ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးသွားသည့် အရပ်သားများကို လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် ရှေ့တန်းနယ်မြေများသို့ ခေါ်ဆောင်သွားကာ ချုပ်နှောင်ထားသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံထားရသူများသည် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တဦးနှင့် ၎င်း၏ ဖခင်၊ အမျိုးသမီးတဦးနှင့် အခြား အမျိုးသား ၂ ဦးတို့ ဖြစ်သည်။
၎င်းတို့ ၅ ဦးသည် သြဂုတ် ၁၄ ရက်က ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုကလို့ ကျေးရွာအနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့များသည် ဖမ်းဆီးသွားသည့် အရပ်သားများကို PDF နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း မသင်္ကာဖြစ်သည်ဟု ဆိုကာ ဖမ်းဆီးသွားသော်လည်း ရဲစခန်းသို့ အပ်နှံခြင်း မရှိဘဲ ၎င်းတို့ တပ်ဖွဲ့ တရွာဝင်တရွာထွက် စစ်ကြောင်းသွားရာ ရှေ့တန်းနယ်မြေများသို့ ချုပ်နှောင်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသူများထဲမှ အသက် ၁၅ နှစ်အရွယ်ကလေး၏ ဦးလေးတော်စပ်သူ တဦးက “သူတို့က အရပ်သား စစ်စစ်တွေဆိုတာ ကျနော် ရာနှုန်းပြည့် အာမခံတယ်။ ကျနော့် ယောက်ဖက အသက် ၅၀ ကျော်ပြီ။ အငယ်ဆုံးကလေး ကတောင် ၁ နှစ်ကျော်ပဲရှိတယ်။ ထီးဖို့ကလိုမှာပဲ လယ်ယာလုပ်ငန်းတွေ လုပ်သူဖြစ်တယ်။ ကျနော့် တူလေး ၁၅ နှစ်ကလည်း ကျန်းမာရေး မကောင်းတဲ့သူပါ။ အိမ်မှာ သူက အချူချာဆုံး ဖြစ်ပါတယ်။ သူဆင်းလာတဲ့ ရက်မှာလည်း အကျီပါးပါးလေးနဲ့ ဆင်းလာပြီး ဖမ်းခံလိုက်ရတာပါ” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် အသက် ၁၅ နှစ်အရွယ် ကလေးသည် မွေးရာပါ နှုတ်ခမ်းကွဲရောဂါရှိသဖြင့် ခွဲစိတ်ထားရသူတဦး ဖြစ်ပြီး လက်ရှိတွင် အနာ မကျက်သေးကြောင်း၊ ပန်းနာရင်ကြပ်ရောဂါ ရှိသဖြင့် ရာသီဥတု အေးပါက အသက်ရှုရ ခက်ခဲသူတဦးလည်း ဖြစ်သည်ဟု အဆိုပါ မိသားစုဝင်က ပြောသည်။
ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုကလို့ ကျေးရွာအနီးတွင် သြဂုတ် ၁၃ ရက်က စစ်ကောင်စီ တပ်ဖွဲ့များနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) ၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့- ဒီးမော့ဆို (PDF) တို့ကြား စစ်ရေး တင်းမာမှု စတင်ခဲ့ရာ ထီးဖိုကလို့ ကျေးရွာအုပ်စုအ တွင်းရှိ ရွာ ၆ ရွာမှ ဒေသခံ ၂၀၀၀ ခန့်သည် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
အချို့ ဒေသခံများသည် သြဂုတ် ၁၄ ရက်တွင် မိမိနေရပ်ရင်းသို့ ပြန်လာပြီး နေအိမ်တွင်း ကျန်နေခဲ့သည့် ပစ္စည်းများ၊ ဆန်နှင့် စားနပ်ရိ က္ခာများ သယ်ယူရန် လာကြရာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
စစ်ကောင်စီက ဖမ်းဆီးထားသည့် ၅ ဦးထဲတွင် အသက် ၁၅ နှစ်အရွယ်ကလေးနှင့် ၎င်း၏ ဖခင်၊ အခြားအမျိုးသား ၁ ဦးတို့သည် စစ်ဘေး ရှောင်ဒုက္ခသည်များ ဖြစ်ပြီး ရွာသို့ ပြန်လာရာလမ်းတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
၎င်းတို့နှင့် အတူ ဖမ်းဆီးခံထားရသည့် အခြား အမျိုးသမီးတဦးနှင့် အမျိုးသားတဦးသည် သီးခြားစီ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းများကို စစ်ဆေးရာတွင် PDF ကို ထောက်ခံခြင်း၊ PDF နှင့် ဆက်စပ်မှု ရှိသည်ဟု သံသယရှိခြင်း တို့ကြောင့် ဖမ်းဆီး ခံရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့များက အဆိုပါ အရပ်သား ၅ ဦးလုံးကို ဖမ်းဆီးပြီး ၎င်းတို့ စစ်ကြောင်းနှင့် အတူ တရွာဝင်တရွာထွက် ခေါ်ဆောင်သွား ရာ စစ်ကြောင်းဖြတ်သန်းသွားသည့် ကျေးရွာများမှ ဒေသခံများက မျက်မြင်တွေ့ရှိသည်ကို ကရင်နီ အရပ်ဘက် အဖွဲ့အစည်းများ၊ မိသားစု ဝင်များကို ပြန်ပြောပြခြင်း ဖြစ်သည်။
ယနေ့ သြဂုတ် ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် ဒီးမော့ဆိုမြို့နှင့် ၁၀ မိုင်ကျော်ဝေးသည့် ထီးဖျားရွာ၏အပြင်တွင် ဖမ်းဆီးခံထားရသည့် ၅ ဦး ကို ကြိုးများ တုတ်နှောင်လျက် ထားရှိကြောင်းကို မျက်မြင်တွေ့သည့် ဒေသခံများထံမှ တဆင့် မိသားစုက သိရှိရခြင်း ဖြစ်သည်။
အသက် ၁၅ နှစ် အရွယ်ကလေး၏ ဦးလေးတော်စပ်သူက “စားဖို့ သောက်ဖို့ ဆန်ရဖို့ စစ်ဘေးရှောင်နေရင်းကနေ အိမ်ကို ပြန်ပြေးကြည့် ရာကနေ ဒီလို ဖမ်းခံရတာပါ။ ပိုဆိုးတာက ဖမ်းဆီးတဲ့အပြင် ကြိုးနဲ့တုပ်ပြီး ထားထားတယ်။ တချို့ ရွာခံတွေက စကားသွားပြောတော့ သိ ရတာက စစ်တပ်တွေက သူတို့ မြို့ပေါ်ကို ပြန်ရောက်ရင် အဲဒီကလေးကို အဲဒီ လူတွေကို ပြန်လွှတ်မယ်လို့ ပြောတယ်။ ဆိုလိုရင်းက တိုက်ပွဲတွင်းမှာ လူသား တံတိုင်းလို ဟိုဘက်က KA နဲ့ KNDF မပစ်ရဲအောင် ဖမ်းသွားတယ်လို့ အဓိပ္ပာယ်ပေါက်နေပါတယ်” ဟု ပြော သည်။
ဆက်လက်ပြီး ၎င်းက အရပ်သားများကို ရှေ့တန်း စစ်မျက်နှာပြင်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း မပြုဘဲ ပြန်လွှတ်ပေး စေလိုသည်ဟု လည်း ဆိုသည်။
စစ်ကောင်စီ၏ စစ်သည်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များထဲတွင် ရှေ့တန်းစစ်မျက်နှာပြင်၌ အရပ်သားများ၏ အသက်အန္တရာယ် ကို ခြိမ်းခြောက်ခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း မပြုလုပ်ရကြောင်း ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံက လိုက်နာကျင့်သုံးရန် သဘောတူ လက်မှတ်ရေးထိုးထားသည့် ဂျနီဗာ ကွန်ဗန်းရှင်း၏ ပြဋ္ဌာန်းချက် အမှတ် ၁၃ နှင့် ၃၂ တွင်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေအတွင်း လက်နက်ကိုင်ထားသည့် စစ်သားများသည် နိုင်ငံရေး အယူအ ဆကွဲပြားခြင်း၊ ဘာသာရေး၊ လူမျိုး၊ လိင်ကွဲပြားစွာ ခံယူခြင်းတို့ကြောင့် ခွဲခြား ဆက်ဆံခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းများကို မလုပ်ဘဲ အရပ်သားများကို အကာအကွယ် ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
ပြဋ္ဌာန်းချက်အမှတ် ၁၃၂ တွင်လည်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ကလေးငယ်များရှိသည့် မိခင်များ၊ ဒဏ်ရာရရှိ ထားသူများကို နိုင်ငံရေးအရ ဖမ်းဆီးထားပါကလည်း ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြန်လွှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
ဂျနီဗာကွန်ဗန်းရှင်း၏ သုံ့ပန်းဆိုင်ရာ ပြဋ္ဌာန်းချက်များထဲတွင်လည်း မိမိနှင့် တိုက်ခိုက်နေသည့် ရန်သူပင်ဖြစ်စေ၊ တိုက်ခိုက်နိုင်ခြင်း မရှိဟု ဆိုကာ လက်နက်ချခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဆက်လက် မတိုက်ခိုက်နိုင်တော့ခြင်း၊ ဖမ်းမိခြင်း စသည့်သူများကို လူ့ဂုဏ် သိက္ခာနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့ တရားစီရင်ခြင်း မပြုလုပ်ရကြောင်း ပါရှိသည်။
တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတဦးက “မသင်္ကာလို့ ဖမ်းဟယ်ဆီးဟယ်ဆိုရင် ဒါ ရဲတပ်ဖွဲ့လက်ကို အပ်ပြီး အမှုဖွင့်တန်သည် ဖွင့်၊ စစ်ချက်ယူသည် ယူ လုပ်ဆောင်ရမှာပေါ့။ ဒီလို ကလေးငယ်အပါအဝင် အရပ်သားတွေကို စစ်တိုက်နေတဲ့နေရာမှာ သွားလေရာ ကြိုး တုပ်ခေါ်သွားတာကတော့ ဥပဒေနဲ့ မညီညွတ်သလို ဒီလိုလုပ်ပိုင်ခွင့်လည်း သူတို့မှာ မရှိပါဘူး။ ဒါပေမယ့်လည်း ဒီနိုင်ငံမှာက ကမာ္ဘပျက် နေတော့ လုပ်ချင်ရာလုပ်နေတဲ့ အတိုင်းအတာမှာ ဥပဒေဆိုတာလည်း ပျောက်နေပြီ” ဟု ပြောသည်။
စစ်ကောင်စီ၏ တပ်ဖွဲ့များအနေဖြင့် စစ်သည်တော်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များအပြင် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များ၊ ဂျနီဗာကွန်ဗန်းရှင်းပါ ပြဋ္ဌာန်းချက်များ ကိုလည်း လေးစားလိုက်နာရန် လိုအပ်သည်ဟု အဆိုပါ ရှေ့နေ အမျိုးသမီးက ပြောသည်။
စစ်ကောင်စီသည် သြဂုတ် ၁၄ ရက်က လွိုင်ကော်မြို့၌ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေသည့် အမျိုးသမီးတဦးကို ဝင်ရောက်ဖမ်းဆီး ရာ အဆိုပါ အမျိုးသမီးကို မတွေ့သဖြင့် ၎င်း၏ မိခင်၊ မောင်တော်စပ်သူနှင့် အခြား ပရဟိတ လုပ်ကိုင်သူ လူငယ် ၃ ဦးတို့ကို ဖမ်းဆီး သွားခဲ့သည်။
ဧရာဝတီမှ အဆိုပါ အမျိုးသမီး၏ ဆွေမျိုးများ၊ မိတ်ဆွေများကို မေးမြန်းရန် ဆက်သွယ်သော်လည်း လုံခြုံရေးအရ ဖြေဆိုခြင်း မပြုလုပ်လို ကြောင်း ငြင်းဆိုကြသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဘက်ခြမ်းတကြောတွင် စစ်ကောင်စီနှင့် KA၊ KNDF၊ PDF တို့ကြား စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။
သြဂုတ် ၁၃ ရက် ညမှစ၍ ထွက်ပြေးခဲ့ကြသည့် ထီးဖိုကလို့ ကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ၂၀၀၀ ခန့်သည်လည်း ၎င်းတို့ နေရပ် ရင်းရွာနှင့် ၅ မိုင်ကျော် ဝေးသည့် နေရာတွင် ထွက်ပြေး တိမ်းရှောင်နေကြဆဲ ဖြစ်သည်။
အဆိုပါ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂၀၀၀ ခန့်ကို လိုက်ပါ ကူညီပေးနေသည့် ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတခုမှ အမျိုးသမီး တဦးက “ရွာလုံးကျွတ် အကုန်ပြေးရပါတယ်။ ကျမကိုယ်တိုင်လည်း ပြေးလာရတာပါ။ အခု ရောက်နေတဲ့နေရာမှာက ရေအခက်အခဲ ရှိတယ်။ ဒီမှာ ယားနာတွေ စဖြစ်နေကြပြီ။ စားရေးသောက်ရေးက ကိုယ်ထူကိုယ်ထပါပဲ။ ကိုယ့်ဆန်ကိုယ်သယ်၊ ငါးပိငါးခြောက်နဲ့ ခြံထဲက ထွက်တဲ့ အသီးအနှံတွေကိုပဲ သယ်ပြီး ပြေးနေရတာပါ” ဟု ပြောသည်။
စစ်ရှောင်ဒုက္ခသည်ဦးရေ ၂၀၀၀ သည် သောက်သုံးရေ အခက်အခဲ ဖြစ်နေသဖြင့် မိုးရေကို သိုလှောင်ကာ သောက်သုံးရေအဖြစ် သုံးစွဲ နေရသော်လည်း လောက်ငခြင်း မရှိဟု အဆိုပါ အမျိုးသမီးက ပြောသည်။
နှစ်ဖက် လက်နက်ကိုင်တပ်ဖွဲ့များကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သဖြင့် နေရပ်ရင်းကျေးရွာဘက်သို့လည်း စစ်ဘေးရှောင် ဒုက္ခသည်များ က ပြန်နိုင်မည့် အခြေအနေ မရှိသေးဟုလည်း ၎င်းက ဆိုသည်။
ဒီးမော့ဆိုသည် ကယားပြည်နယ်တွင်း အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်၍ ပြန်လည်တိုက်ခိုက်မည်ဟူ၍ ကြွေးကြော်ကာ ဖွဲ့ စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပထမဆုံး စစ်မျက်နှာစဖွင့်၍ မြို့ပေါ်တိုက်ပွဲဆင်နွဲခဲ့သည့် မြို့နယ်ဖြစ်သည်။
ဒီးမော့ဆိုမြို့နယ်တွင် မေလနှောင်းပိုင်းမှစ၍ မြို့ပေါ်တိုက်ပွဲများ စဖြစ်ရာ လွိုင်ကော်မြို့နယ်ဘက်ထိ တိုက်ခိုက်မှုများ ကျယ်ပြန့်သွားပြီး လွိုင်ကော်၏ တဖက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အထိပါ PDF တပ်ဖွဲ့များက တပြိုင်တည်း လှုပ်ရှား၍ စစ်ကောင်စီ၏ စစ် ကြောင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြသည်။
မေလမှစ၍ တိုက်ပွဲဖြစ်သည့် နယ်မြေများအတွင်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရရာ ဒီးမော့ဆိုမြို့နယ်သည် အရပ်သား အများဆုံး ထွက်ပြေးရသည့် မြို့နယ် ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် ဆေးဝါးအထောက်အပံ့များနှင့် ဆေးပညာ သင်တန်းများပေး ကာ ကူညီနေသည့် Free Burma Ranger ၏ စာရင်းအရ မေလနှင့် ဇွန်လတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အပါအဝင် ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ တသိန်းကျော် ရှိရာ ထိုထဲမှ စစ်ဘေးရှောင်ဒု က္ခသည်ဦးရေ ၆၅၀၀၀ ကျော်သည် ဒီးမော့ဆိုမြို့နယ်ထဲမှ ဒေသခံများ ဖြစ်သည်။
တိုက်ပွဲဖြစ်နေစဉ် ကာလအတွင်း၌လည်း စစ်ကောင်စီက ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက်ဖြစ်သည့် ဒေါ့ငံခါး ရပ်ကွက်နှင့် ပြည်ထောင်စုလမ်း မကြီးနံဘေးရှိ နေအိမ်အလုံး ၂၀ ခန့်ကို မီးရှို့ခြင်း၊ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ဇွန်လလယ်ပိုင်းတွင် စစ်ကောင်စီနှင့် ဒီးမော့ဆို PDF ကြား အပစ်ရပ်ရာ ဒီးမော့ဆိုမြို့နယ်တွင်း အရပ်သားအချို့ နေရပ် ပြန်လာကြရာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ငွေတောင်ကျေးရွာတွင် နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်း ခံထားရသည်ကို တွေ့ခဲ့ကြရသည်။
ထို့ပြင် ဒေါ့ငံခါးရပ်ကွက်နှင့် ငွေတောင်ကျေးရွာတွင်း အမည်မသိ အလောင်း ၁၂ လောင်း တွေ့ရှိသဖြင့် ဒေသခံများ၊ ပရဟိတ လုပ်ကိုင်သည့် ဆရာတော်များ ပူးပေါင်းကာ သဂြိုဟ်ပေးခဲ့ရသည်။
အလောင်းများသည် ပုပ်ပွနေသဖြင့် မည်သူမှန်း မသိရသော်လည်း ထိုထဲမှ အချို့အလောင်းများသည် လက်ပြန်ကြိုးတုပ်ထားသည့် အနေအထားဖြင့် သေဆုံးနေသည့် အလောင်းများလည်း ပါဝင်သည်။
You may also like these stories:
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ
ပန်ဆိုင်းနှင့်မုံးကိုး တိုက်ပွဲများကြောင့် အရပ်သားရာချီ ထွက်ပြေးနေရ
စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော
ကယားပြည်နယ်တွင် KA ၊ KNDF တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာ