်ပေးသင့်တယ်။ အခုလို တွေ့ခွင့်မပေးတာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဒီလိုဖုံးကွယ်နေတာကလည်း မရိုးသားဘူးလို့ သုံးသပ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ နေအိမ်တိုက်ခန်းတခုအား စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ဝင်ရောက် ဖမ်းဆီးစဉ် ကိုရဲမင်းဦး၊ ကိုဝေယံထက်၊ မဝေဝေမြင့်၊ ကိုဝေဇော်ဖြိုး၊ ကိုမင်းသစ္စာအောင် ဆိုသူတို့ တိုက်နောက်ဖေးလမ်းကြားသို့ ခုန်ချခဲ့ပြီး မဝေဝေမြင့်နှင့် ကိုဝေဇော်ဖြိုးတို့နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ပြောသည်။
အဆိုပါဖြစ်စဉ်တွင် တိုက်ပေါ်မှ ခုန်ချသူ ၅ ဦးအပြင် ကိုကောင်းမင်းသန့် ဆိုသူမှာလည်း ပစ်သတ်ခံခဲ့ရကြောင်း မျက် မြင်တွေ့ရှိသူ အချို့က ပြောကြားခဲ့သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ကိုကောင်းမင်းသန့်နှင့် ပတ် သက်သည့် အချက်များအား ဖော်ပြခဲ့ခြင်း မရှိပေ။
ယင်းသို့ဝင်ရောက်ဖမ်းဆီးမှုကြောင့် တိုက်ပေါ်မှ ခုန်ချခဲ့သူများထဲမှ ဒဏ်ရာဖြင့် လဲကျနေသူများကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ထပ်မံရိုက်နှက်ခဲ့သေးကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ပြောကြသည်။
စစ်ကောင်စီအနေဖြင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား စစ်ဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် ရုပ် အလောင်းများအား မိသားစုဝင်များထံ ပြန်လည် သယ်ဆောင်ခွင့်မပေးခဲ့ဘဲ ၎င်းတို့ အစီအစဉ်ဖြင့်သာ သင်္ဂြိုဟ်ခဲ့ပြီး မျက်နှာကိုသာ ကြည့်ရှုခွင့်ရခဲ့ကြောင်း မဝေဝေမြင့်၏ ခင်ပွန်းဖြစ်သူက ပြောထားသည်။
အဆိုပါ ဖမ်းဆီးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖမ်းဆီးခံခြင်း မရှိဘဲ တိုက်ခန်း ၃ လွှာရှိ တိုက်အနောက်ဘက် ပြတင်းပေါက်မှ ခုန်ချခဲ့ခြင်းကြောင့် ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည့်အတွက် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ ဝင်ရောက်ဖမ်းဆီးစဉ်မှာလည်း ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်၊ မပိုးကျော်ကျော်ခန့်တို့ ၃ ဦးကိုလည်း လက်လုပ်ဗုံး ၁၆ လုံး၊ ယမ်းပျော့နှင့် ဗျောက်အိုးများအပါအဝင် ဖောက်ခွဲရေးသုံး ပစ္စည်းများလည်း ဖမ်းမိခဲ့ကြောင်း လည်း စစ်ကောင်စီက ဖော်ပြခဲ့သည်။
စစ်ကောင်စီအနေဖြင့် ဖမ်းမိထားသည့် မပိုးကျော်ကျော်ခန့်တို့၏ ပြောကြားချက်များအား ၎င်းတို့လက်အောက်ခံ မီဒီယာများတွင် ထုတ်လွှင့်ခဲ့သော်လည်း သေဆုံးခဲ့သူများနှင့် ဒဏ်ရာဖြင့် ဖမ်းဆီးထားသူများ၏ သတင်းများအား တိကျစွာထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် သတင်းများ မထွက်ပေါ်စေရန်လည်း ဖိအားပေးမှုများရှိနေကြောင်း သိရသည်။
You may also like these stories:
ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး
အာဏာသိမ်း စစ်တပ်ကြောင့် ဝိုင်းမော်တွင် ဒေသခံ ရာနှင့်ချီ ထွက်ပြေးနေရ
၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ