စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်သည့် ဆရာမအချို့နှင့် ဒေသခံ အချို့ကို သံသယဖြင့် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံ အချို့ထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၁၅ ရက် ကလေး − ဂန့်ဂေါလမ်းအနီးရှိ စည်သာရွာနှင့် ကလေးမြို့ မြောက်ဘက်ရှိ ရာဇဂြိုလ်ရွာတို့တွင် ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခြင်း ဖြစ်ပြီး ရာဇဂြိုလ်ရွာသား ကိုဝေယံအောင်၊ ဦးဝင်းမြင့် စိုး၊ ကိုအဲဌေး နှင့် အခြား အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးသွား ကြောင်း သိရသည်။
“တရွာလုံးကို ပိုက်စိပ်တိုက်ပြီး တအိမ်တက်ဆင်းဖမ်းတာ။ အဲဒီရွာမှာ ၄ လပိုင်းတုန်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရလို့ သေသွားတာရှိတယ်။ ရွာသားတွေကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယနဲ့ ဖမ်းတာပါ” ဟု ကလေးမြို့ ဒေသခံ တဦးက ဆိုသည်။
အလားတူ ယင်းနေ့မှာပင် ကလေး − ဂန့်ဂေါလမ်းအနီးရှိ စည်သာရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်အချို့ကို မွှေနှောက်ရှာဖွေပြီး ရွာသားအချို့ကို ဖမ်းဆီးခဲ့သော်လည်း ခြိမ်းခြောက်ပြောဆိုပြီးနောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“သူတို့က ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ထားတဲ့ ရွာနဲ့ နီးတယ်လေ။ ချောင်းခွ၊ နတ်ချောင်း တို့မှာ အရင်က တိုက်ပွဲဖြစ်ထားတာရှိတယ်။ ကလေး − ဂန့်ဂေါလမ်း တလျှောက် ကားလမ်းဘေးမှာရှိတဲ့ ရွာတွေပေါ့။ ရွာနားမှာ မိုင်းပေါက်တာတွေဖြစ်တယ်ပေါ့။ နောက်တခါမိုင်းပေါက်တာဖြစ်ရင် ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ စည်သာက ဒေသခံတွေက ပြောတယ်” ဟု ကလေးမြို့ ခံ တဦးက ပြောပြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ကလေးမြို့ရှိ ပေါ်စမ်းမြို့ရပ်ကွက်တွင် လူထုအာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၌ ပါဝင်သော ဆရာမ ၃ ဦးကို စစ်ကောင်စီဘက်က လာရောက်ဖမ်းခြင်းလည်း ရှိကြောင်း ဖမ်းဆီးခံ ဆရာမတဦးနှင့် အမျိုးတော်သူတဦးကပြောသည်။
ဖမ်းဆီးခံထားရသည့် ဆရာမ ၃ ဦးမှာ ဒေါ်သန်းသန်းစိုး၊ ဒေါ်ပုန်ခမ့်ကျိမ်နှင့် ဒေါ်ဟန်နီမီမီ တို့ဖြစ်ပြီး ဆရာမ ၃ ဦးသည် ဒေါ်ပုန်ခမ့်ကျိမ်၏ နေအိမ်တွင် မုန့်စားနေစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နေ့လည်လောက်ဖမ်းသွားတာ။ ဆရာမတွေကို ရိုက်နှက်တာတော့မရှိဘူး။ အခုက သူတို့ကို ကလေးမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရတယ်။ သူတို့ကို သတင်းအမှားတွေပေးပြီး သံသယနဲ့ဖမ်းတယ်လို့ယူဆတယ်” ဟု ဆရာမတဦးနှင့် အမျိုးတော်သူတဦးက မှတ်ချက်ပေးသည်။
စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင်မူ ဩဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ကလေးမြို့နယ် ဆည်တော်ရွာနှင့် ကြာအင်းရွာအကြားရှိ သစ်သားတံတားကို မိုင်းထောင်ဖောက်ခွဲမှုများရှိကြောင်း ၊ တံတားကို မီးငြိမ်းသတ်ပြီး ပြန်လာသည့် မီးသတ်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်သည်များ ရှိကြောင်း ဖော်ပြသော်လည်း ဒေသခံများ ဖမ်းဆီးခံရသည့် အခြေအနေကို တစုံတရာထုတ်ပြန်ခြင်း မရှိပေ။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့အဝင်အထွက်နေရာများ၌ စစ်ဆေးရေး ဂိတ်များ ချထားကာ ခရီးသွား ကားနှင့် မော်တော်ဆိုင်ကယ်များကို ရပ်တန့်ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်။
မြို့ထဲတွင်လည်း စစ်ကား ၄ စီးခန့်ဖြင့် မကြာခဏ ကင်းလှည့်နေမှုများရှိနေသဖြင့် ဒေသခံပြည်သူများ စိုးရိမ် ထိတ်လန့်နေရကြောင်း ကလေးမြို့ခံအချို့က ဆိုသည်။
ကလေးမြို့နယ်ကာကွယ်ရေးတပ် (RKDF) ကလည်း ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ် လှုပ်ရှားမှုများ ရှိနေပြီး မည်သည့်နေရာတွင် မည်သည့်ကိစ္စဖြစ်မည်ကို မခန့်မှန်းနိုင်သဖြင့် လူထုအနေနှင့် စစ်ကောင်စီတပ် စခန်းချရာနေရာများအား ရှောင်ရှားသွားလာကြရန် ကြေညာချက်ထုတ်ထားသည်။
You may also like these stories:
ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ