ချင်းပြည်နယ်တောင်းပိုင်၊ မင်းတပ်မြို့နယ်တွင် မင်းတပ် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Mindat- CDF) အား အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်နှင့် စစ်သည်အင်အားများ အသုံး၍ ဖိတိုက်ခိုက်နေကြောင်း CDF ထံမှ သိရသည်။
မင်းတပ်- မတူပီလမ်း မိုင်တိုင် ၂၀ အနီးနှင့် မင်းတပ်-ပခုက္ကူ လမ်းပိုင်းတို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း Mindat- CDF ကဆိုသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက“သူတို့ဘက်က မိုင်တိုင် ၁၂ (မင်းတပ်- မတူပီ) ကို မကျော်ဘူးလို့ ပြောထားပြီးမှ အခုက အဲဒါတွေကို ကျော်လာပြီး နယ် မြေရှင်းလင်းရေး သဘောမျိုး လုပ်လာလို့ ၁၃ မိုင်လောက်မှာ တိုက်ပွဲတွေ စဖြစ်တယ်။ အခု တဖြည်းဖြည်း မိုင် ၂၀ နားမှာ တိုက်ပွဲဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်ဘက်က အင်အား ၁၅၀ ခန့်ဖြင့် ချီတက်လာခြင်းဖြစ်သလို ယခင်ကထက် လက်နက်ကြီးအမြောက်အများ အသုံးပြုပြီး တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲကို အချိန်ကြာကြာ အဖြစ်မခံဘဲ နောက်ဆုတ်ပေးနေရကြောင်း ၎င်းက ဆို သည်။
စစ်ကောင်စီတပ်ဘက်မှ ၄၀ မမ၊ ၆၀ မမ နှင့် ပခုံးထမ်းလောင်ချာအမျိုး အာပီဂျီ (RPG) များ အသုံးပြု တိုက်ခိုင်ခြင်းဖြစ်ပြီး မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) မှ အကျအဆုံး မရှိသော်လည်း လက်နက်ကြီး ထိမှန်၍ ဒဏ်ရာ ရရှိသူများရှိကြောင်း သိရသည်။
မင်းတပ် CDF မှ တာဝန်ရှိသူတဦးက “ဘယ်တပ်ရင်း၊ တပ်မတွေလည်းတော့ ကျနော်တို့ မသိရတော့ဘူး။ စကစ ဘက်က အခုနောက်ပိုင်း ထိုးစစ်ဆင်လာရင် ဘောင်းဘီတိုတွေ အားကစားအင်္ကျီတွေနဲ့ပဲ လာတာ။ တယောက်၊ နှစ်ယောက် လောက်ပဲ စစ်ဝတ်စုံ ဝတ်လာတော့တယ်။ အများစုက ပခုက္ကူလမ်းဘက် တက်လာကြတာ များတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်များဘက်က ထိုးစစ်ဆင်လာသည့်အတွက် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက် (စနေ့) မှ ဩဂုတ်လ ၁၆ ရက်နေ့ အထိ သုံးရက်တာ အတွင်း တိုက်ပွဲပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် နောက်ပိုင်းတွင် မင်းတပ်မြို့ အနီးပတ်ဝန်းကျင်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည် တည်ငြိမ်သွားခဲ့ကာ ယခုဩဂုတ်လ ဒုတိယအပတ်အတွင်း၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များက ထို့သို့ နယ်မြေရှင်းလင်းသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်လာနေသလို မင်းတပ်မြို့တွင်း၌လည်း လုံခြုံရေးတပ်ကြပ်ခြင်း၊ အင်အားဖြည့်တင်းခြင်းနှင့် ယခင်ကထက် အကြိမ်အရေတွက်များစွာ ကင်းလှည့်ခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
မင်းတပ်မြို့ ဒေသခံ ခရစ်ယာန်တရားဟော် ဆရာတော်တပါး က “တိုက်ပွဲတွေက အခုလည်း လက်နက်ကြီး အသံတွေကြားနေရတော့ ဘယ်အချိန် မြို့နားရောက်လာမလဲ ဆိုပြီးတော့ စိုးရိမ် ပူပန်စိတ်တွေက လူတိုင်းမှာ ရှိတယ်” ဟု ဧရာဝတီသို့ ပြော သည်။
လက်ရှိအချိန်အထိ တိုက်ပွဲများသံများ ကြားနေရသော်လည်း မင်းတပ်မြို့တွင်း၌မူ တည်ငြိမ်မှု ရှိနေသေးကြောင်း ၎င်းက ဆိုသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ တပ်များ ဖြတ်သန်းသွားလာသော လမ်းကြောင်းရှိ ယှက်၊ ရှစ်မွှေးနှင့် မွီတွီ အစရှိ ကျေးရွာများရှိ ဒေသခံရွာသား ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းတပ် CDF ထံက သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့ကြားတိုက်ပွဲများကြောင့် နေရပ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၅,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင်ထိရှိပြီး မြို့တွင်း၌ ပြန်လည်နေထိုင်သည့် လူဦးရေမှာ ၃,၀၀၀ မှ ၅,၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
You may also like these stories:
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ